Monday, January 21, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင်ဖွင့်ပွဲ တက်ရောက်


 
နေပြည်တော် ဇန်န၀ါရီ ၂၁
ချင်းပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူနှင့် ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ရှုခင်းသာရှိ ချင်းရိုးရာမုခ်ဦးနှင့် မျှော်စင် ဖွင့်ပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ မျှော်စင်နှင့် ချင်းရိုးရာမုခ်ဦးတို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူနှင့် ဒေသခံပြည်သူ ဦးထလာဟရဲတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရှုခင်းသာမျှော်စင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ချင်းရိုးရာ ခေတ်ဟောင်းသီချင်းကို ဦးဇိန်ဟန်းကရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် တွဲဖက်၍ ဂုဏ်ပြုသီဆို ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မျှော်စင်ရှုရပ်မှနေ၍ ဟာခါးမြို့အလှကို ကြည့်ရှုကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟားခါးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားသင်ယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ကျောင်းဝင်းအတွင်းရှိ စုဝေးကွင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းခန်းမ၌ မိဘဆရာအသင်း မှတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာဆရာများအား တွေ့ဆုံရာ ကျောင်းအုပ်ဆရာကြီးက ကျောင်း၏လိုအပ်ချက်များကို တင်ပြပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့ဝင်များသည် ဟားခါးကောလိပ်၌ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုများ၊ သိပ္ပံခန်း၌ ဘာသာရပ်ဆိုင်ရာ လက်တွေ့သင်ကြားနေမှုနှင့် ကျောင်းစာကြည့်တိုက်၌ သုတ၊ ရသနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာစောင်များ စုဆောင်းထားမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဖလမ်းမြို့သို့ ရောက်ရှိပြီး မြို့နယ် ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီနေ့တွေ့ဆုံပွဲကို ကြွရောက်လာတဲ့ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်ထောင်စု သား သမီးများအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျွန်မတို့ကို ကြိုဆိုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ခရီးသွားတဲ့အခါမှာ ရပ်မိရပ်ဖတွေနဲ့တွေ့ဖို့ အမြဲတမ်းကြိုးစားပါတယ်။ ဒီမိုကရေစီစနစ်မှာအဓိကလိုအပ်တာက အစိုးရနဲ့ ပြည်သူအကြားမှာ နီးကပ်တဲ့ဆက်ဆံမှုရှိဖို့ပဲဖြစ်ပါတယ်။
“အခုကျွန်မဖလမ်းကိုရောက်လာတဲ့အခါ အရင်တစ်ခါ ၂၀၁၄ ခုနှစ်တုန်းက ရောက်ခဲ့တာကို မှတ်မိနေပါတယ်။ ၂၀၁၄ ခုနှစ် တုန်းက ကားနဲ့တက်လာရတယ်။  ကားနဲ့တက်လာတော့ လမ်းမှာဆိုရင် ရွာလေးတွေမှာရပ်ပြီး ရွာသူရွာသားတွေနဲ့ စကား ပြောနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဖလမ်းနားက ကျောင်းနှစ်ကျောင်းမှာရပ်တော့ ကျောင်းတစ်ကျောင်းမှာဆိုရင် ကလေးတွေအတွက် စားပွဲတွေ၊ ကုလားထိုင်တွေ လိုအပ်နေတယ်ဆိုပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှူခဲ့တာလည်း ရှိပါတယ်။ နောက်တစ်ကျောင်းမှာဆိုလည်း မီးစက်လိုအပ်တယ်ဆိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူတာတွေ ရှိပါတယ်။ အဲဒီလို နီးနီးစပ်စပ် ပြည်သူတွေနဲ့တွေ့ဆုံရတာကို သိပ်ပြီးတော့ တန်ဖိုးထားပါတယ်။
“အခု အစိုးရတာဝန်ယူပြီးတဲ့အခါ အရင်တုန်းကလို နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး ပြည်သူတွေနဲ့ဆက်ဆံဖို့ အခွင့်အရေး တွေက အင်မတန်မှ နည်းသွားပါတယ်။ နည်းသွားတယ်ဆိုတာ တခြားလုပ်ငန်းတာဝန်တွေရဲ့ လိုအပ်ချက်အရ  အချိန်ကို ငဲ့သောအားဖြင့် ရဟတ်ယာဉ်နဲ့လာရတယ်။ ရဟတ်ယာဉ်နဲ့လာတော့ အချိန်တော့မယူဘူး။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေနဲ့တွေ့ဖို့က ပိုပြီးအခွင့်အရေး နည်းသွားတယ်။ ဒါကြောင့် ကျွန်မတို့ ဒီလိုတွေ့ဆုံ တာပါ။
“ရဟတ်ယာဉ်နဲ့သွားတဲ့အခါမှာ အပေါ်ကနေ ချင်းပြည်နယ်ကိုမြင်ရတဲ့အခါ ချင်းပြည်နယ်ရဲ့လှပမှုကို မြင်ရတယ်။ ချင်းပြည်နယ်အတွက် ရေရှည်မှာ  သတိထားရမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအရေးကြီးတာကိုလည်း သတိပြု မိပါတယ်။ ပြောချင်တာက သစ်တောပြုန်းတီးမှုပါ။ အဲဒါနဲ့ပတ်သတ်လို့ ကျွန်မတို့ရဲ့ ဖလမ်းရပ်မိရပ်ဖတွေကို သတိပေးချင် ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်အတွက် တာဝန်ရှိတယ်ဆိုတာ သမ္မာကျမ်းစာထဲက ပုံပြင်တစ်ပုဒ်ကို မှတ်မိပါတယ်။ မြေပိုင်ရှင်တစ်ဦးက ခရီးရှည်သွားတဲ့အခါမှာ သူရဲ့တပည့်လုပ်သား ၃ ဦးကို တာဝန်ပေးခဲ့တယ်။ တစ်ယောက်ကနေပြီး သူထိန်းသိမ်းထားတဲ့အပိုင်းကို ကောင်းကောင်းမထိန်းသိမ်းထားလို့ ပိုင်ရှင်ပြန်လာတဲ့အခါ ပျက်စီးတဲ့ အခြေအနေမှာရှိတယ်။ နောက်တစ်ယောက်ကတော့ အရင်အတိုင်းပဲ ထိန်းသိမ်းထားတယ်။ တတိယတစ်ယောက်ကတော့ အရင်ထက်ပိုပြီးတော့ ကောင်းမွန်အောင်၊ ဖွံ့ဖြိုးအောင် ထိန်းသိမ်းထားတယ်။ အရင်တုန်းကထက် ကောင်းမွန်ဖွံ့ဖြိုးအောင် ထိန်းသိမ်းထားတဲ့ တပည့်လုပ်သားကို  ကောင်းမွန်ပြီး သစ္စာရှိတဲ့သူလို့ သတ်မှတ်ပါတယ်။
“ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ တစ်ခဏပဲနေသွားရတာပါ။ နေသွားရတဲ့အချိန်တွေက အင်မတန်မှ တိုတောင်းပါတယ်။ ဒီတိုတောင်းတဲ့ အချိန်လေးမှာသာလျှင် ကျွန်မတို့နေတဲ့ ရေ၊ မြေအတွက် တာဝန်ယူရတာပါ။ တကယ်တော့ ဘယ်သူမှ ရေ၊ မြေကို ပိုင်တယ်လို့ မရှိနိုင်ပါဘူး။ ဘယ်လောက်ပဲဥပဒေအရ စာရွက်စာတမ်းနဲ့ ပိုင်ပိုင် တစ်ခဏပဲ။ ကျွန်မတို့ သက်တမ်းနဲ့တော့ ပိုပြီးတော့ ပိုင်နိုင်တာမဟုတ်ပါဘူး။ ကျွန်မတို့  ရေ၊ မြေအတွက် တာဝန်ယူရတဲ့အချိန်လေးမှာ ကောင်းကောင်းမွန်မွန် တာဝန်ယူစေချင်ပါတယ်။ ရေ၊ မြေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လှပဖို့ ကျွန်မတို့ဟာ တစ်ခဏသာ တာဝန်ယူထားတဲ့လူတွေမို့၊ ပိုင်ရှင်မဟုတ်တာကြောင့် အမြဲပဲ ထိန်းသိမ်းပြီး နောင်လာမယ့် ပိုင်ရှင်တွေအတွက် အခြေအနေ ကောင်းအောင် ထားပစ်ခဲ့ရမယ် ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်။
“သဘာဝပတ်ဝန်းကျင်နဲ့တင် မဟုတ်ပါဘူး။ ပိုပြီးတော့အရေးကြီးတာက လူမှုပတ်ဝန်းကျင်ပါ။ လူမှုပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးရဲ့ စိတ်နေစိတ်ထား၊ သဘောနေသဘောထား ဒါတွေအတွက်လည်း ကျွန်မတို့ တာဝန်ယူရမှာပါ။ အခုမျိုးဆက်တွေဟာ နောင်မျိုးဆက်တွေ ဘယ်လိုစိတ်ထားတွေနဲ့ ကြီးပြင်းလာသလဲ ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိရှိပါတယ်။ နောက်ဆုံးက ကိုယ့်အတွက်ကို ကိုယ်တာဝန်ယူရမယ် ဆိုပေမယ့် အခုသွန်သင်ဆုံးမတဲ့နေရာမှာ ရောက်နေတဲ့လူကြီးများဟာ နောင်လာမယ့်လူငယ်များ ဘယ်လိုပုံစံ ထွက်လာမလဲဆိုတာကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်ပြီး ပြုစုပျိုးထောင်နိုင်တဲ့ အခွင့်အရေးတွေရှိပါတယ်။ ဒီအခွင့် အရေးတွေကိုလည်း ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် သုံးစေချင်ပါတယ်။
“မနက်တုန်းက အ.ထ.က တစ်ခုလည်း ရောက်ခဲ့တယ်။ ဟားခါးကောလိပ်ကို လည်းရောက်ခဲ့တယ်။ အဲဒီမှာ ဘယ်လို သတိထားမိသလဲဆိုတော့ ချင်းကလေး၊ လူငယ်များဟာ ပညာလည်းလိုလားတယ်။ တခြားနေရာတွေနဲ့ နည်းနည်း ကွာခြားတာက ပညာရေးပိုင်း၊ စိုက်ပျိုးရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်းမှာဝင်ပြီး အလုပ်လုပ်ချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ ဒီဟာက ကျွန်မရောက်ဖူးတဲ့ တိုင်းတွေ၊ ပြည်နယ်တွေထက် နည်းနည်းသာတယ်လို့ ထင်ပါတယ်။ ပိုပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေးပိုင်းမှာ လုပ်ချင်တဲ့ လူငယ်တွေ၊ အုပ်ချုပ်ရေးဘက်မှာ လုပ်ချင်တဲ့လူငယ်တွေ၊ ပညာရေးဘက်မှာ ဆရာ ဆရာမ လုပ်ချင်တဲ့လူငယ်တွေ  ဒါဟာ ချင်းပြည်နယ်မှာ အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေမှာ ကျွန်မတို့လူငယ်တွေကို ပြုစုပျိုးထောင်ဖို့လိုပါတယ်။
“အခုရပ်မိရပ်ဖတွေနဲ့တွေ့တဲ့အခါမှာ ကိုယ့်ရဲ့သားသမီးများ၊ မြေးများ၊ တူ တူမများကို နိုင်ငံ့ရဲ့အကျိုး၊ ကိုယ့်ပြည်နယ်ရဲ့ အကျိုး၊ ကိုယ့်ရဲ့တိုင်းရင်းသားတွေရဲ့အကျိုးကို ထမ်းဆောင်ချင်တဲ့ စိတ်ဓာတ်တွေမွေးပေးပါ။ ကိုယ်တစ်ယောက်တည်း အတွက် မဟုတ်ဘူး။ ကိုယ့်မိသားစုတစ်ခုတည်း အတွက်မဟုတ်ဘူး။ ကိုယ့်ရဲ့ပြည်ထောင်စုကြီးအတွက် မှန်ကန်တဲ့ စိတ်ထားတွေ မွေးမြူဖို့အတွက် အားပေးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ကျောင်းဆရာ ဆရာမလုပ်ဖို့ စိတ်ဝင်စားတဲ့ကလေးတွေရဲ့ နှလုံးသားထဲမှာ အများရဲ့တာဝန်ကို ထမ်းဆောင်ချင်တဲ့စိတ် ထည့်ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ ကျောင်းဆရာ ဆရာမ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ထောင်သောင်းများစွာသော တပည့်များကို ပြုစုပျိုးထောင်ပေးမယ့်ပုဂ္ဂိုလ်များ ဖြစ်လို့ပါ။ ဒါဟာ အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။
“မြို့မိ၊ မြို့ဖတွေထဲက တင်ပြချင်တာတွေ၊ ပြောချင်တာဆိုချင်တာတွေရှိရင် တင်ပြပါ၊  ပြောပါ၊ ဆိုပါလို့ အားပေးချင်ပါ တယ်။ ဒီတစ်ကြိမ် ချင်းပြည်နယ်ရောက်တဲ့အခါမှာ အတွေးအခေါ်လေးတချို့ ပေါ်လာတာတွေကိုလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို မျှဝေချင်ပါတယ်။ ငယ်ငယ်တုန်းက စောင်ဆိုရင် ပြည်တွင်းကထုတ်တဲ့ ချင်းစောင်မှ တန်ဖိုး ရှိတယ်။ တစ်ကယ်လည်း ကောင်းတယ်လို့ သတ်မှတ်တယ်။ ငယ်ငယ်တုန်းကလည်း ချင်းစောင်ပဲခြုံခဲ့ရတယ်။ ချင်းစောင်ကို ကလေးတွေကို တစ်ယောက်တစ်ထည် ပေးထားတယ်။ ကိုယ့်စောင်နဲ့ ကိုယ်ဆိုရင် အဲဒီစောင်တွေကို တော်တော်ကိုတွယ်တာသွားတယ်။ စောင်က ဟောင်းဟောင်းလာတော့ ပြောင်းမယ်ဆိုရင်လည်း မပြောင်းချင်ဘူး။ အခုထိ မှတ်မိသေးတယ်။ ကျွန်မ ကြီးလာတဲ့အချိန်ဆိုရင် စောင်နှစ်ထည်ပဲသုံးခဲ့ရတယ်။ ချင်းစောင်ကို အဲဒီလောက် တန်ဖိုးထား တယ်။ နောက် ဖေဖေ့ကို ပေးခဲ့တဲ့ချင်းစောင်ဆိုရင် အခုထိ ကျွန်မဆီမှာရှိတယ်။ ထိန်းသိမ်းထားပါတယ်။
“ချင်းစောင်လုပ်ငန်းကို ပြန်ပြီးရှင်သန်အောင်လုပ်စေချင်တယ်။ အခုခေတ်မှာဆိုရင် သိုးမွှေးလေးနည်းနည်း ထည့်ရက်လည်းဖြစ်နိုင်တယ်။ လုံးဝသိုးမွှေးမဟုတ်ရင်တောင် သဘာဝချည်တွေနဲ့ ချင်းစောင်လုပ်ငန်းတွေကို ပြန်ပြီး အားပေးချင်တယ်။ အဲဒါကို အစိုးရဘက်ကလည်း ကူညီသင့်တယ်၊  ပြည်နယ်အစိုးရဘက်ကလည်း ကူညီသင့်တယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဒီဟာမျိုးမှာ ရင်းနှီးမြှုပ်နှံ စေချင်တယ်။
“နောက်ပြီးတော့ ချင်းတိုင်းရင်းသားဝတ်စုံတွေက အင်မတန်မှလှတယ်။ အင်မတန်မှလည်းစုံတယ်။ ရိုးရာဝတ်စုံတွေ မပျောက်သွားအောင်လို့ ရိုးရာရက်ထည်တွေကို ပိုပြီးတော့အားပေးစေချင်တယ်။ အထူးသဖြင့် တောင်ပိုင်းချင်းမှာဆိုရင် ရိုးရာအဆင်တွေကို သဘာဝချည်တွေနဲ့ရက်ပြီး စီးပွားရေးလုပ်တာ အတိုင်းတာတစ်ခုအထိ အောင်မြင်တယ်။ ဈေးကတော့ ကြီးတယ်။ ဈေးကြီးပေမယ့် သူရဲ့လက်ရာကောင်းလို့၊ တန်တာကြောင့် ရောင်းရတယ်လို့ထင်ပါတယ်။
“နိုင်ငံခြားသားတွေဆိုရင် ဂျက်ခုတ်ထည်တွေကို အင်မတန်မှတန်ဖိုးထားတယ်။ ရိုးရာလည်း မပျက်သွားအောင်၊ စီးပွားလည်းဖြစ်အောင်လို့ စဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သဘာဝချည်တွေနဲ့ လုပ်ဖို့တော့ အရေးကြီးပါတယ်။ ဈေးကြီးကြီးနဲ့ရိုးရာအထည်တွေကို ရောင်းချင်တယ်ဆိုရင် သဘာဝချည်တွေနဲ့မှဖြစ်မယ်။ အဲဒါမှ မဟုတ်ရင် ဈေးကြီးကြီးပေးပြီးတော့ ၀ယ်မယ့်သူတွေ ရှာရခက်ပါလိမ့်မယ်။
“နောက်တစ်ခု သတိထားမိတာကတော့ ချင်းအမျိုးသမီးတွေရဲ့ ၀တ်စုံက တော်တော်လေးတယ်။ တော်တော်လေးတယ် ဆိုတော့ ချင်းအမျိုးသမီးတွေက အားသာမယ်လို့ထင်တယ်။ ချင်းအမျိုးသမီးတွေ တော်တော်ကျန်းမာခိုင်မာလို့ အ၀တ်အစားတွေကို နှစ်ပေါင်းများစွာ ရိုးရာအရ ၀တ်ခဲ့နိုင်တာပဲလို့ သဘောပေါက်ပါတယ်။ ချင်းကလေးများ နည်းနည်း တော့ ထွားဖို့လိုတယ်လို့ထင်တယ်။ အာဟာရ ပြည့်ဝဖို့ လည်းအရေးကြီးပါတယ်။
“ဒါကြောင့် ပြည်နယ်အစိုးရက ဦးစီးပြီးတော့ ဘယ်လိုအစားအစာတွေစားရင် အာဟာရပြည့်ဝစေမလဲဆိုတာကို အများ ပြည်သူသိအောင် ပညာပေးစေချင်ပါတယ်။ မြို့မိ၊ မြို့ဖတွေကလည်း ဒါကိုလေ့လာပြီးတော့ ကိုယ့်ရဲ့သားသမီးတွေကို အာဟာရ ပြည့်ဝစေတဲ့ အစားအစာတွေကို ကျွေးစေချင်ပါတယ်။ ဒါမှထွားထွားကြိုင်းကြိုင်း သန်သန်မာမာနဲ့ သူတို့ရဲ့ တတ်ထားတဲ့ပညာတွေကို ဒီပြည်နယ်အတွက်သုံးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေရဲ့ကျန်းမာရေးကို ဂရုစိုက် ပေးပါ။ ကလေးတွေရဲ့ ပညာရေးကို လူကြီးတွေက အားပေးတာသိရလို့ ကျွန်မအင်မတန်မှဝမ်းသာတယ်။ ဆက်ပြီးတော့ လည်းအားပေးပါ။ အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ ပညာရေး၊ ကျန်းမာရေးဘက်မှာ ပံ့ပိုးပေးပါမယ်။ နိုင်ငံဖွံ့ဖြိုး တာနဲ့အမျှ ပိုပြီးတော့ ပညာရေး၊ ကျန်းမာရေးဘက်မှာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။  မေးမြန်းစရာရှိတာ မေးမြန်းဖို့ ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်းပြောနိုင်ပါတယ်။ မိသားစုသဖွယ် တစ်ဦးနဲ့တစ်ဦး ဆွေးနွေးတဲ့ သဘောဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၁၀၀ တို့ကို မြို့မိမြို့ဖများထံ ပေးအပ်ပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ် ယာဉ်ဖြင့် တီးတိန်မြို့သို့ ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တီးတိန်ရောက်တဲ့အခါ စွန့်စားရဲသူအောင်နိုင်မှုရတယ်ဆိုပြီး ဆိုင်းဘုတ်ကြီး များရေးထားသည်ကို တွေ့ရပါကြောင်း၊ ယင်းသည် ချင်းတိုင်းရင်းသားများကို ကိုယ်စားပြုသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊  အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ တောင်တန်းများပေါ်တွင် နေနိုင်ဖို့ဆိုသည်မှာ စွန့်စားမှု စိတ်ဓာတ်နှင့် ပြည့်ဝမှသာ နေနိုင်မည်ဖြစ်ပါကြောင်း၊ ရာသီဥတု ကြမ်းတမ်းပြီး ပထ၀ီအနေအထားသည် အခြားနေရာ များထက် သွားရလာရသည်မှာ စိန်ခေါ်မှုများစွာရှိသည်ကို မြင်ရပါကြောင်း၊  များစွာသော  စိန်ခေါ်မှုများနှင့် နေနိုင်သည် ဆိုခြင်းကို မိမိတို့ သိရပါကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် ချင်းပြည်နယ်ကို အထူးဂရုထားပြီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးရန် အမြဲ အစီအစဉ်ရှိပါကြောင်း၊  ယခုတီးတိန်မြို့နယ်မှ တင်ပြထားသည့် ကိစ္စရပ်နှစ်ခုတွင် တစ်ခုမှာ တီးတိန်မြို့နယ်၊ တွန်းဇံ မြို့နယ် နှစ်မြို့နယ်စုစည်း၍ တီးတိန်မြို့ကို ခရိုင်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းပေးနိုင်ရေးဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့် ကိစ္စများစွာရှိပါကြောင်း၊ လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် သွားရမည်ဖြစ်သည့်အတွက် အချိန်ယူပြီး လုပ်ရမည်ဖြစ်ပါကြောင်း။
နောက်တစ်ခုမှာ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တီးတိန်မြို့ပေါ်တွင် မဟာဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို အထူးအစီ အစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးပါရန်ဖြစ်ပြီး ၀န်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းပြီးအောင် လုပ်ဆောင်ပေးရန် လျာထားသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ ကျေနပ်လိမ့်မည်ဟု မျှော်လင့် ပါကြောင်း၊ နောက်ဆုံးတစ်ခုမှာ ပညာရေးနှင့်ဆိုင်ပါကြောင်း။ တီးတိန်မြို့တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း အပြင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI  ထပ်မံဖွင့်လှစ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ပါကြောင်း၊  ယခုအချိန်တွင် အစိုးရ နည်းပညာ အထက်တန်းတစ်ကျောင်းရှိပြီး ပလက်ဝတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းတစ်ကျောင်း ထပ်မံဖွင့် လှစ်မည်ဖြစ်သည့်အတွက် တီးတိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ရန် အချိန်အနည်းငယ် စောင့်ပေးစေလို ပါကြောင်း။
ယခင်က ချင်းပြည်နယ်ဘက်ကို စည်းရုံးရေးခရီးလာရောက်ချိန် မိမိ၏ ဟောပြောပွဲများတွင် ကလေးများသည် ရှေ့ဆုံးက နေ၍ နားထောင်ကြပါကြောင်း၊ ကလေးများသည် မိမိတို့၏ အနာဂတ်ဖြစ်သည့်အတွက် ယခုလိုဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါကြောင်း၊ ကလေးများသည် လုံးဝနားမလည်ဘူးဆိုသော်လည်း ဆွေးနွေးပွဲများသည် လူတိုင်းနှင့် သက်ဆိုင် ပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အကြီးအငယ်မရွေး၊ အယုတ်အညံ့မရွေး အားလုံးအတူတူပါဝင်နိုင်သည့် အခွင့်အရေး ရှိသည်ကို ငယ်ငယ်ကတည်းက စိတ်ထဲတွင်  စွဲသွားစေရန်ဖြစ်ပါကြောင်း၊  ထို့ပြင် စည်းကမ်းသေ၀ပ်မှုကို အားပေးရာ ရောက်ပါကြောင်း။ ဆွေးနွေးပွဲများတွင်ပါဝင်မည်ဆိုပါက  စည်းနှင့်ကမ်းနှင့် ငြိမ်ငြိမ်သက်သက်နေရသည်ကို ကလေးများ သည် ငယ်ငယ်ကတည်းက စိတ်ထဲတွင်စွဲသွားပါက တစ်သက်လုံး စည်းကမ်းရှိမှုကို  စိတ်ချရမည်ဖြစ်ပါကြောင်း။
ယခုရသည့်အချိန်တိုအတွင်းတွင် ရပ်မိရပ်ဖများအနေဖြင့် မျှော်လင့်ချက်များနှင့် အစိုးရထံမှ သိချင်သည်များကို မေးမြန်းနိုင်ပါကြောင်း၊  မိမိအနေဖြင့်လည်း ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက ကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ဆွေးနွေးပြောကြားကာ ဒေသခံ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
(သတင်းစဉ်)

No comments:

Post a Comment