Wednesday, January 23, 2019

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ စီမံကိန်းများအတွက် တရုတ်နိုင်ငံမှရန်ပုံငွေ လွှဲပြောင်းပေးအပ်




နေပြည်တော် ဇန်နဝါရီ ၂၃

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဒုတိယအသုတ်(၂၀၁၈)ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန(၈)ခုမှ အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း (၁၉)ခုအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ်ကြီးမစ္စတာဟုန်လျန် တို့ကလက်မှတ်ရေး ထိုးကြသည်။


လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီမံကိန်း အကောင်အထည် ဖော်မည့်ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဆောင်ရွက်မည့် စီမံကိန်း(၁၉)ခုအတွက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၇,၃၇၈,၅၃၆)ကို လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေအရင်း အမြစ်၊ ပညာရေး၊ သုတေသန၊ လူမှုဖူလုံရေးဆိုင်ရာကဏ္ဍတို့တွင် စီမံကိန်းများ အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံမှ မဲခေါင်- လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်ခဲ့သည့် စီမံကိန်း(၁၀)ခု အတွက် အမေရိကန် ဒေါ်လာ (၂ဒသမ၄ သန်းခန့်)ကိုတရုတ်နိုင်ငံမှ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် ၂၀၁၄ခုနှစ်၊မြန်မာနိုင်ငံ တွင် ကျင်းပခဲ့သော (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang က စတင်အဆိုပြုချက်အရမဲခေါင်ဒေသရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ၂၀၁၆ခုနှစ်တွင် ကမ္ဘောဒီးယား၊ တရုတ်၊လာအို၊မြန်မာ၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းတည်ထောင် ခဲ့ခြင်းဖြစ်သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင် ပေါင်းစည်း ဆက်သွယ်ရေး၊ထုတ်လုပ်မှု စွမ်းရည် မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟူသည့် ဦးစားပေးနယ်ပယ်(၅)ခုဖြင့် စတင်ပူးပေါင်းဆောင်ရွက်လျက် ရှိခဲ့ရာမှ နောက်ပိုင်းတွင် ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင်လည်း တိုးချဲ့ပူး ပေါင်းဆောင်ရွက်လျက်ရှိသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေကို မဲခေါင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အထောက်အကူပြုရန်အတွက် ၂၀၁၇ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment