Monday, January 21, 2019

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


 
နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်းမှု အစီအစဉ်ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှုသင်တန်း (English Language Training for Government Officials) အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်မြို့ရှိ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Steve Marshall က နှုတ်ခွန်းဆက်စကား ပြောကြားကာ အုပ်စုအလိုက် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဆက်စပ်မှုရှိသည့် နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ နည်းဗျူဟာများ၊ ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အသုံးချမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ/ တာဝန်ယူမှု၊ ဂုဏ်သိက္ခာရှိမှု၊ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှအခွင့်အရေးရရှိမှု၊ ပြည်သူဗဟိုပြု ခေါင်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူယုံကြည်မှုကို တည်ဆောက်ခြင်းဖွင့်ဆိုမှုနှင့် e-government စသည့် ဘာသာရပ်များကိုအခြေခံ၍ နားထောင်မှုစွမ်းရည်၊ အပြောစွမ်းရည်၊ အဖတ်စွမ်းရည် များမှတစ်ဆင့် ဝေါဟာရကြွယ်ဝစေရန်၊ သွက်လက်စွာပြောဆိုနိုင်မှုကို တိုးမြှင့်စေရန်၊ အစည်းအဝေးမှတ်တမ်း ရေးသားခြင်းနှင့် အီးမေးလ်ရေးသားခြင်းတို့တွင် အင်္ဂလိပ်စာစွမ်းရည်ပိုမိုတိုးတက် ကောင်းမွန်စေရေး ခေတ်မီ သင်ကြားရေး နည်းဗျူဟာများကိုသုံး၍ သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းအုပ်စု(၁)တွင် ညွှန်ကြားရေးမှူးနှင့် အထက်အဆင့်အရာထမ်းများနှင့် လစာနှုန်းတူ အရာထမ်းများ၊ အုပ်စု(၂)တွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လစာနှုန်းတူ အရာထမ်းများ၊ အုပ်စု (၃) တွင် ဦးစီးအရာရှိနှင့် လစာနှုန်းတူ အရာထမ်းများဟူ၍ အုပ်စု(၃)စု၊ တန်းခွဲ(၆)ခုခွဲခြား၍ သင်တန်း ပထမပိုင်းကို ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိလည်းကောင်း၊ ဒုတိယပိုင်းကို မေ ၆ ရက်မှ  ဇူလိုင် ၁၁ အထိလည်းကောင်း၊ တတိယပိုင်းကို စက်တင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိလည်းကောင်း ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment