Tuesday, December 4, 2018

နည်းပညာနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် စကားသံများ





နည်းပညာနှင့် သက်မွေးပညာကဏ္ဍ အရည်အသွေး တိုးမြှင့်ရေးဆောင် ရွက်ရာတွင် နိုင်ငံတကာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးစင်တာ (UNEVOC Centre) များနှင့် ပူးပေါင်း ဆောင်ရွက် ရန်၊ ကမ္ဘာလုံးဆိုင်ရာအတွေ့အကြုံနှင့် ဗဟုသုတများဖလှယ်ရန်၊ ရရှိလာသည့် အတွေ့ အကြုံ ဗဟု သုတများကို အခြေခံကာ အကြံဉာဏ်သစ်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ MYANMAR UNEVOC CENTRE ကို ယနေ့တွင် ရန်ကုန်မြို့အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်)တွင် ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆွေးနွေးပွဲ (National TVET Seminar)ကို ဆက်လက်ကျင်းပခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပသွား မည်ဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားသင်ယူမှုနှင့် ကျွမ်းကျင်မှုဖွံ့ ဖြိုး တိုးတက်ရေး ဆိုင်ရာ ကမ္ဘာ့ပြောင်းလဲ မှုဖြစ်စဉ် များ၊ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍတွင် အရည် အသွေး ကောင်းမွန်သော သင်တန်းကျောင်းများ ဖြစ်ပေါ်စေရေး၊ နည်းပညာနှင့် သက်မွေး ပညာရေး အရည် အသွေးတိုးမြှင့်ဆောင် ရွက်ရေး နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များကို ပြည်တွင်း၊ ပြည်ပပညာရှင်များက ဆွေးနွေးခဲ့ကြသည်။
တစ်ကမ္ဘာလုံး၌ နည်းပညာနှင့်သက်မွေးပညာ ဆိုင်ရာကဏ္ဍတွင် ချိတ်ဆက်ဆောင်ရွက်နေ သည့် အဖွဲ့ အစည်းဖြစ်သော UNEVOC Centre ၂၉၀ ရှိကြောင်း သိရသည်။ Myanmar UNEVOC Centre ဖွင့်လှစ်ရခြင်း၊ နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ဆွေးနွေးပွဲ (National TVET Seminar ) ကျင်းပ ရခြင်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။
ဒေါက်တာနေမျိုးထွန်း
(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန)
ဒီနေ့ အစိုးရစက်မှုလက်မှုသိပ္ပံအင်းစိန်မှာ MYANMAR UNEVOC CENTRE ဖွင့်လှစ် လိုက်ပါတယ်။ ယူနက်စကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေမှာ MYANMAR UNEVOC CENTRE တွေရှိကြပါ တယ်။ MYANMAR UNEVOC CENTRE ကတော့ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍကို ဖွံ့ ဖြိုး တိုးတက် အောင် အကောင် အထည်ဖော်ဆောင် ရွက်နေတဲ့ စင်တာတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ MYANMAR UNEVOC CENTRE ဖွင့်လှစ်ရခြင်းကတော့ သူများနိုင်ငံတွေက MYANMAR UNEVOC CENTRE တွေက နည်းပညာနဲ့သက်မွေးပညာကဏ္ဍကို ဖွံ့ ဖြိုးတိုး တက်အောင် ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နေတယ် ဆိုတာတွေကို အပြန်အလှန် လေ့လာသင်ယူနိုင်ပြီး ကိုယ့်နိုင်ငံမှာ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးရှိပါတယ်။ အခြားနိုင်ငံတွေမှာ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍကြောင့် ဘယ်လိုဖွံ့ဖြိုး တိုးတက် သွားလဲဆိုတာတွေကို လေ့လာလို့ရမှာဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ လက်ရှိနည်းပညာနဲ့ သက်မွေး ပညာ ကဏ္ဍက ဘယ်အခြေအနေမှာ ရှိနေတယ်၊ ဘာတွေ လိုအပ်နေတယ်၊ ပြုပြင်ပြောင်းလဲဖို့ ဘာတွေ ဆောင်ရွက်ရမယ်ဆိုတာတွေကို ဒေသတွင်းမှာရှိတဲ့ MYANMAR UNEVOC CENTRE တွေနဲ့ ချိတ်ဆက်ပြီး အကောင်းဆုံး သင်ခန်းစာ များရယူပြီး ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျောင်းသူ ကျောင်းသားတွေအတွက်လည်း UNEVOC Centre တည်ထောင်လိုက်ခြင်း အားဖြင့် အခြားနိုင်ငံတွေက နည်းပညာနဲ့ သက်မွေးပညာကျောင်းတွေက Center of Excellence ဖြစ်အောင် ဘယ်လိုလေ့ကျင့်
သင်ကြားဆောင်ရွက်နေကြသလဲ ဆိုတာကို လေ့လာပြီး ဒီကျောင်းမှာ ပြန်လည် အကောင် အထည်ဖော်ဆောင် ရွက်မှာဖြစ်တဲ့အတွက် အထူး အကျိုးရှိစေ မှာ ဖြစ်ပါတယ်။ လုပ်ငန်း ခွင် အတွက် လိုအပ်တဲ့ နည်းပညာတွေလေ့ ကျင့်သင်ကြားပေး နိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ပိုမို အားကောင်း လာမှာဖြစ်တဲ့ အတွက် ကျောင်းအတွက်လည်း ကောင်းမွန်တဲ့ ခြေလှမ်း တစ်ရပ်ဖြစ် ပါတယ်။
ဒီနေ့ MYANMAR UNEVOC CENTRE ဖွင့်ပွဲမှာလည်း တခြားဒေသတွင်းမှာရှိတဲ့ အိန္ဒိယ၊ သီရိလင်္ကာ၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်နိုင်င တွေက MYANMAR UNEVOC CENTRE ကိုယ်စားလှယ်တွေ ပါဝင်လာပါတယ်။ ဖွင့်ပွဲပြီးရင်ပြုလုပ်မယ့် National TVET ဆွေးနွေးပွဲမှာလည်း သူတို့ကျင့်သုံး နေတာတွေ၊ လေ့ကျင့် သင်ကြားနေတာတွေကို မျှဝေမှာဖြစ်ပါတယ်။ ကျွန်တော် တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရောက်နေတဲ့ အနေ အထားကို တင်ပြမှာဖြစ်ပြီး ဒီမှာတစ်ခါတည်း သူတို့ အကောင် အထည်ဖော် ဆောင်ရွက်နေတာတွေကို အခြေခံပြီး ကျွန်တော်တို့နိုင်ငံ အတွက် အကြံဉာဏ် တွေပေးပြီး ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ သူတို့ဆီက အကြံဉာဏ်တွေကို ရယူကာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ကိုက်ညီပြီး လိုအပ်သင့်လျော်တဲ့ အကောင်အထည်ဖော်ဆောင်ရွက် မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ MYANMAR UNEVOC CENTRE စတင်ဖွင့်လှစ် လိုက်တဲ့ ဒီနေ့မှာ သူများနိုင်ငံတွေက အကောင် အထည်ဖော်ဆောင်ရွက်နေတာတွေကို ဆွေးနွေး မယ်။ ဒုတိယ နေ့မှာတော့ ကျွန်တော်တို့နိုင်ငံ UNEVOC Centre က ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမယ့် နှစ်ပတ်လည် Action Plan တွေကို ရေးဆွဲဆောင် ရွက်သွားမှာ ဖြစ်ပါ တယ်။
MYANMAR UNEVOC CENTRE ဖွင့်လှစ်လိုက်ခြင်းသည် ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ သက်မွေး ပညာကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ဒေသတွင်း MYANMAR UNEVOC CENTRE များနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ဖို့
ထမဆုံးစတင်လိုက်တဲ့ ခြေလှမ်း တစ်လှမ်း ဖြစ်ပါတယ်။ အနာဂတ်မှာ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ နည်းပညာနဲ့ သက်မွေး ပညာကဏ္ဍ ဖွံ့ ဖြိုးဖို့သည် ဝန်ကြီးဌာန တစ်ခုတည်း၊ ဦးစီးဌာနတစ်ခုတည်း၊ အဖွဲ့အစည်း တစ်ခုတည်းက အကောင် အထည်ဖော်ဆောင်ရွက်လို့ ရတာမဟုတ်ဘဲ သက်ဆိုင်ရာ Stakeholder တွေ အားလုံးပူးပေါင်းဆောင်ရွက်မှသာ အကောင်း ဆုံး ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်း ပါဝင်ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါ တယ်။
Dr. Shyamal Majumdar (Head of UNESCO – UNEVOC)
မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့ သက်မွေးပညာ ကဏ္ဍက ကောင်းမွန် တဲ့ခြေလှမ်း သစ်တွေ အခုအခါ စတင်နေပြီဖြစ်ပါတယ်။ အမျိုးသား ပညာရေးမဟာ ဗျူဟာစီမံကိန်းကိုလည်း ရေးဆွဲထားပြီးဖြစ်ပါ တယ်။ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနကလည်း မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍမှာ တွေ့ ကြုံနေရတဲ့ အဓိက စိန်ခေါ်မှုတွေကို ဖော်ထုတ်ဆောင်ရွက်နေ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နည်းပညာနဲ့ သက်မွေးပညာရပ် တွေကို နေရာတော်တော်များများမှာ တိုးချဲ သင်ကြား နိုင်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေ ပါမကျန် အားလုံး လက်လှမ်းမီနိုင်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံ မှာ ရှိတဲ့ နည်းပညာနဲ့သက်မွေး ပညာရေးဟာ ကမ္ဘာ့အဆင့်မီ အနေအထားမှာ မရှိသေးဘူး။ အဲဒါကြောင့် အရည်အသွေးတိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ နည်းပညာနဲ့ သက်မွေးပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်အဖွဲ့ အစည်း တွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တစ်ကမ္ဘာလုံး မှာ လေ့ကျင့်သင်ကြားပေးနေတဲ့ နည်းပညာနဲ့ သက်မွေး ပညာဆိုင်ရာ အတတ်ပညာတွေကို နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနဲ့ပူးပေါင်းပြီး ပံ့ပိုးကူညီနိုင်ဖို့ အတွက် ယခုလို MYANMAR UNEVOC CENTRE ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
ဦးမြတ်ကို ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှု သိပ္ပံ ( အင်းစိန် )
ကျွန်တော်တို့ အစိုးရစက်မှုလက်မှုသိပ္ပံ အင်းစိန်မှာ MYANMAR UNEVOC CENTRE ဖွင့်တဲ့အတွက် ကျောင်းအုပ်ကြီး တစ်ယောက် အနေနဲ့ အတိုင်းမသိဝမ်းသာပါတယ်။ MYANMAR UNEVOC CENTRE တွေ အချင်းချင်း ချိတ်ဆက်နိုင် မှာဖြစ်တဲ့အတွက် အခြား UNEVOC Network ရှိတဲ့ နိုင်ငံတွေမှာ သက်မွေး ပညာနဲ့ပတ်သက်လို့ ဘာတွေ ဆောင်ရွက်နေတယ်၊ ကျွန်တော်တို့ကတော့ ဘယ်လို လုပ်ဆောင် နေတယ်။ ဟိုဘက် ဒီဘက် အပြန်အလှန် ပညာရပ်ပိုင်းဆိုင်ရာ နည်းပညာ တွေကို သိခွင့် ရမယ်။ လေ့လာခွင့်ရမယ်။ ထိတွေ့ ခွင့်လည်းရမယ်။ သူတို့လုပ်ဆောင်နေတာတွေကို သိခွင့်ရတဲ့ အတွက် ကျွန်တော် တို့လည်း တိုးချဲ့ ဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော် တို့ ကျောင်း အနေနဲ့ MYANMAR UNEVOC CENTRE ဖွင့်တာ အလွန်အကျိုးရှိပါတယ်။ ကျွန်တော် တို့ကျောင်း မှာ မကြာခင် Digital Campus တစ်ခုကို ဖန်တီးမှာ ဖြစ်ပါတယ်။ Digital Campus စကျ တစ်ခုကို ဖန်တီးလိုက်ပြီဆိုရင် Wifi အင်တာနက်တွေ Free သုံးလို့ ရလာမယ်။ သူများနိုင်ငံတွေမှာ လုပ်ဆောင် နေတာတွေ၊ အချက်အလက်တွေကို ကျောင်းသူ ကျောင်းသား တွေအနေနဲ့ ဝင်ရောက် လေ့လာ ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အတွက် လေ့လာသင်ယူနိုင်မှုအခွင့်အလမ်း တွေ တိုးမြင့်လာမှာ ဖြစ်ပါ တယ်။ အများကြီး အကျိုးရှိလာမယ်လို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း- နန္ဒာဝင်း ဓာတ်ပုံ-လှမိုး

No comments:

Post a Comment