Thursday, January 31, 2019

တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းပြုလုပ်




နေပြည်တော်၊ ဇန်နဝါရီ  ၃၁
တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မားစေရန်ရည်ရွယ်၍ မိတ္ထီလာတပ်နယ်တွင် တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့်သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ယနေ့ပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု စစ်ဆေးသည်။ 














ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား လေ့ကျင့်ခန်းတွင်ပါဝင်သည့် လေ့ကျင့်ရေးခေါင်းဆောင်က လေ့ကျင့်ခန်း အကြောင်းအရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်  လေ့ကျင့်ခန်းတွင် ပါဝင်လုပ်ဆောင်ကြသည့် ခြေလျင်နှင့်သံချပ်ကာ တပ်ဖွဲ့များသည် နောက်ပိုင်းဌာနချုပ်မှ ရှေ့တန်းတိုက်ပွဲဝင်နေရာများသို့ သတ်မှတ်နေရာနှင့်လမ်းကြောင်းများအတိုင်း တိုက်ပွဲဝင်ပုံစံချီတက် တပ်ဖြန့်မှုများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း လေကြောင်းချီတပ်ဖွဲ့များနှင့်  အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များက သတ်မှတ်ရည်မှန်းချက်နေရာများအား စီးနင်း တိုက်ခိုက်ခြင်း၊ တပ်မတော်(လေ)မှ လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက ပစ်မှတ်အသီးသီးအား ပစ်ခတ်ချေမှုန်းခြင်း၊ အမြောက်ကြီးများ၊ အတွဲလိုက် ဒုံးများဖြင့် ပစ်မှတ်များအား ပစ်ခတ်ချေမှုန်းခြင်း၊ ခြေလျင်အကူလက်နက်ကြီးများဖြင့် အနီးကပ်ပစ်ခတ်ချေမှုန်းခြင်း၊ ခြေလျင်နှင့်သံချပ်ကာပူးပေါင်းတပ်ဖွဲ့များက ရန်သူကို ချေမှုန်းတိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကိုသိမ်းပိုက်ခြင်းများကို လေ့ကျင့် ဆောင်ရွက်ကြသည်။

ယင်းနောက် တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်လူနာတင် ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီးလူနာများကို ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ မိမိတပ်များအတွက် လေကြောင်းမှ ခဲယမ်း၊ ရိက္ခာချပေးခြင်း စသည့်လေ့ကျင့်ခန်းများကို အပြီးသတ်ဆောင်ရွက်ကြသည်။

လေ့ကျင့်မှုများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ရှိသူများနှင့်လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား အမှာစကားပြောကြားရာ၌  ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တစ်နိုင်ငံတည်း ဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်ခန်းများ ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့ နိုင်ငံများနှင့် ပူးတွဲ၊  ပူးပေါင်း၍ လေ့ကျင့်ခြင်းများ လည်းဆောင်ရွက်ကြကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိရာတွင် ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရကြောင်း။

ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းစွမ်းပကားနှင့် အီလက်ထရောနစ် နည်းပညာ သာလွန်သည့် သူများသာ စစ်ပွဲကိုအောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို့အတူ လေကြောင်းရန်ကာကွယ်ရေး စွမ်းပကားသည်လည်း ခေတ်သစ်စစ်ပွဲများတွင် အရေးပါကြောင်း၊ ထို့အပြင်အသုံးပြုသည့် လက်နက်ခဲယမ်းများ ကောင်းမွန်မှု၊ ထိရောက်မှု၊ အကွာအဝေးတိကျမှုများသည် အရေးကြီးသဖြင့် သက်ဆိုင်ရာတပ်ဖွဲ့များမှ အမြဲတမ်း သုတေသနပြု ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အဆိုပါလက်နက်ခဲယမ်းများအား ကျွမ်းကျင်စွာအသုံးပြုပစ်ခတ် နိုင်ရန်အတွက် တပ်မတော်တစ်ရပ်လုံး အနေဖြင့် လေ့ကျင့်မှုအမျိုးမျိုးကိုအမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ထို့ကြောင့် မိမိမှ တပ်မတော်တစ်ရပ်လုံး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန် အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ကြရမည်ဟူသော ဆောင်ပုဒ်ကိုသတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း မှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့်အကူ လက်ရုံးတပ် များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

အဆိုပါလေ့ကျင့်ခန်းသို့ ပြည်တွင်းသတင်းမီဒီယာများလည်း တက်ရောက် သတင်းရယူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များကသတင်း မီဒီယာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 (သတင်းစဉ်)

No comments:

Post a Comment