Tuesday, January 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


 
ရန်ကုန် ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင်နှင့် ပြင်ပ ပညာရှင်များ ပါဝင်သော အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီး ဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံရေးဆွဲရေး ၊ ယင်းဖွဲ့စည်းပုံကို အသင်း ဝင်များထံချပြ၍ အကြံပြုချက်များ ရယူပြင်ဆင်ပြီး အတည်ပြုရေး၊ ၄င်းဖွဲ့စည်းပုံနှင့်အညီ အသင်းဝင် များ ပြန်လည်စိစစ်အတည်ပြုရေး၊ ဆက်လက်ပြီး မြန်မာနိုင်ငံဂီတ အစည်းအရုံးအသစ်ကိုရွေးချယ် တင်မြှောက်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဥက္ကဋ္ဌ) ဦးတင်ဦးလေးနှင့် အဖွဲ့ဝင်များ၊ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေးရာ သုတေသနအဖွဲ့မှ ပညာရှင်များ၊ မြန်မာနိုင်ငံမှ စင်ကာပူ နိုင်ငံရောက် မြန်မာ့အရေး စိတ်ဝင်စားသူများ အဖွဲ့နှင့် တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် အခွန်တာဝန်နှင့် ပတ်သက်၍ ပိုမိုအသိပညာပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ အား သတင်းပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး သဘောထား နည်းလမ်းများ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ Free Education Channel တစ်ခုထုတ်လွှင့်နိုင်ရေး၊ သတင်းများနှင့် အချက် အလက်များကို မှတ်တမ်းပြုစု ထားရေးနှင့် အများပြည်သူ အလွယ်တကူ ရှာဖွေနိုင်မည့် Digital Library ထူထောင်ရေး၊ ပြည်တွင်း၊ ပြည်ပမှ မြန်မာ့အပြောင်းအလဲတွင် ကူညီလိုသူများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာ့ရေးရာသုတေသနအဖွဲ့မှ ပညာရှင်များဖြစ်သည့် ဦးအေးမောင်ကျော်၊ ဦးရဲမြင့်ကျော်၊ ဦးဇေယျာနှင့် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံရောက် မြန်မာ့အရေး စိတ်ဝင်စားသူ ၉ ဦး တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment