Thursday, January 31, 2019

ဥပဒေပြုရေးတာဝန်များနှင့် ၈ နှစ်ခရီး မြန်မာ့လွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းဖြစ်ပေါ်လာသည့် မြန်မာ့လွှတ်တော်များ၏ သက်တမ်းသည် ၁-၂-၂၀၁၉ ရက်နေ့တွင် (၈) နှစ်ခရီး ရှိခဲ့ပါပြီ။ နိုင်ငံသူ နိုင်ငံသားများ နှင့် တိုင်းရင်းသားများအတွက် အတိုင်းအတာတစ်ခုအထိ များစွာ အကျိုးရှိခဲ့သည့် ပထမအကြိမ် လွှတ်တော်များထံမှ လက်ဆင့်ကမ်းရယူခဲ့သည့် ယခု ဒုတိယအကြိမ် လွှတ်တော်များသည်လည်း ပြည်သူလူထုအကျိုးစီးပွား နှင့် လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းသာယာရေး၊ ဒီမိုကရေစီဖက်ဒရယ်တည်ဆောက် ရေးတာဝန်များကို ကျေပွန်စွာ ထမ်းရွက်လျက်ရှိကြ ပါသည်။

နိုင်ငံတကာအသိအမှတ်ပြုမှုရရှိ
ဥပဒေပြုရေးတာဝန်၏ အဓိကမဏ္ဍိုင်ဖြစ်သော လွှတ်တော်များသည် အခြားအုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့်လည်း နားလည်လေးစားမှုကို အခြေခံကာ တတ်နိုင်သမျှ အပြန်အလှန် ထိန်းကျောင်း လျက်ရှိပါသည်။ မြန်မာ့လွှတ်တော်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် AIPA အာဆီယံပါလီမန်များ ညီလာခံ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လတွင် AIPA နိုင်ငံတကာပါလီမန်များ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိခဲ့ပါသည်။ (၃၇) ကြိမ်မြောက် AIPA အထွေထွေညီလာခံကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် နေပြည်တော်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ ကျင်းပခဲ့သော ဗှုဏဗ ညီလာခံများတွင်လည်း မိမိနိုင်ငံ့အရေးနှင့်ပတ်သက် သည့် အဆိုပြုမူကြမ်းများအပေါ် တင်သွင်းဆွေးနွေး ကြရာတွင် AIPA ပဋိညာဉ်စာတမ်းပါ စည်းမျဉ်း စည်းကမ်း မူဘောင်အတွင်း အခိုင်အမာရပ်တည်ပြီး မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များက တုံ့ပြန် ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် အောက်တို ဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသော (၁၃၉) ကြိမ်မြောက် အထွေထွေညီလာခံသို့လည်း မြန်မာ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး “နည်းပညာတီထွင်ဆန်းသစ်ပြောင်းလဲလာမှုနှင့် ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုသော လွှတ်တော် များ၏ကဏ္ဍ ကို ပါဝင်ဆွေးနွေး နိုင်ခဲ့ကြပါသည်။ ထို့နည်းတူ IPU ညီလာခံများတွင် မြန်မာနိုင်ငံအရေး နှင့်ပတ်သက်၍ တစ်ဖက်သတ် တင်သွင်းသော အဆိုပြု ချက်များကို တန်ပြန်အဆို ပြန်လည်တင်သွင်းပြီး အဖြစ်မှန်အပေါ် အခြေမခံသည့် မမှန်ကန်သော အချက် များကို တုံ့ပြန်ဖြေရှင်းနိုင်ခဲ့ကြပါသည်။
ဥပဒေပြုရေးတာဝန်
ဥပဒေပြုခြင်းသည် လွှတ်တော်၏ အဓိကလုပ်ငန်း တာဝန်(၃)ရပ်အနက် အဓိကတာဝန်ဖြစ်သည့် အလျောက် နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွားကို ဖြစ်ထွန်း စေသော၊ ကာကွယ်စောင့်ရှောက်သော ဥပဒေများကို ခေတ်ကာလအခြေအနေနှင့်အညီ ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်း၊ ပြည်သူ အကျိုးမဖြစ်ထွန်းသော ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းများကို ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။ တင်သွင်းလာသော ဥပဒေများကိုဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့ ပြုရမည်မှာ ကိုယ်စား လှယ်များ၏ အဓိကတာဝန် ဖြစ်ပါသည်။ တရားမျှတပြီး အများပြည်သူများ လိုက်နာနိုင်သည့် ဥပဒေများဖြစ်ရန် ကိုမူ အထူးဂရုပြု ဆွေးနွေးဆောင်ရွက်ကြရပါသည်။
ပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့်အညီ နောက် ဆက်တွဲ နည်းဥပဒေ၊ အမိန့်ကြော်ငြာ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်မှု ရှိ၊ မရှိ၊ မူလဥပဒေနှင့် လိုက်လျောညီထွေမှု ရှိ၊ မရှိ၊ သက်ဆိုင်ရာအဖွဲ့အစည်းဌာနများမှ လိုက်နာကျင့်သုံးနိုင်မှု ရှိ၊ မရှိ၊ ဥပဒေ အသက်ဝင်လာသည့်အခါ ပြည်သူကိုအမှန်တကယ်အကျိုးပြု၊ မပြုကို လွှတ်တော်ကသာ ပြန်လည်ဆန်းစစ် သုံးသပ်ရပါသည်။ ပုံမှန်အစည်း အဝေး ၁၃ ကြိမ် ကျင်းပနိုင်ခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သောဥပဒေပေါင်း (၂၃၂) ခု၊ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ဒသမပုံမှန် အစည်းအဝေးအထိဆိုလျှင် ပြဋ္ဌာန်းခဲ့ပြီးသော ဥပဒေပေါင်းမှာ(၃၁၆)ခု ရှိပြီဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေနှင့် ပတ်သက်၍ အတွေ့အကြုံများ အထိုက်အလျောက်ရှိလာသည့် အလျောက် ခေတ်မမီသော၊ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကို ဖျက်သိမ်းရန်၊ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အားထုတ် လျက်ရှိကြပါသည်။ ပြည်သူ့အသံကို ထင်ဟပ်သည့် လွှတ်တော်၏ ဆောင်ရွက်ချက် အားကောင်းလာသည့် လက္ခဏာများပင် ဖြစ်ပါသည်။
မဲဆန္ဒနယ်ကို ကိုယ်စားပြုခြင်းနှင့် အပြန်အလှန်ထိန်းညှိခြင်းတာဝန်
ဥပဒေပြုရေးတာဝန်နှင့်အတူ အရေးကြီးသည့် အခြားတာဝန်များမှာ မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်မြေ များရှိ မဲဆန္ဒရှင်များက ပေးအပ်လိုက်သော တောင်းဆိုချက်များ၊ နစ်နာချက်များကို နားထောင်ပေးရသော တာဝန်၊ မိမိ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးရမည့်တာဝန်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များအား အပြန်အလှန်ထိန်းကျောင်းသည့် တာဝန်များ ဖြစ်ပါသည်။ ၎င်းတာဝန်များကို လွှတ်တော် တွင် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းတို့ဖြင့် ဆောင်ရွက်ကြရ ပါသည်။ လွှတ်တော်တွင် ဆောင်ရွက်ခဲ့ သည့်လုပ်ငန်းများကို မိမိမဲဆန္ဒရှင်များကို ပြန်လည်အသိ ပေးရပါသည်။ သတင်းပေးရသည်။ ကွင်းဆင်းဆောင်ရွက် ကြရသည်။ ကိုယ်စားလှယ် များသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ပြောဆိုဆက်ဆံ ကြသည်များရှိသလို စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ ဆိုရှယ်မီဒီယာ အသုံးပြု၍သော် လည်းကောင်း ပြည်သူ့ အသံ၊ ဆန္ဒများကိုလက်ခံရယူ၍ ပြည်သူနှင့်နီးစပ်မှုကို ဖော်ဆောင်ကြရ ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့မြို့နယ်အတွက် နှစ်စဉ် သတ်မှတ်ပေးထားသော ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင် ဒေသဖွံ့ဖြိုးရေး စီမံချက်များရေးဆွဲရာတွင်လည်း ပါဝင်ကြရသည်။ မြို့နယ် အဆင့်ကော်မတီများတွင်ပါဝင်ကာ ဒေသလိုအပ်ချက် များကို ဆွေးနွေး၍ ပံ့ပိုးအကောင်အထည် ဖော်ကြရပါသည်။
မေးခွန်း၊ အဆို
ပြည်သူ့အသံကို လွှတ်တော်အသံဖြစ်စေရာတွင် ကြိုတင်တင်ပြထားသောမေးခွန်းများကို လွှတ်တော်တွင် မေးမြန်းခြင်း၊ ပြည်ထောင်စု အဖွဲ့အစည်းဝင် တာဝန်ရှိ ပုဂ္ဂိုလ်များက လာရောက် ဖြေကြားခြင်းသည် လွှတ်တော်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ လွှတ်တော်အစည်းအဝေး တစ်ကြိမ်ထက်တစ်ကြိမ် (နှုတ်ဖြေ) ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းသူ ကိုယ်စားလှယ်အရေအတွက် များပြားလာလျက်ရှိသလို မေးခွန်းအရေအတွက်လည်း များပြားလာသည်။ ပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် တစ်ရက်ပျမ်းမျှ မေးခွန်း (၈) ခုအထိရှိခဲ့သည်ကို တွေ့ရှိရ ပါသည်။ မေးခွန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ကဏ္ဍအလိုက် အများဆုံး ဖြေဆိုပေးခဲ့ကြရသည်ကိုလည်း လေ့လာမိပါသည်။ လွှတ်တော်များတွင် အဆိုတင်သွင်းခြင်းသည် အခြားသောမဏ္ဍိုင်များကို စိစစ်ထိန်းကျောင်းခြင်းလည်း ဖြစ်သည်။ တင်သွင်းလာသော အဆိုများကို ရိုးရိုးအဆို၊ အရေးကြီးအဆိုများ ခွဲခြားပြီး အတည်ပြုခြင်း၊ မှတ်တမ်း တင်ခြင်းများ ပြုကြသည်။ အချို့ပုံမှန်အစည်းအဝေးများတွင် အတည်မပြုခြင်း၊ ရုပ်သိမ်းခြင်း၊ ဆွေးနွေးရန်မသင့်ခြင်း စသည်ဖြင့် ဆွေးနွေးဆုံးဖြတ်ခြင်းများလည်း ရှိခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ရုံး သုတေသနမှတ်တမ်းတစ်ခုအရ ဒသမအကြိမ် ပုံမှန်အစည်းအဝေးတွင် (၃)ရက်လျှင် အဆို (၂) ခုနှုန်း တင်သွင်းဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။
ကော်မတီ၊ ကော်မရှင်များ
တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲနေသော အာဏာသုံးရပ်အကြား အချင်းချင်းအပြန်အလှန် ထိန်းညှိမှုပြုလျက်ရှိရာ လွှတ်တော်၏ထိန်းညှိမှုတာဝန်တွင် ကော်မတီများ၊ ကော်မရှင်များ၏ အခန်းကဏ္ဍသည် အရေးပါလှပါသည်။ လွှတ်တော်စုံညီအစည်းအဝေးကြီးတွင် အသေးစိတ် ဆွေးနွေးရန် အချိန်မလုံလောက်၍ သော်လည်းကောင်း၊ ဥပဒေများနှင့် နိုင်ငံသားများအပေါ် သက်ရောက်မှုကို အသေးစိတ်လေ့လာဖော်ထုတ် ခွဲခြမ်းစိတ်ဖြာနိုင်ရန် လည်းကောင်း၊ ပြည်သူများ၊ ပညာရှင်များ၊ အရပ်ဘက် အဖဲ့Gအစည်းများနှင့် နှီးနှောတိုင်ပင်အကြံဉာဏ်များ ရယူ နိုင်ရန်လည်းကောင်း သက်ဆိုင်ရာလွှတ်တော်များအလိုက် အမြဲတမ်းကော်မတီနှင့် လိုအပ်သလို ကာလသတ်မှတ် ဖွဲ့စည်းသော ရေးရာကော်မတီများလည်း ဖွဲ့စည်းထားရှိပါ သည်။ အမှန်မှာ ကော်မတီများသည် လွှတ်တော်ကြီး အတွင်းမှ လွှတ်တော်ငယ်များပင်ဖြစ်သည်။ စောင့်ကြည့် ထိန်းညှိခြင်းနှင့်အတူ နိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေး များကို ကာကွယ် စောင့်ရှောက်နိုင်ရေး အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြပါသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကပင် ပြည်သူ များ၏ အခွင့်အရေး နစ်နာမှုမရှိစေရန် အလေးထားသည့် အနေဖြင့် တိုင်ကြားစာများနှင့် အသနားခံစာများကို လေ့လာစိစစ်ခြင်း၊ အကြောင်းပြန်ခြင်း၊ အကြံပြုခြင်းများ ပြုနိုင်ရန် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ရေးရာ ကော်မတီအသစ်တစ်ခုကို ထပ်မံဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ပြည်ထောင်စု လွှတ်တော်အနေဖြင့် တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ပြီး ဥပဒေရေးရာ များကို လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ ခြင်း၊ အထူးကိစ္စရပ်များအား ဥပဒေအမြင်ဖြင့် လေ့လာ ဆန်းစစ်သုံးသပ်ပြီး လိုအပ်ပါက လွှတ်တော်ဥက္ကဋ္ဌများအား အကြံပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး
မြန်မာ့လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးသည် ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်ကို အထောက်အကူပြုသည့် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် များစွာ မူတည်ပါသည်။ ၎င်းကဏ္ဍကို JCC လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်မှုပေးလျက် ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း (၁၃) ခုက ပါဝင်အကူအညီပေးလျက်ရှိပြီး သုတေသနနှင့် ICT သင်တန်းများ၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု၊ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေး၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ Training for Trainers၊ ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက် ရှိပါသည်။ လွှတ်တော်အချင်းချင်း လုပ်ငန်း အတွေ့အကြုံဖလှယ်ပြီး စွမ်းရည်တိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက်လည်း ပြည်ပနိုင်ငံ ပါလီမန်များသို့ လေ့လာရေးခရီးစဉ်များနှင့် ဝန်ထမ်းများအား ပညာတော်သင်စေလွှတ်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဒီမိုကရေစီ၏ ပြယုဂ်လွှတ်တော်
ကိုယ်စားလှယ်များသည် ပါတီစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မေးခွန်းများမေးခြင်း၊ အဆိုများဆွေးနွေးခြင်း၊ ဥပဒေများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြု ဆုံးဖြတ်ကြခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေသည့်နည်းတူ တစ်ဦးနှင့် တစ်ဦးလည်း ပိုမိုရင်းနှီးနားလည်မှုများ ရရှိလာခဲ့ကြပြီ လည်းဖြစ်ပါသည်။ ပထမအကြိမ် လွှတ်တော်မှ ချမှတ် နိုင်ခဲ့သည့် အခြေခံအုတ်မြစ်နှင့်အတူ ရရှိခဲ့သည့်အတွေ့အကြုံတို့ကို သင်ခန်းစာယူ၍ ယခုအကြိမ် လွှတ်တော် များတွင် ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်နေ ကြသည်ကိုလည်း တွေ့မြင်နေရပေသည်။ လွှတ်တော် ကိုယ်စားလှယ်များသည် ဘုံအကျိုးစီးပွားအတွက် ဝိုင်းဝန်း ငြင်းခုံ ဆွေးနွေးကြလျက် မတူညီသော အယူအဆများကို စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာကြသည့် ဒီမိုကရေစီ၏ ပြယုဂ်အဖြစ် လွှတ်တော်ကြီးကို အရောင်တင်ပေးလျက် ရှိနေသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆို မှုများကြောင့် တံတားမရှိ၊ လမ်းမကောင်း၊ လျှပ်စစ်မီး အားနည်းသည့် နယ်ဒေသများဖွံ့ဖြိုးရေးအတွက် အတိုင်း အတာတစ်ခုအထိ ရှေ့တိုး ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ကျောင်း၊ ဆေးရုံများ တိုးချဲ့ ဆောက်လုပ် ပေးနိုင်ခြင်း၊ ကျောင်း ဆရာ ဆရာမများ၊ ဆရာဝန်များ တိုးမြှင့်ခန့်ထားပေးနိုင်ခြင်းဖြင့် ကျေးလက်၊ မြို့ပြ ကွာဟ ချက်ကို ကျဉ်းမြောင်းလာစေပြီး ဆင်းရဲမှုလျှော့ချရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်ခဲ့ကြပါသည်။
ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် လေးစားထိုက်သူများ
 (၈)နှစ်တာ လွှတ်တော်သက်တမ်းကာလအတွင်း အစွဲများကိုဘေးဖယ်၍ ခက်ခဲနက်နဲသည့် လွှတ်တော် လုပ်ငန်းတာဝန်များကို သိမ်မွေ့စွာဖြင့် အတိမ်းအစောင်း မရှိစေဘဲ ထိန်းကျောင်းပေးလျက် ရှိကြသည့် လွှတ်တော် ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အထူးပင် လေးစားဂုဏ်ယူမိပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်တာဝန်များ အထူးသဖြင့် ဥပဒေပြုရေး၊ အာဏာသုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းရေးတာဝန်များ၊ မိမိပါတီနှင့် အခြားပါတီ များအကြား နိုင်ငံ့အကျိုးအတွက် အတူလက်တွဲ ဆောင်ရွက်လျက်ရှိကြသည့် ကိုယ်စားလှယ်များကို မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ဆက်လက် တည်ဆောက်နေသူများအဖြစ် အသိအမှတ်ပြုရမည် ဖြစ်ပါသည်။
အချုပ်အားဖြင့် မတူကွဲပြားသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရောင်အသွေးစုံသော တိုင်းရင်းသားများသည် မတူခြားနားသော ပါတီမူဝါဒများ ကိုင်စွဲထားသော်လည်း ဘုံရည်မှန်းချက် ပန်းတိုင်အတွက်မူ အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဆိုသည်နှင့်အညီ ပြည်သူတို့၏ အခက်အခဲများ၊ လိုအပ်ချက်များ၊ တွေ့ကြုံနေရသည့်ဒုက္ခများကို တင်ပြတောင်းဆို ဖြေရှင်းပေးရန် များစွာကျန်ရှိနေပါသေးသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးအတွက် အကောင်အထည်ဖော်ရန် ကဏ္ဍများစွာ ကျန်ရှိနေဆဲဖြစ်သည်ကို ကိုယ်စားလှယ်များ သိရှိပြီး ဖြစ်ပါသည်။
ပြည်သူများ၏မျှော်လင့်ချက်များစွာကို ဦးစားပေးကဏ္ဍအလိုက် ဆက်လက်ဖြည့်ဆည်းရန် သန္နိဋ္ဌာန် ချထားကြသည်ကိုလည်း တွေ့မြင်ရပါသည်။ နိုင်ငံတကာ လွှတ်တော် အတော်များများနှင့် နှိုင်းယှဉ်လျှင် သက်တမ်းအားဖြင့် နုနယ်နေသေးသော်လည်း ပြည်သူများ၏ ယုံကြည်မှု အပြည့် မျှော်လင့်ချက် ကြီးမားစွာဖြင့် တာဝန်ပေးအပ်ခြင်းခံထားရသည့် ယနေ့ကိုယ်စားလှယ်များသည် ဖြစ်ပေါ်လာသည့် အခြေအနေ အချိန်အခါ နှင့်အညီ ပြုပြင်ပြောင်းလဲမှုများကြားတွင် ဆက်လက် ကြိုးစား ဆောင်ရွက်နေကြဦးမည်ဖြစ်ပါသည်။ စိန်ခေါ်မှုများလည်း ရှိနေဦး မည်ဖြစ်ပါသည်။ မည်သည့်အခက်အခဲများပင် ကြုံတွေ့ကြရပါစေ၊ ပါတီစုံ ဒီမိုကရေစီကျင့်စဉ်တစ်ခုကို ချောမွေ့ ညင်သာစွာ ကူးပြောင်းနိုင်ခဲ့သည့် အစဉ်အလာကြီးမားသည့် လွှတ်တော်များ၏တန်ဖိုးကိုမူ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မည်သာဖြစ်ပါကြောင်း တင်ပြရေးသားလိုက် ရပါသည်။
မိုးကေနိုင်

No comments:

Post a Comment