Tuesday, January 29, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ် ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

 နေပြည်တော် ဇန်နဝါရီ ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nguyen Quoc Dung အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများနှင့် စစ်ဘက်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ တပ်မတော်အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက် ရှိသကဲ့သို့ ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကိုလည်း ဆောင်ရွက်နေမှု၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော် ၏ထုတ်ပြန်ချက်အပေါ် ဗီယက်နမ်နိုင်ငံမှ ထောက်ခံကြိုဆိုမှုတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်
ထို့နောက် မွန်းလွဲပိုင်းတွင် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ (က) အဆင့် ဗိုလ်လုပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စခန်းမှူးရုံးအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ (က) အဆင့် ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းအား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တံခွန်စိုက်ဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝ၁၈-၂ဝ၁၉ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၁၉ ခု၊ ငွေတံဆိပ် ၇၂ ခု၊ ကြေးတံဆိပ် ၆၁ ခု စုစုပေါင်း ၂၅၂ ဆုဖြင့် ဆုတံဆိပ် အများဆုံး ရရှိသော ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
၂ဝ၁၈-၂ဝ၁၉ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ တွင် ဘောလုံးပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ဘော်လီဘော (ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ အလေးမနှင့် ကာယဗလပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲ ၁၄ မျိုး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment