Thursday, January 31, 2019

စာကြည့်တိုက် အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း (ယမန်နေ့မှအဆက်)

သတင်းအဖွဲ့
အခုအခါမှာ တကယ့်ကို အသွင်ပြောင်းလာတဲ့အချိန်မှာ စာကြည့်တိုက်ဆိုတာ တကယ်ကို အားလုံးပျော်ရွှင်ပြီးတော့ စိတ်ချမ်းမြေ့မှုရတဲ့ နေရာတစ်ခုဖြစ်တယ်

 (ဒေါ်မြတ်စမ်းငြိမ်း)
စာကြည့်တိုက် အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း အပိုင်း(၁)နှင့် (၂)ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် စာကြည့်တိုက် မှူးကြီး ဒေါ်ယုယုတင်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်မြတ်စမ်းငြိမ်း၊ မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်မှူး။ ။ စာကြည့်တိုက်တွေ ရေရှည်တည်တံ့ရေးအတွက် လူမှုအဖွဲ့အစည်းဆိုင်ရာ စာကြည့်တိုက်များ ဆိုတဲ့ Community Library ပူးပေါင်းပါဝင်မှုကိုလည်း ဆရာမက ဆက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဒေါ်မြတ်စမ်းငြိမ်း။ ။ ဒါက သိပ်အရေးကြီးပါတယ်။ Beyond Access Myanmar Project ဆိုတာ Community librarian တွေနဲ့ တွဲပြီးတော့ မိတ်ဖက်အနေနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူ့ စာကြည့်တိုက်မှူးတွေရဲ့ အကူအညီနဲ့ ကျွန်မတို့ ကျောင်းစာကြည့်တိုက်တွေ အကောင် အထည် ဖော်ရတာ ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာ ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမတွေ၊ မိဘတွေအားလုံး နဲ့အတူ တွဲဖက်လုပ်ကိုင်နေတာကတော့ Community စာကြည့်တိုက်မှူဗတွပါ။ ပြည်သူ့စာကြည့်တိုက်မှူးတွေ၊ ရပ်ရွာအခြေပြု စာကြည့်တိုက် မှူးတွေက ဒီကျောင်းတွေမှာ သွားပြီးတော့ ဒီကျောင်းတွေရဲ့ လိုအပ်ချက်တွေ၊ အောင်မြင် မှုတွေကို မှတ်တမ်းလုပ်ထားတာပါ။ အောင်မြင်မှုရော၊ လိုအပ်ချက်ရော မှတ်တမ်းလုပ်ပြီး ဘယ်နေရာမှာ ဝိုင်းဝန်းဖြည့်ဆည်းပေးရမလဲဆိုတာကို အမြဲအဖြေရှာ ပါတယ်။ ဒီ Library Observation Form ဆိုတဲ့ဟာ ကို Let’s Read Project ကချမှတ်ထားပြီးဖြစ်ပါတယ်။
ရေရှည်တည်တံ့
ဒီနေရာမှာ Community စာကြည့်တိုက်မှူးတွေ၊ ပြည်သူ့စာကြည့်တိုက်မှူးတွေကို Credit ပေးရမှာဖြစ်ပါ တယ်။ သူတို့က တစ်လကို နှစ်ခါ၊ သုံးခါ တတ်နိုင်သလို သွားပါတယ်။ သွားပြီးတော့ ကျောင်းအုပ်ကြီးနဲ့ ဆွေးနွေး တယ်။ ဆရာ ဆရာမတွေနဲ့ ဆွေးနွေးတယ်။ ရေရှည်တည်တံ့ ဖို့အတွက် အဓိကအရေးကြီးဆုံးက ဘယ်သူလဲ။ ကျောင်း စာကြည့်တိုက် တစ်ခုက ဒီ Generation ကနေ Next Generation အထိ Forever အသက်ရှင်နိုင်ဖို့ ရေရှည် တည်တံ့ဖို့က ဆရာ၊ ဆရာမများနဲ့ မိဘများပဲ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဆရာမအနေနဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းစာကြည့်တိုက် အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတာလေးတွေကိုလည်း ပြောပြပေးစေ လိုပါတယ်။
ဒေါ်သစ်သစ်ခိုင်။ ။ ကျောင်းစာကြည့်တိုက်တွေမှာဆိုရင် ကလေးတွေက ကလေးဘ၀ ကတည်းက ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်နဲ့ ပညာဗဟုသုတတွေ ရှာမှီးတတ်တဲ့ အလေ့ အကျင့်တွေ ရရှိလာဖို့အတွက် အထူး လိုအပ်ပါတယ်။ ကလေးဘ၀ကတည်းက စာဖတ်တတ် တဲ့ အလေ့အကျင့်တွေရဖို့ အများကြီးလိုအပ်ပါတယ်။ အဲဒီလို ကလေးတွေ စာဖတ်လာဖို့ဆိုရင် ကျွန်မတို့က စာကြည့် တိုက်တွေကို သွားချင်အောင်၊ စာဖတ်ချင်အောင်၊ တစ်ယောက်နဲ့ တစ်ယောက်ပြန်ပြီး Share လုပ်ချင် အောင်၊ သူတို့သိခဲ့တဲ့ အသိလေးတွေကို ပြန်ပြီးတော့ ပြောကြမယ်။ ဆရာ ၊ဆရာမများကလည်း သူတို့မဖတ်နိုင်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပြီး ရှင်းပြမယ်ဆိုရင် ဒီစာကြည့်တိုက်က သူတို့အတွက် အကျိုးရှိတဲ့နေရာ၊ ပျော်စရာကောင်းတဲ့ နေရာ၊ သူတို့မသိတာတွေကို သိဖို့ အတွက် လုပ်ပေးတဲ့နေရာလို့ သူတို့က ခံယူထားကြမှာပါ။
ထပ်မံလေ့လာနိုင်
ကလေးတွေအနေနဲ့ စာကြည့်တိုက်တွေကို သွားပြီးတော့ အသုံးပြုမယ့်အချိန်ကို သတ်မှတ်ပေး မယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်ဆိုပြီးတော့ ဆရာကြီးတို့ ဘက်ကနေ တောင်းဆို ပါတယ်။ ဒါကြောင့် ကျွန်မတို့ အခြေခံပညာဦးစီးဌာနအနေနဲ့ အခြေခံကျောင်းတွေမှာ တစ်ပတ်ကိုတစ်ကြိမ် စာကြည့်တိုက် အသုံးပြုချိန်အနေနဲ့ အသုံးပြုပြီးတော့ ကလေးတွေကို စာဖတ်ခန်း၊ စာကြည့်တိုက်ကို လွှတ်ပေးပါဆိုပြီးတော့ ညွှန်ကြားပါတယ်။ အဲဒီ အတိုင်းပဲ ကျောင်းတော်တော်များများမှာတော့ လိုက်နာ ဆောင်ရွက်နေတာတွေ့ရပါတယ်။ နောက်တစ်ခုက ကလေးတွေ စာကြည့်တိုက် အသုံးပြုလာဖို့ အတွက်က ဆရာ ဆရာမတွေအနေနဲ့လည်း အများကြီးလိုအပ်ပါတယ်။ ဆရာ ၊ဆရာမတွေက စာကြည့်တိုက် ကိုသွားဖို့အတွက် ကြီးကြပ်ပြီးတော့ လမ်းညွှန်ဆောင်ရွက်မယ့်၊ အခုလက်ရှိ ပြဋ္ဌာန်းစာအုပ်မှာသင်ရတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက်ပြီးတော့ စာကြည့်တိုက်က ထပ်မံလေ့လာနိုင်မယ့် အကြောင်းအရာလေးတွေကို ကျွန်မတို့က သင်ခန်းစာ ခေါင်းစဉ်လေးပေးပြီး သူတို့ကို လေ့လာခိုင်းမယ်၊ လုပ်ငန်း လေးတွေပေးမယ်ဆိုရင် ကလေးတွေက မဖြစ်မနေ စာကြည့်တိုက်ကို သွားပြီး လေ့လာကြမှာပါ။
အဲဒီလိုလုပ်ငန်းလေးတွေပေးဖို့ ဒီဘက်မှာလည်း ဆရာ ဆရာမတွေကို အစည်းအဝေးတွေမှာ ညွှန်ကြား တယ်။ ပြောပြတယ်။ ဆွေးနွေးတယ်။ အခုလည်း ကျောင်း တော်တော်များများမှာ ဆောင်ရွက်လာပါပြီ။ ကလေးတွေ စာဖတ်တတ်တဲ့ အလေ့အကျင့်ရရှိဖို့ဆိုရင် အသက်ကြီးမှ ဒီလုပ်ငန်းကို လုပ်လို့မရပါဘူး။ မူလတန်းအဆင့်အရွယ် ကတည်းက ကလေးဟာ စာဖတ်ခြင်း အလုပ်ကို သူသည် ပျော်မယ်၊ ဒီစာကြည့်တိုက်ကို သွားချင်တဲ့စိတ်ဖြစ်အောင် လေ့ကျင့်ပေး ရပါမယ်။ အခုလည်း ကျောင်းတွေမှာ ကလေးမိတ်ဆွေ စာကြည့်တိုက်လေးတွေ ဖြစ်လာဖို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
အစီအစဉ်မှူး။ ။ စာကြည့်တိုက် အသုံးပြုသူတွေ များပြားပြီးတော့ ရေရှည်တည်တံ့အောင် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဒေါက်တာသန့်သော်ကောင်း။ ။ ဒါဟာအင်မတန် အရေးကြီးပါတယ်။ စာကြည့်တိုက်ဆို တာက ဖွင့်ရတာလွယ်ပါတယ်။ ထိန်းသိမ်း ရတာခက်ပါတယ်။ ရေရှည်တည်တံ့ဖို့အတွက် လုပ်သင့်တဲ့ အချက်လေးတွေရှိပါတယ်။ အဓိကခြောက်ချက်လောက် ဆွေးနွေးချင်ပါတယ်။ နံပါတ်(၁)ကတော့ Fresh ဖြစ်ဖို့ လိုပါတယ်။ စာကြည့်တိုက်တွေဟာ အမြဲသစ်လွင်ရမယ်။ စာကြည့်တိုက်ရဲ့ အခန်းကလည်း သစ်လွင်နေဖို့လိုသလို စာအုပ်တွေကလည်း သစ်လွင် ဖို့လိုပါတယ်။ ကျွန်တော်တို့ ပေးထားတဲ့ စာအုပ်တစ်အုပ်ဟာ ခြောက်လလောက်ဆိုရင် ကလေးတွေက အကုန်ဖတ်ပြီးသွားပြီ ဖြစ်ပါတယ်။ အဲဒီ အခါကျရင် အသစ်တွေက ထပ်လိုလာလိမ့်မယ်။ ဒါကြောင့် နောက်ထပ် စာအုပ်အသစ်ထပ်ရနိုင်ဖို့ကို သင်တန်းတွေမှာ လည်းပို့ချပါတယ်။ ကျွန်တော်တို့ဘက်ကလည်း လှူနိုင်ရင် လှူမယ်၊ မလှူနိုင်ရင်လည်း ဒီကျောင်းမှာရှိတဲ့ မိတ်ဖက် အဖွဲ့တွေရှိတယ်။ မိဘဆရာအသင်းတို့၊ ကျောင်းအကျိုး တော်ဆောင် အဖွဲ့တို့နဲ့ ချိတ်ဆက်ပြီးတော့ စာအုပ်တွေကိနိလှူနိုင်အောင်၊ ရနိုင်အောင် ကြိုးစားဖို့ပါ။ အခန်းရော၊ စာအုပ်ရော၊ လူကလည်း Fresh ဖြစ်နေဖို့လိုပါတယ်။
ကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်
Regular Activities က အခုဆိုရင် တစ်ပတ် တစ်ကြိမ်ကို ပုံမှန်စာကြည့်တိုက် မသွား မနေ ရပေါ့။ ကလေးတွေက တက်တက်ကြွကြွနဲ့ မတိုက်တွန်းဘဲကို သွားတာပါ။ ပျော်လို့ကို သွားတာပါ။ အဲဒီအချိန်မှာ စာဖတ် ခြင်းလေးမျိုးကို အလှည့်ကျလုပ်တယ်။ နောက်ပိုင်းကျရင် တော့ Read Review လေးတွေ လုပ်တာမျိုးတွေရှိလာမယ်။ ပြိုင်ပွဲလေးတွေ လုပ်တာ မျိုးတွေရှိလာမယ်။ ဒါက ပုံမှန်လှုပ်ရှားမှုပါ။ အရေးကြီးတဲ့ တစ်ချက်ကတော့ Ownership ပြန်ပေးဖို့လိုပါတယ်။ ကျောင်းသား ကျောင်းသူတွေပိုင်တဲ့ စာကြည့်တိုက်လေးဖြစ်ပါတယ်။ ဒီ စာကြည့်တိုက်လေး ရေရှည်တည်တံ့ဖို့ သားတို့သမီးတို့က ဒါကိုမွမ်းမံပါ၊ ထိန်းသိမ်း ပါဆိုတဲ့အခါ ကလေးတွေ ကိုယ်တိုင်ကပါဝင်လာပြီး စာအုပ်ကို ဝိုင်းစီပေးတာ၊ လုပ်အားပေးဝင်လုပ်ပေးတာ ဒါမျိုးလေးတွေကို တွေ့ရပါတယ်။ ဒါကျွန်တော်တို့က Ownership ပေးတာပါ။ ဒါမှသာလျှင် ဒီစာကြည့်တိုက်လေးသည် သူတို့ပိုင်တဲ့ စာကြည့်တိုက်လေးပါလား ဆိုတဲ့ အမြင်လေးဖြစ်မှသာလျှင် သူတို့ကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Ownership ကို ရပ်ရွာကိုလည်း ပေးဖို့လိုပါတယ်။ ဒါမှလည်း ရပ်ရွာကလည်း တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးလို့ရမှာပါ။
နံပါတ် (၄) အချက်က Partnership ပူးပေါင်း ဆောင်ရွက်မှုပါ။ ဒီ Project ဆိုရင်လည်း ကျွန်တော်တို့ တစ်ဖွဲ့တည်း လုပ်တာမဟုတ်ပါဘူး။ ပြည်တွင်းမှာဆိုရင် MBAPF အပြင် မြန်မာနိုင်ငံ စာကြည့်တိုက် အသင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ပညာရေးဝန်ကြီးဌာနက အဓိက ပါတယ်။ နိုင်ငံတကာမှာတော့ hRoom to Read က အဓိက ပါပါတယ်။ အခုရက်ပိုင်းမှာတော့ ဗြဌ ဏသတနမ ဆိုတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကလည်း စာကြည့်တိုက် ၁၅ လုံးကို ရင်းနှီးမြှုပ်နှံထားပါတယ်။ ရန်ကုန်တိုင်းဒေသ ကြီးကလည်း စာကြည့်တိုက် ၁၆ လုံး အထိ လှူထားတာရှိပါ တယ်။ ဒီ Partnership က ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ကျွန်တော်တို့က အမြဲတမ်းရှာရတာပေါ့။ အခုဆိုရင် UNICEF နဲ့ စကားပြောနေတာရှိတယ်။ ကျောင်းပေါင်း နောက်ထပ် ၄၉ ကျောင်းလောက်ထပ်ပြီး တိုးချဲ့ဖို့တွေရှိ နေပါတယ်။ ကျွန်တော်တို့ ပံ့ပိုးတဲ့သူတွေက Partnership လုပ်ဖို့လိုသလို ကျောင်းတွေဘက်ကလည်း ကျောင်းအကျိုး တော်ဆောင်တွေနဲ့ Partnership တွေ ရှာဖို့လိုပါတယ်။
စွမ်းဆောင်ရည်မြှင့်
နောက်တစ်ချက်က Capacity Building လို့ ခေါ်ပါတယ်။ စာကြည့်တိုက်မှူး စွမ်းဆောင်ရည်မြှင့် သင်တန်းတွေ ပေးဖို့လိုပါတယ်။ အဓိကက စာကြည့်တိုက် တစ်ခုကို ဘယ်လို Management လုပ်ရမလဲ၊ စာဖတ် ချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမလဲ၊ ကိုယ့် စာကြည့်တိုက်တွေကို ကောင်းကောင်းဘယ်လိုလုပ်ရမလဲ၊ ဒါမျိုးတွေကို Training ကောင်းကောင်း ပေးပါတယ်။ ဒါမှသာလျှင် စာကြည့်တိုက်တွေကို သွားတဲ့အခါမှာ သေချာလုပ်တတ်မယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ အရေးကြီးဆုံးကတော့ M and E လို့ ခေါ်ပါတယ်။ Monitory and Evaluations ပေါ့။ ကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက်အထိ အောင်မြင်နေလဲ၊ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်နေပြီလဲ။ စောစောကပြောခဲ့တဲ့ Observation Form လေးကို Community Librarian နဲ့ ရပ်ရွာစာကြည့်တိုက်မှူးတွေက ယူရမယ်။ ကျောင်းတွေကိုယူသွားပြီးတော့ ကြည့်မယ်။ နောက် ခြောက်လလောက်ဆိုရင် အခုလုပ်နေတဲ့ Project က ၇၁ ကျောင်းမှာ Categories သုံးမျိုးကွဲသွားပါလိမ့်မယ်။ တစ်ခုကတော့ Developing လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲစာကြည့်တိုက်၊ တစ်ခုကတော့ Functional လို့ခေါ်တဲ့ လုပ်ငန်း လည်ပတ်နေပြီးတဲ့ စာကြည့်တိုက်၊ နောက်တစ်မျိုးကတော့ Highly Functional လို့ခေါ်တဲ့ အစွမ်းကုန် လည်ပတ် နေပြီးတဲ့ စာကြည့်တိုက် ဆိုပြီးတော့ Categories သုံးမျိုး ကွဲသွားပါတယ်။
ဒါမျိုးတွေကို နောက်ခြောက်လလောက်ဆို မြင်ရပါလိမ့်မယ်။ ဒီရေရှည်တည်တံ့ဖို့အတွက်က ဒီခြောက်မျိုးက အရေးအကြီးဆုံးဖြစ်ပါတယ်ဆိုတာကို တင်ပြချင်ပါတယ။်
အစီအစဉ်မှူး။ ။ အဆင့်မြင့်ပညာကဏ္ဍမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာကြည့်တိုက် အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုစာပေမျိုးတွေ လေ့လာဖတ်ရှုနေတယ်ဆိုတာ သိပါရစေ။
ဒေါ်ယုယုတင်။ ။ အဆင့်မြင့်ပညာကဏ္ဍရဲ့ တက္ကသိုလ် ကောလိပ်တွေမှာဆိုရင် ကျောင်းသား၊ ကျောင်းသူတွေက သုတစာပေရော၊ ရသစာပေရော မျှမျှတတဖတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေ ကိုလည်း လေ့လာဖတ်ကြတယ်။ နောင် သူတို့ရဲ့ Major နဲ့ဆိုင်တဲ့ Psychology၊ Philosophy၊ Chemistry၊ Maths တို့နဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်းဖတ်တယ်။ ဗဟုသုတရမယ့် ဉာဏ်စမ်းပဟေဠိ စာအုပ်မျိုး၊ ကျန်းမာရေးနဲ့ပတ်သက်တာမျိုး၊ ကမ္ဘာ့နိုင်ငံအကြောင်း၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်မျိုးတွေ ဖတ်ကြ ပါတယ်။ ရသအနေနဲ့ဆိုရင် မြသန်းတင့်တို့၊ ဂျူးတို့၊ ဂျာနယ်ကျော်မမလေးစတဲ့ ဘာသာပြန်စာအုပ်မျိုးလည်း ဖတ်ကြပါတယ်။ နောက်ပြီးတော့ ကျမ်းပြုတဲ့သူတွေ၊ သုတေသနပြုနေတဲ့သူတွေ အားလုံးကလည်း လာပြီးတော့ အရင်က မဂ္ဂဇင်းဟောင်းတွေ၊ သတင်းစာတွေ သူတို့နဲ့ ပတ်သက်ရာ လိုအပ်တဲ့ information တွေကို လာပြီး တော့ ဖတ်ကြပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ စာအုပ်စာတမ်းအပြင် ပေ၊ ပုရပိုက် တွေလည်း စုဆောင်းထားတဲ့အတွက်ကြောင့် ပြင်ပ သုတေသီတွေရောလာပြီး ပေ၊ ပုရပိုက်တွေကိုလေ့လာပြီး အဲဒီမှာပါတဲ့ ဆေးကျမ်းတို့၊ ဓမ္မသတ်တို့၊ ဘာသာရေးဆိုင်ရာ တို့၊ နက္ခတ်တို့၊ ဗေဒင်ကျမ်းတို့နဲ့ ပတ်သက်တာမျိုးတွေ လည်း လာပြီးတော့ ဖတ်ကြပါတယ်။
အစီအစဉ်မှူး။ ။ ဆရာမတို့ရဲ့ စာကြည့်တိုက်ကို လူတိုင်းက အသုံးပြုနိုင်ပါသလား။ နောက် ကျောင်းသားမဟုတ်တဲ့ လူတွေအတွက်ရော ဘယ်လိုမျိုး စီစဉ်ထားသလဲဆိုတာ ရှင်းပြပေးစေ လိုပါတယ်။
ဒေါ်ယုယုတင်။ ။ ကျွန်မတို့ စာကြည့်တိုက်က ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာရှိပြီး ရန်ကုန် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေလည်း ဖတ်နိုင်ပါတယ်။ ပြင်ပလူတွေအနေနဲ့ ဖတ်ဖို့အတွက် မှတ်ပုံတင်ကတ်ပြားကိုပြသပြီး ဖတ်လို့ရပါတယ်။ မိတ္တူ ကူးလို့ရတယ်။ Scan ဖတ်ပေးတယ်။ Digital Type လုပ်ပေးတယ်။ အိမ်ကိုငှားသွားမယ်ဆိုရင်တော့ နှစ်အုပ် ပေးငှားပါတယ်။ ပြင်ပလူတွေအတွက်လည်း အငှားကတ် လေးတွေ လုပ်ပေးထားပါတယ်။
အစီအစဉ်မှူး။ ။ ဒီစကားဝိုင်းနဲ့ ပတ်သက်ပြီး မိဘပြည်သူတွေ၊ ကျောင်းသား ကျောင်းသူတွေကို အသိပေးပြောကြားလိုတဲ့ အကြောင်းအရာလေးတွေ ရှိရင်လည်း ဖြည့်စွက်ပြောကြား ပေးစေလိုပါတယ်။
ဒေါ်သစ်သစ်ခိုင်။ ။ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနအနေနဲ့ ဖြည့်စွက်ပြောချင် တာကတော့ စာကြည့်တိုက်တွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး အဓိက ကတော့ ကျောင်းအုပ်ကြီးပါ။ ကျောင်းအုပ်ကြီးရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ကိုယ့်ကျောင်းရဲ့ စာကြည့် တိုက်တစ်ခုရဲ့ သက်ဝင်လှုပ်ရှားမှု၊ Functional ဖြစ်မှု တွေဟာ ဒီကျောင်းအုပ်ကြီးအပေါ်မှာ အလွန်အရေးကြီးပါ တယ်။ ဒီကျောင်းအုပ်ကြီးက စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်တစားနဲ့ ဆရာ ဆရာမတွေနဲ့ရော၊ မိဘ၊ ဆရာ တွေနဲ့ရော ပြင်ပ Community အဖွဲ့တွေနဲ့ပါ ပူးပေါင်း ပြီးတော့ ကလေးတွေအတွက် ကိုလည်း မိတ်ဆွေစာကြည့် တိုက်တစ်ခုဖြစ်ဖို့ဆိုတာ လိုအပ်တဲ့စာအုပ်တွေက Update နဲ့ ပတ်သက်ပြီး ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ကျောင်းအုပ်ကြီးက သူ့ရဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူသည် အမြဲတမ်း စဉ်းစားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအုပ်ကြီးတွေသည် ကျောင်းတွေမှာ သင်ကြားရေးသာမကဘဲနဲ့ ကလေးဘ၀ကတည်းကနေ သူတို့ အသက်ကြီးလာတဲ့အထိ အကျိုးရှိသွားမယ့် စာဖတ်ခြင်း အလေ့အကျင့်ကို ရှင်သန်နိုင်ဖို့က လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ကျောင်းတစ်ကျောင်းရဲ့ စာကြည့်တိုက်ဖွံ့ ဖြိုးဖို့အတွက်ဆိုရင် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ ဆရာမတွေ၊ မိဘ၊ ဆရာအဖွဲ့တွေ၊ ရပ်မိ ရပ်ဖတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေး ကြပါလို့ တိုက်တွန်းအကြံပြုလိုပါတယ်။
ဒေါက်တာသန့်သော်ကောင်း။ ။ဒီစီမံကိန်းတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ အရေးအကြီးဆုံးက ပူးပေါင်းဆောင်ရွက်မှုပါ။ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့နေရာမှာ ကျောင်းအုပ်ကြီးက အရေး ကြီးပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှု၊ တက်တက်ကြွကြွရှိမှု၊ ဘယ်လောက်အထိ စွမ်းဆောင်နိုင် မှုရှိသလဲ။ တခြားအဖွဲ့ အစည်းတွေနဲ့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက် ချင်စိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။ ကျွန်တော် တို့ တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကျောင်းပေါင်း ၄၇၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ ၂၆၀၀၀ လောက်ပဲ စာကြည့်တိုက် ရှိသေးတယ်။ ဒီစီမံကိန်းတွေဆိုတာက နိုင်ငံနဲ့အဝှမ်း လုပ်ရမယ့် စီမံကိန်းတွေဖြစ်တဲ့ အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဝိုင်းဝန်း ဆောင်ရွက်ပေးကြတဲ့ ပညာရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ ဆရာ ဆရာမတွေ၊ Community librarian တွေကိုပါ အထူး ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။
ဒေါ်မြတ်စမ်းငြိမ်း။ ။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း အနေန Non- Professional တွေ၊ Para-Professional တွေ၊ ခုလို ပြောတဲ့ စာကြည့်တိုက်မှူးတွေ သူတို့က စာကြည့်တိုက်မှူး တွေ လုပ်နေကြတယ်။ ဒါပေမယ့် စာကြည့်တိုက် သင်တန်း မတက်ရသေးတဲ့ ဆရာ ဆရာမတွေ အများကြီးရှိပါတယ်။ အဲဒီအတွက် ကျွန်မတို့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းတွေက အခြေခံ စာကြည့်တိုက်ပညာနဲ့ အဆင့်မြင့် စာကြည့်တိုက်ပညာဆိုပြီး နှစ်ပိုင်းခွဲပြီး တစ်နှစ်ကို နှစ်ကြိမ် အမြဲပြုလုပ်နေတာ ရှိပါတယ်။ စာကြည့်တိုက်လုပ်ငန်းကို လုပ်နေတဲ့သူတွေ၊ စာကြည့်တိုက် လုပ်ငန်းကို ဝါသနာပါသူတွေ၊ စာပေကိုချစ်မြတ်နိုးသူတွေ မည်သူမဆို တက်ရောက်လို့ရပါတယ်။ ဒီဇင်ဘာမှာ တစ်လသင်တန်း ဖွင့်မှာဖြစ်တယ်။ အဲဒီအတွက်လည်း ဝန်ကြီးဌာနတွေ အကုန်လုံးကို စာပို့ထားပြီး ဖြစ်ပါတယ်။ ဒါက အခြေခံက စပြီး လုပ်ငန်းကျွမ်းကျင်အောင်နဲ့ စာကြည့်တိုက်ကို ချစ်မြတ်နိုးအောင် သင်ပေးလိုက်တာ ဖြစ်ပါတယ်။ တော်တော်များများ စာကြည့်တိုက်မှူးတွေ၊ ဆရာ ဆရာမတွေ လာတက်ကြပါတယ်။ အဲဒီလိုတက်ပြီးတဲ့အခါမှာ သူတို့ဟာ ကျောင်းစာကြည့်တိုက်ကို စိတ်ဝင်စားသွား တယ်။
စာကြည့်တိုက်မှူး သီးသန့်မရှိ
ပြောချင်တာက အရင်တုန်းကရှိတဲ့ စာကြည့်တိုက် ဆိုတာ စာအုပ်ငှားရုံ သက်သက်ပဲရှိတဲ့ စာကြည့်တိုက်တွေ ဖြစ်ခဲ့တယ်။ အခုအခါမှာ တကယ့်ကို အသွင်ပြောင်းလာတဲ့ အချိန်မှာ စာကြည့်တိုက်ဆိုတာ တကယ်ကို အားလုံး ပျော်ရွှင်ပြီးတော့ စိတ်ချမ်းမြေ့မှုရတဲ့ နေရာတစ်ခု ဖြစ်တယ်။ ကလေးတွေပျော်တဲ့စာကြည့်တိုက်၊ ကလေး မိတ်ဆွေ စာကြည့်တိုက်ဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ပထမဆုံး Budget အခက်အခဲရှိတယ်။ နောက်တစ်ခါ စာကြည့်တိုက်ဖွင့်ချိန် နည်းတယ်။ စာကြည့်တိုက်မှူးသီးသန့်မရှိဘူး။ ကျောင်း စာကြည့်တိုက် ဆရာ ဆရာမတွေက တာဝန်နှစ်ခုကို ထမ်းနေရတယ်။ အဲဒီတော့ ကျောင်းစာကြည့်တိုက် အလုပ် ကိုလည်း သူတို့ လုပ်ရတယ်။ စာသင်ခန်းထဲမှာလည်း စာသင်ရတယ်။ ဒီ Work Group နှစ်ခုကို လုပ်နေရတာ က သူတို့ဝါသနာပါလို့ သူတို့လုပ်နေကြတာ ဖြစ်ပါတယ်။ သူတို့ကို ဒီ Capabilities built လုပ်တဲ့အနေနဲ့ ဒီလို Training တွေ ပေးလိုက်ရင် သူတို့က စာကြည့်တိုက် လုပ်ငန်းတွေကို Highly Function တွေ အဖြစ် လုပ်သွားနိုင်မှာ ဖြစ်တယ်။ ဒါက တစ်ချက်ပါ။
နောက်ရွေးချယ်စရာတစ်ခုက ပညာရေးဝန်ကြီးဌာန အနေနဲ့ ကျောင်းစာကြည့်တိုက်မှူး သီးသန့်တစ်ယောက် ခန့်ထားနိုင်ရင် တကယ့်ကို Functional ဖြစ်နေတဲ့ စာကြည့်တိုက်ကောင်း တစ်ခုကို အမြဲတမ်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စာကြည့်တိုက်ဘွဲ့ရ ကလေးတွေ အများကြီးရှိနေပါတယ်။ ဒီလိုဘွဲ့ရ ပညာတတ်တွေကို ကျောင်းရဲ့ဖွဲ့စည်းပုံထဲမှာ စာကြည့်တိုက်မှူးတစ်ယောက် ခန့်ထားနိုင်မယ်ဆိုရင် ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်တိုးတက်ရေး လမ်းကြောင်းမှာ အင်အား တစ်ရပ် ဖြစ်သွားမှာ ဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အခြေခံပညာအထက်တန်းအဆင့်မှာ ကျောင်းစာကြည့် တိုက်တွေကို စနစ်တကျ အသုံးပြုလာတတ်ပြီဆိုရင် အဆင့်မြင့်ပညာ တက္ကသိုလ်တွေ ရောက်သွားတဲ့ အခါမှာ သူတို့ရဲ့ သင်ကြားရေး၊ သင်ယူရေး၊ သုတေသန ပြုရေးအတွက် စာကြည့်တိုက်ကို ကောင်းကောင်း အသုံးချ တတ်သွားမှာဖြစ်တယ်လို့ နိဂုံးချုပ်အနေနဲ့ ပြောလိုပါတယ်။
ဒေါ်ယုယုတင်။ ။ ကလေးတွေကို မူလတန်း၊ အလယ်တန်းကတည်းက ဒီလိုစာကြည့်တိုက်ကို သုံးတတ်အောင်၊ ချစ်အောင်၊ စာပေကို ချစ်မြတ်နိုးလာ အောင် လုပ်လာပြီဆိုတဲ့နောက် သူတို့တွေက အဆင့်မြင့် ပညာကဏ္ဍရောက်လာမယ်၊ တက္ကသိုလ်ရောက်လာပြီ ဆိုရင် စာကြည့်တိုက်ကို မလွဲမသွေ အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ ကျွန်မတို့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်အနေနဲ့ Information တစ်ခုပေးချင်တာက ကျွန်မတို့ရဲ့ Website ဖြစ်တဲ့ www.uclmyanmar.org အခု လောလောဆယ်မှာတော့ တက္ကသိုလ်ကောလိပ် ၂၃ ကျောင်းရဲ့ Catalogue တွေ၊ e-resources တွေ၊ တင်ထားပါတယ်။ ဒါတွေကို ကြည့်ကြပါ။ အသုံးပြုကြပါ။ information တွေ၊ သုတေသီတွေ၊ စာတမ်းပြုစုတဲ့သူ တွေ၊ ကျောင်းသား ကျောင်းသူတွေ ကြည့်ကြပါ၊ အဲဒါ လေးတွေကိုလည်း information ပေးချင်ပါတယ်။
စာပေဆွေးနွေး
ကျွန်မတို့ စာကြည့်တိုက်ကို မလာဘဲနဲ့လည်း e-mail တို့၊ Fax တို့၊ ဖုန်းတို့နဲ့ လိုချင်တဲ့ ငည်သမာအေငသည တွေလည်း ဖြေပေးပါတယ်။ ကျွန်မတို့ရဲ့ e-mail ကတော့ uclmyanmarlibrary @gmail.com ဖြစ်ပါတယ်။ စာကြည့်တိုက်မှာ ခေတ်မီနည်းပညာတွေနဲ့ လုပ်ထားတဲ့ စာအုပ်တွေ၊ ရှေးဟောင်းစာပေတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စာကြည့်တိုက်ကို လာရောက်ပြီး အသုံးပြုကြပါ။ စာကြည့်တိုက်မှာ လာရောက်ပြီး စာပေဆွေးနွေးလို့ရပါ တယ်။ နောက်ပြီး ကျောင်းသား ကျောင်းသူတွေအတွက် တစ်ခါတလေမှာ Laptop တွေမရှိရင် စာကြည့်တိုက် အတွင်းမှာ သုံးဖို့ service ဝန်ဆောင်မှုပေးနေပါတယ်လို့ သတင်းကောင်းပေးချင်ပါတယ်။

No comments:

Post a Comment