မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပေါင်းစုစည်းမှုဖြင့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အမည်ရှိ ပွဲတော်ကြီးကို တစ်ခေတ်တစ်ခါက ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရာ အထင်ကရနေရာဖြစ်ခဲ့သည့် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း တွင် ဇန်န၀ါရီ ၂၅ ရက်မှ စတင်ကာ ခြောက်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
“မြန်မာနိုင်ငံသမိုင်းမှာ တိုင်းရင်းသားတွေကိုယ်တိုင် ဦးဆောင်ပြီးလုပ်ခွင့်ရတာ ဒီပွဲက ပထမဆုံးပါ။ အနှစ်သာရရှိတဲ့ ယဉ်ကျေးမှုပွဲတော်လို့ မြင်ပါတယ်။ တိုင်းရင်းသားတွေအားလုံး တစ်နေရာ တည်းမှာ ဆုံစည်းပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ ချစ်ခင်ရင်းနှီးမှုတွေ ဖော်ဆောင်ဖို့ အတွက် ရည်ရွယ်ပါတယ်”ဟု ပွဲတော်ကျင်းပရေးအဖွဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းမှ ဒုတိယဥက္ကဋ္ဌ- ၁ ဦးလဖိုင် ခွန်ဆာက ပြောသည်။
အဆိုပါပွဲတော်သည် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကကြီးမှူးကာ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် ဖြစ်သည့် အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့၊ အစားအသောက်၊ ၀တ်စား ဆင်ယင်မှု၊ ယဉ်ကျေးမှု အဆိုအကများ၊ လက်မှုပစ္စည်းများနှင့် တိုင်းရင်းသား လူမျိုးတို့၏ သမိုင်းကြောင်းများကို ဗဟုသုတဖြစ်ဖွယ် လေ့လာကြည့်ရှုရမည့် ပြခန်းများလည်း ပါဝင်မည်ဖြစ်သည်။
ပွဲတော်ကျင်းပရာ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားများ၏ ရိုးရာ အိမ်ငယ်လေးများကို လှပသောအပြင် အဆင်များဖြင့် အစီအရီ ဆောက်လုပ် ထားရှိသည့်အပြင် ရိုးရာဂျပ်ခုတ်လုပ်ငန်းများ၊ ကျောက်စိမ်း၊ ပယင်းနှင့် တွင်းထွက် ရတနာပစ္စည်းများ၊ ရိုးရာအသုံးအဆောင်များကိုလည်း ခင်းကျင်းပြသထားသည်ကို မြင်တွေ့ရသည်။
ပွဲတော်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် တအာင်း(ပလောင်)၊ ကိုးကန့်၊ ဓနု၊ ပအိုဝ်း၊ “၀” စသည့်ဒေသများမှ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ၊ ဒေသထွက် ကုန်များ၊ သွား ရောက်လည်ပတ်စရာ သဘာဝအလှအပများရှိသည့် နေရာများကို တစ်နေရာ တည်းတွင် ကိုယ်တိုင် ကိုယ်ကျ သိမြင်ခံစားနိုင်ရန် ပြခန်းများလည်း ဖွင့်လှစ် ထားကြောင်း သိရသည်။
“ဒီပွဲတော် ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားတွေ သွေးစည်းညီညွတ် မှုတွေဖြစ်လာမယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားလာမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဦးတည်လာမယ်”ဟု ရန်ကုန်အဝေးသင် တက္တသိုလ်သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ခင်စောနွဲ့က ပြောသည်။
ပွဲတော်တွင် ထူးခြားချက်အနေဖြင့် နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ထားသည့် စင်မြင့်ထက်တွင် ဒေသအသီးသီးမှ တိုင်းရင်းသူလေးများ ပါဝင်ယှဉ်ပြိုင်မည့် Miss Ethnic Myanmar 2019 ပြိုင်ပွဲ၊ မြန်မာ့ရိုးရာဇာတ်သဘင်ဖျော်ဖြေမှုများ၊ နာမည်ကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် ပွဲတော် ကာလ အတွင်း ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။
ယခုကျင်းပသည့် ပွဲတော်သည် တိုင်းရင်းသားတို့၏ အမည်နာမကို စီစဉ်ရာတွင် အက္ခရာ စဉ်အလိုက် ကချင် တိုင်းရင်းသားများက အခြားသော တိုင်းရင်းသားများနှင့် လက်တွဲကာ ပထမဆုံး ဦးဆောင်ကျင်းပခြင်းဖြစ်ရာ ကချင်မနောတိုင်၊ မနောအိမ်နှင့် အချင်း ပေ ၃၀၀ ခန့်ရှိ မနောရင်ပြင်ကျယ်တွင် ကချင်ရိုးရာ မနောအကကို အတူတကွ စုပေါင်းပြီး ပျော်ပျော်ပါးပါး ကပြဆင်နွှဲ ကြမည်ဖြစ်ပြီး ပွဲတော်သို့လာရောက် သူများလည်း ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
“မနောပွဲတော်ကြီးကို ကချင်လို ဆွတ်မနောဆိုတဲ့ ခေါင်းစဉ်နဲ့ ကသွားမှာ ဖြစ်ပါတယ်။ စီးပွားရေးတိုး တက်ခြင်း၊ သာယာဝပြောခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်တိုင်းရင်း သားတွေနဲ့အတူအခြား တိုင်းရင်းသားညီအစ်ကိုတွေလက်တွဲပြီး ဒီပွဲတော်ကြီးကို လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြောသည်။
ထို့ပြင် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းရောင်းချသည့် ဆိုင်ခန်းများ၊ လူမျိုးဘာသာမရွေး စားသောက် နိုင်သည့် စားသောက်ဆိုင်များ၊ တိုင်းရင်းသား ရိုးရာအစားအစာများ ရောင်းချမည့် ညဈေးတန်းများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနိုင်သည့် မီးအလှပြင်ဆင်ထား ရှိမှုများ၊ ကလေးကစားကွင်းများလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
“ဒီပွဲတော်မှာ တိုင်းရင်းသားရိုးရာအစားအစာတွေရမယ်၊ ရိုးရာယဉ်ကျေးမှု အကအလှတွေပါမယ်၊ ကရင်ဒုံးယိမ်းအက တွေ၊ မနောအကတွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုတွေ၊ အက၊ အလှတွေကို တစ်နေရာတည်းမှာ အားလုံးတွေ့ရမှာ ဖြစ်တဲ့အတွက် အားလုံးကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်”ဟု တေးသံရှင် ဒေါ်ကေဂျာနူးက ပြောသည်။
သို့ပါ၍ ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းတွင် ဇန်န၀ါရီ ၂၅ ရက်မှ ၃၀ ရက်ထိ ခြောက်ရက်တိုင် ၀င်ကြေး အခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည့် မြန်မာတစ်နိုင်ငံလုံးမှ သွေးချင်း ညီအစ်ကို၊ မောင်နှမ၊ တိုင်းရင်းသား တို့၏ အက၊ အလှ၊ ယဉ်ကျေးမှုများကို တစ်နေရာတည်းတွင် ကြုံတောင့်ကြုံခဲ မြင်တွေ့ခံစားရမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ” ပွဲတော်သို့ လာရောက်ဆင်နွှဲ ကြပါရန် ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါး-သီသီမင်း
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:
Post a Comment