Wednesday, January 23, 2019

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ



မြစ်ကြီးနား ဇန်နဝါရီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကလေးစာပေ ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအေးကြွယ်က ကလေး စာပေပွဲတော်အတွင်း ဆောင်ရွက်ခဲ့မှုများ ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ကျေးဇူး တင်စကား ပြောကြားသည်။

ပြိုင်ပွဲပေါင်းများစွာယှဉ်ပြိုင်

ထို့နောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာ စကားပြောကြားရာတွင် ကလေးစာပေ ပွဲတော် (မြစ်ကြီးနား) တွင် ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူ တစ်သိန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြပါ ကြောင်း၊ ပွဲတော်နှင့်အတူ ကျောင်းသား ကျောင်းသူများသည် ကာယဉာဏ ဖွံ့ဖြိုး တိုးတက်စေသည့် ပြိုင်ပွဲပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသား ဘာသာ စကားဖြင့် ပြုလုပ်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို လည်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ရိုးရာအကများဖြင့် ပါဝင်ဖျော်ဖြေ ခဲ့ကြသည့်အတွက် အထူးပင်ပျော်ရွှင်စရာ ကောင်းသည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် လူငယ်များ စာဖတ်ရန်၊ စာပေနှင့် ထိတွေ့ရင်းနှီးရန် မှာ အနည်းငယ် အလှမ်းကွာနေပါကြောင်း၊ နည်းပညာအသစ်များ၏ နောက်တွင် စာအုပ်စာပေများသည် နောက်ကျ ကျန်ရစ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ အင်တာနက် ယဉ်ကျေးမှုများ၏ ဆွဲဆောင်မှုနောက်တွင် ကလေးများ၊ လူငယ်များသည် စာအုပ်စာပေကို မေ့လျော့နေကြပါကြောင်း၊ စာအုပ်စာပေ များ၏ အရသာကို မေ့လျော့နေကြပါ ကြောင်း၊ ယနေ့ကျင်းပသည့် ပွဲတော်သည် ကလေးများ၊ လူငယ်များ စာအုပ်စာပေ များနှင့် ရင်းနှီးထိတွေ့နိုင်စေရန်အတွက် အထောက်အပံ့ဖြစ်စေသည့် ပွဲတော်တစ်ခု ဖြစ်သည်ကို မိမိတို့ တွေ့ရပါကြောင်း။

စာဖတ်မှ ဉာဏ်ရည်ဖွံ့ဖြိုး

ကလေးများ၊ လူငယ်များ စာဖတ်ရန် အရေးကိစ္စသည် နိုင်ငံနှင့်ချီပြီး အရေးပါ သည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ စာပေ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခု၏ တိုးတက်မှုသည် ဒွန်တွဲ နေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကို လေ့လာ ကြည့်လျှင် စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေးကို မဏ္ဍိုင်တစ်ရပ်အနေဖြင့် အထူးတလည် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် စာပေယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်နေပါ ကြောင်း၊ စာဖတ်မှသာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ပြီး စဉ်းစားတွေးခေါ်မှုနှင့် စိတ်ဓာတ်ခွန်အား ရင့်သန်မည်ဖြစ်ပါ ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတစ်ခု တည်ဆောက်ရာတွင် ကာယ၊ ဉာဏ နှစ်မျိုးစလုံး ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအားအရင်းအမြစ်များ အထူး လိုအပ်ပါကြောင်း၊ စာပေသည် လူတစ်ယောက်၏ စိတ်နှလုံးကို အစွန်း မရောက်ရန် ထိန်းညှိပေးနိုင်ပါကြောင်း၊ ထို့ပြင် လူတစ်ယောက်၏ အတွေးအခေါ် များ လမ်းမှန်ရောက်စေရန်လည်း ထိန်းကျောင်းပေးနိုင်ပါကြောင်း၊ ထို့ကြောင့် စာများများဖတ်ရန် ကလေး ငယ်များကို ပံ့ပိုးပေးရမည်ဖြစ်ပြီး စာအုပ် စာပေနှင့် ထိတွေ့နိုင်ရန်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ယနေ့ ကလေးငယ်များသည် ပြင်ပ ဗဟုသုတစာပေကို ဖတ်ရှုလေ့လာချိန်၊ ကာယလှုပ်ရှား ကစားချိန်များထက် ကျောင်းစာကို လေ့လာသင်ယူချိန်များက ပိုမိုများပြားနေသည်ကို တွေ့ရပါကြောင်း၊ မိဘများကိုယ်တိုင် ကျောင်းစာလေ့လာ ရန် အထူးတွန်းအားပေး ဆောင်ရွက်ပြီး ပြင်ပဗဟုသုတနှင့် ကာယလှုပ်ရှားမှုများ ကို အားပေးရန် မေ့လျော့နေသည်ကို လည်း မျက်မှောက်ယဉ်ကျေးမှု အသစ် ကဲ့သို့ တွေ့နေရပါကြောင်း၊ ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော်သည် ကျောင်းစာသာမက အခြားလိုအပ်သည့် အချက်များကို ကလေးများနှင့် မိဘ များအား မီးမောင်းထိုးပြပေးနိုင်ခဲ့ ပါကြောင်း။

အတွေ့အကြုံများ အသုံးချ

ကလေးစာပေပွဲတော်တွင် ပါဝင်သည့် အစီအစဉ်များ၊ ပြိုင်ပွဲများနှင့် ကစားပွဲများသည် ကာယ၊ ဉာဏ နှစ်မျိုး စလုံး ဖွံ့ဖြိုးတိုးတက်စေပြီး ထူးချွန် အောင်မြင်ရုံသာမက ပျော်ရွှင်သည့် ကလေးငယ်များ ဖြစ်လာစေရန် အထောက်အပံ့ပေးမည် ဖြစ်ပါကြောင်း၊ ကာယ၊ ဉာဏ နှစ်မျိုးစလုံးမှာ ထူးချွန်သူ များဖြစ်လာစေရန်အတွက် ကလေးစာပေ ပွဲတော်မှရရှိသည့် အတွေ့အကြုံများကို အသုံးချပြီး ဘ၀ကို ဖြတ်သန်းရန်အတွက် ဤနေရာမှ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ကလေးစာပေပွဲတော်၊ ကလေး စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment