Tuesday, December 4, 2018

သုတေသနထုံးနှင့် သုတေသနစာတမ်း


မောင်သာ(ရှေးဟောင်းသုတေသန)
စာပေကို ချစ်မြတ်နိုးသည့် စာဖတ်သူများတိုးပွားလာစေရန် ရည်ရွယ်လျက် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်စာရေးဆရာအသင်းများ၊ စာပေချစ်မြတ်နိုးသူများ ဖွဲ့စည်းထားသည့် Book Club များ နှင့် ပူးပေါင်းကာ စာဖတ်ဝိုင်းများ၊ စာပေစကားဝိုင်းများ၊ စာတမ်းဖတ်ပွဲ များကို ကျင်းပလျက်ရှိသည်။
ယင်းဆောင် ရွက်မှုကို အားပေးမှု တစ်ရပ် အဖြစ် မင်္ဂလာဒုံမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ၂ဝ၁၈ ခုနှစ် နိုဝင် ဘာလ နောက်ဆုံးရက် သတ္တပတ်က ကျင်းပခဲ့သည့် စာတမ်း ဖတ်ပွဲတွင် သုတေသနထုံးနှင့် သုတေသနစာတမ်းများ ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ကျွန်တော် ဖတ်ကြားခဲ့ပါ သည်။
သုတေသန
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ များ တိုးတက်မြင့်မားရေးတွင် ပညာရပ်ဆိုင်ရာသုတေသန လုပ်ငန်းများ သည် အရေးကြီးသောကဏ္ဍတွင် ပါဝင်လျက် ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်း၌ ပညာရပ် နယ်ပယ်ပေါင်းစုံတွင် သုတေသနလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိနေကြပေသည်။ သုတေသနလုပ်ငန်း ကို အကြမ်းအားဖြင့် သိပ္ပံပညာရပ် ဆိုင်ရာ သုတေသနနှင့် ဝိဇ္ဇာပညာရပ်ဆိုင်ရာ သုတေသန ဟုခွဲခြားနိုင်ပြီး သိပ္ပံပညာသုတေသနလုပ်ငန်း အများစုကို ဓာတ်ခွဲ ခန်းများတွင် ပြုလုပ်ခြင်းဖြင့် ပစ္စည်းအသစ်များ၊ အယူအဆ သစ်များ ထွက်ပေါ် လာလေ့ရှိသည်။ ဝိဇ္ဇာပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ကျောက်စာ၊ ပေစာ၊ မင်စာ၊ အိုးစာ၊ ပုရပိုက်စာ၊ ပုံနှိပ်စက္ကူစာ အထောက်အထားများ၊ ရုပ်ပုံပန်းချီ များ၊ ရုပ်တု၊ ပန်းပုရုပ်စသည်တို့ကို ကွင်းဆင်းရာတွင် တွေ့ရှိ သည့် အထောက်အထားများနှင့် ပေါင်းစပ်သုတေသနပြုကြ ရသည်။ တစ်ခါတစ်ရံတွင် လက်တွေ့ကွင်းဆင်းရာမှ တွေ့ရှိရ သည့် ရုပ်ဝတ္ထုပစ္စည်း အပိုင်းအစ များကို သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ရခြင်းများကိုလည်း ပြုလုပ်ရပေသည်။
သုတေသီများသည် မိမိတို့၏ သုတေသနတွေ့ရှိချက်များကို စာတမ်းရေး သားပြုစုကာ မိမိသုတေသနပြုသည့် ဘာသာရပ် ၏ ရှေ့ကြောင်း၊ နောက်ကြောင်း၊ အသစ်တွေ့ရှိမှု၊ အယူအဆ ဟောင်းကို ပြင်ဆင်လိုမှု၊ အဓိပ္ပာယ်အသစ်ဖွင့်ဆိုလိုမှု၊ ဖြည့်စွက် လိုမှုစသည်တို့ကို ပညာရှင်များထံမှောက်၌ ဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာ သုတေသနစာစောင်များတွင် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ကြရသည်။ အများအားဖြင့် သုတေသန စာတမ်းများကို စာတမ်းဖတ်ပွဲများတွင် ဖတ်ကြား ၍ ပညာရှင်များ၏ ဝေဖန်အကဲဖြတ်မှုကို ခံယူကြရသည်။
တက္ကသိုလ်အသီးသီးတွင် မဟာဘွဲ့နှင့်အထက် သင်တန်း သားများသည် သုတေသန စာတမ်းများမရေးမီ မိမိတို့ပြုလုပ် မည့် သုတေသန လုပ်ငန်း၊ အစီအစဉ်နှင့် အကိုးအကားပြုလုပ် မည့် ကျမ်းများ တင်ပြ၍ ပညာရပ်ဆိုင်ရာ ပါမောက္ခနှင့်ပြင်ပ ပညာရှင်များ ထံမှောက်တွင် အတည်ပြုချက်ယူကြရသည်။ စာတမ်းရေးသားပြီး အခန်းတစ်ခန်းပြီးတိုင်း ဖတ်ကြားကာ အစစ်ဆေးခံယူကြရသည်။ ကျမ်းတစ်ခုလုံး ရေးသားပြီးချိန်တွင် ကျမ်းတစ်စောင်လုံးကို ဖတ်ကြားပြီး အတည်ပြုချက်ရရှိပြီးမှသာ ကျမ်းကို ပုံနှိပ်၍ တင်သွင်းကြရသည်။
သုတေသနထုံး
သုတေသနသည် ပါဠိစကားလုံးသုတနှင့် ဧသနကို ပေါင်းစပ် ထားသည့် ဝေါဟာရဖြစ်ကာ သုတ (အကြားအမြင် ပညာ)၊ ဧသန (ရှာမှီးခြင်း)ဟု အဓိပ္ပာယ်ရှိသည်။ သုတေသန ပြုသည့် ပုဂ္ဂိုလ်သည် သုတေသီဖြစ်ကာ သုတ (အကြားအမြင် ပညာ) ကို ဧသီ (ရှာမှီးသူ) ဟု အနက်ဖွင့်ဆိုသည်။
မြန်မာအဘိဓာန်တွင်မူ သုတေသနကို တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ် သိရှိရန် စူးစမ်းရှာဖွေခြင်း၊ သုတေသီကို သုတေ သန ပြုသူဟု ရိုးရှင်းစွာ ဖွင့်ဆိုသည်။
အင်္ဂလိပ်ဝေါဟာရ Research (သုတေသန) သည် ပြန်လည် ရှာဖွေခြင်းဖြစ်သဖြင့် သမိုင်းသုတေသီ ဆရာမကြီး ဒေါ်ကြန်က Research ဟူသည့် ဝေါဟာရကို ရှေးရှေးက ရှိခဲ့ပြီး တိမ်မြုပ်နေ သည်ကို ရှာဖွေဖော်ထုတ်ခြင်းဟု အနက်ဖွင့် ဆိုခဲ့သည်။
မျက်မှောက်ခေတ် တွင် ပညာရေးဆိုင်ရာ လိုအပ်ချက်အရ ဖြစ်စေ၊ လုပ်ငန်း လိုအပ်ချက်အရဖြစ်စေ၊ ဝါသနာအရဖြစ်စေ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ကာ သုတေသနစာတမ်း များကို ရေးသားနေကြသော်လည်း အချို့သော စာတမ်းများ သည် သုတေသနစံထုံးများနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ ရှိကြရသည်။
တစ်ဦးတစ်ယောက်က တင်ပြခဲ့ဖူးသည့် အချက်အလက် များကို စုစည်း၍ ပြန်လည်ကူးယူတင်ပြထားသည့် သုတေသန အမည်ခံ စာတမ်း များတွင် စာတမ်းရေးသူသည် စာတမ်းသုံးသပ် ချက်ဖြစ် သည့် Conclusion တွင် မိမိကိုယ်တိုင် တွေ့ရှိ ချက်များကို ဖော်ပြနိုင်ခြင်း မရှိကြပါချေ။ အခြားသူ၏ စာများ ကို ကူးယူထားသော မိမိကိုယ် ပိုင် သုတေသနမဟုတ်သည့် စာတမ်းများတွင် မိမိစိတ် ကူးကို ပုံဖော်ရန် အချက်အလက် များကို ဘက်လိုက်ရေးသားခြင်း၊ လုံလောက်သော အချက် အလက်များ မရှာဖွေနိုင်ခြင်း၊ တစ်ဆင့်ခံ အချက်အလက်များကို စိစစ်ခြင်း မရှိဘဲ အသုံးပြုခြင်း၊ သုတေသနမေး ခွန်း မထုတ်နိုင် ခြင်းနှင့် အနုမာနအယူအဆကို မတင်ပြနိုင်ခြင်းတို့ကို တွေ့ရှိကြ ရသည်။
သုတေသန အထောက်အထား
သုတေသီတစ်ဦးသည် သုတေသနလုပ်ငန်းကို ရွေးချယ်ရာ တွင် အများစိတ်ဝင်စားမှု နည်းလွန်းသည့် အကြောင်းအရာ၊ အထောက်အထား အကိုးအကား အလွန်နည်းပါးသည့် အကြောင်းအရာ၊ ကျယ်ပြန့်လွန်း သို့မဟုတ် ကျဉ်းမြောင်းလွန်း သည့် အကြောင်းအ ရာများနှင့် အငြင်းအခုံများ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်မည့် အကြောင်း အရာမျိုးကို ရှောင်ကြဉ်သင့် သည်။
သုတေသနမပြုမီ မိမိသုတေသနနှင့် စပ်ဆိုင်သည့် အထောက် အထားများကို စုစည်းရန် ပုံနှိပ်အထောက်အထား များနှင့် ပုံမနှိပ်ရသေး သည့် အထောက်အထားများကို ဖတ်ရှု၍ စနစ်တကျ စာရင်းတင်၍ မှတ်စုပြုကြရသည်။ မှတ်စုကို အကြောင်း အရာအလိုက်၊ ခေတ်ကာလအလိုက်၊ အခန်းလိုက် ရေးသား ထားခြင်းဖြင့် စာတမ်းပြုစုချိန်တွင် များစွာအထောက် အကူဖြစ်စေသည်။
စာပေအထောက်အထားကို အလွယ်ဆုံးစုဆောင်းနိုင်သည့် နေရာသည် စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များ ဖြစ်ကြသည်။ စာကြည့်တိုက်များတွင် စာအုပ်အမျိုးမျိုးကို ကက်တလောက်များဖြင့် စုစည်းထားသဖြင့် စာအုပ်အမည် သို့မဟုတ် စာရေးသူအမည်ကို သိလျှင် အလွယ်တကူရှာဖွေ နိုင်သည်။ ထို့အတူ စာကြည့်တိုက်ကြီး များတွင် မိမိရှာဖွေလို သည့် ပေ၊ပုရပိုက် မှတ်တမ်းများကိုဖတ်ရှု လေ့လာနိုင်ကြသည်။ မော်ကွန်းတိုက်များတွင်မူ သမိုင်းအချက် အလက်ဆိုင်ရာ မှတ်တမ်းများကို ဖတ်ရှု၍ မိမိတို့လိုအပ်သည့် အထောက် အထားများကို ရယူနိုင်ကြသည်။ ရုပ်ဝတ္ထုပစ္စည်း အထောက် အထားများကို ပြတိုက်များနှင့် ပုဂ္ဂလိက စုဆောင်းသူများထံတွင် လေ့လာ စုဆောင်းကြရသည်။
မျက်မှောက်ခေတ်တွင် အင်တာနက်ကို အလွယ်တကူ သုံးစွဲနိုင်ကြသဖြင့် အထောက်အထား အကိုးအကားများ ရှာဖွေ ခြင်းသည် ပိုမိုလွယ်ကူလျင်မြန်လာခဲ့သည်။ မိမိသိလိုသည့် အကြောင်းအရာကို (အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား ဖြင့်) အင်တာနက်တွင် ရှာဖွေနိုင်ကြသည်။
မိမိပြုလုပ်မည့် သုတေသနလုပ်ငန်းနှင့် ဆက်နွှယ်သည့် အကြောင်း အရာကို ရေးသားခဲ့သူများ၊ ဂဃနဏ သိရှိထားသူ ဟု ယူဆထား သူများကို တွေ့ဆုံမေးမြန်းကာ အချက်အလက် များစုဆောင်းရသည်။ တွေ့ဆုံမေးမြန်း အချက်အလက် စုဆောင်းခြင်းကို ကွင်းမဆင်း မီသာမက ကွင်းဆင်းနေစဉ်တွင် လည်းဆောင်ရွက်ကြရသည်။
ကတ်တင်ခြင်း
သုတေသီများသည် မိမိတို့စုဆောင်းထားသမျှ စာပေ အထောက် အထားများကို အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ရန် ကတ်တင်စနစ် ကို အသုံးပြုကြရသည်။ မိမိဖတ်ရှုထားသည့် အကြောင်းအရာ အကျဉ်းချုပ်ကို ကတ်ပြားငယ်တစ်ခုပေါ်တွင် ရေးသားမှတ်သားထားခြင်းကို ကတ်တင်ခြင်းဟု ခေါ်ဆိုသည်။
အလျား ငါး လက်မ၊ အနံ သုံးလက်မ အရွယ်ရှိ ကတ်ထူ စက္ကူများပေါ် တွင် အချက်အလက်များကို စနစ်တကျရေးသား ၍ အက္ခရာစဉ် ထားခြင်းဖြင့် သုတေသနကျမ်းပြုစုရာတွင် များစွာ အထောက် အကူဖြစ်စေသည်။ ကတ်ပြားအရွယ်ကို ယေဘုယျအားဖြင့် အလျား ငါးလက်မ၊ အနံ သုံးလက်မဟု သတ်မှတ်ထားသော်လည်း ရေးမှတ်ရန်အကြောင်းအရာများ ပါက အရွယ်ပိုကြီးသော ကတ်ပြားများ ကို အသုံးပြုနိုင်သည်။ ကတ်ပြား၏ လက်ဝဲဘက် အပေါ်ထောင့်တွင် စာရေးသူ အမည်ကို ရေးသား၍ ကတ်ပြား အလယ်တွင် မိမိဖတ်ရှုခဲ့သည့် စာအုပ်၊ စာတမ်း၊ ကျမ်းအမည်နှင့် စာအုပ်ကို ပုံနှိပ်ခဲ့သည့် မြို့၊ ပုံနှိပ်တိုက်အမည်၊ ပုံနှိပ်သည့် ခုနှစ်သက္ကရာဇ်၊ အတွဲ၊ အပိုင်း တို့ကို ရေးမှတ်ကြရသည်။
ကတ်ပြား၏ လက်ဝဲဘက်အောက်ထောင့်တွင် ယင်းစာ အုပ်ကို တွေ့ရှိခဲ့သည့် နေရာ၊ စာကြည့်တိုက်စသည့် အမည်ကို ရေးသွင်း၍ လက်ယာဘက်တွင် စာအုပ်မှ အရေးကြီးသည့် အကြောင်းအရာ အကျဉ်းကို မှတ်သားထားရသည်။
တစ်ခါတစ်ရံတွင် အရေးကြီးသော အချက်များ မှတ်သား ရန်ကတ်တစ်ခုနှင့် မလုံလောက်ပါက နောက်ကတ်တစ်ခုကို တွဲကာ ကတ်အလယ်တွင် မိမိအထူးပြုလိုသည့် အကြောင်း အရာများကို ရေးမှတ်ထားနိုင်သည်။ (ဥပမာ- ခုံးဆောင်၊ ရွှေအင်ပင်၊ မန္တလေးဟု ရေးထားခြင်းဖြင့် မန္တလေးမြို့ရှိ ရွှေအင်ပင်ဘုန်းတော်ကြီးကျောင်းမှ ခုံးဆောင်အကြောင်းကို ဖော်ပြထားကြောင်း အလွယ်တကူ မှတ်မိနိုင်ပေသည်။) ကတ်များကို ထိပ်တွင်အပေါက်ဖောက်၍ ပိတ်ကြိုးဖြင့် သီကာ စုစည်းထားကြရသည်။
သုတေသန အထောက်အကူပြု ပစ္စည်းများ
စာပေဆိုင်ရာ အချက်အလက်များ၊ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်း ထားသည့် အချက်အလက်များကို စုဆောင်းပြီး ချိန်တွင် ကွင်းဆင်းရန်စီစဉ်ရသည်။ ဥပမာအားဖြင့် ရှေးဟောင်း သုတေသန သုတေသီတစ်ဦးသည် တောစီးဖိနပ်၊ ပေတံ၊ ပေ ကြိုး၊ ပေဘူး၊ တူးဆွရန် ပေါက်တူး၊ ပေါက်ချွန်းငယ်များ၊ လက်ကိုင်မှန်ဘီလူး၊ အသံဖမ်းစက်၊ လက်နှိပ်ဓာတ်မီး၊ ကင်မရာ စသည်ဖြင့် ကွင်းဆင်းရာတွင် လိုအပ်မည့်အရာများကို စုစည်း ယူဆောင်သွားရသည်။
ယခုအခါတွင် လက်ကိုင်ဖုန်းများဖြင့် အရည်အသွေး ကောင်း မွန်သော ဓာတ်ပုံများရိုက်ကူးနိုင်ပြီဖြစ်သဖြင့် အချို့က ကင်မရာများကို သယ်ယူခြင်း မရှိကြတော့ချေ။ သို့သော် နံရံ ဆေးရေးပန်းချီများကဲ့သို့ အသေးစိတ်ရိုက်ကူးရန် လိုအပ်သည့် ပုံများကို ဖုန်းကင်မရာဖြင့် ရိုက်ကူးလျှင် အရည်အသွေးကောင်း မည်မဟုတ်သဖြင့် ဆွဲအားကောင်းသော ကင်မရာကို ယူ ဆောင်သွားသင့်ကြပေသည်။
ကွင်းဆင်းရာတွင် တွေ့ရှိရမည့် အချို့ပစ္စည်းများကို သိမ်း ဆည်းနိုင်ရန် ပိတ်အိတ်နှင့် စက္ကူအိတ်အချို့၊ မှတ်တမ်းရေး သားရန် စာရေးစက္ကူများ၊ မှတ်စုစာအုပ်၊ လိုအပ်လျှင် ကျောက် စာများကို မင်ကူးနိုင်ရန် မိုင်းခံ စက္ကူနှင့် မင်ဘူး၊ ဝက်မှင်ဘီး၊ စွပ်ကျယ်စ စသည်တို့ကိုလည်း မမေ့မလျော့ ယူဆောင်သွားရန် လိုအပ်သည်။
လက်တွေ့ကွင်းဆင်းသုတေသန
ကွင်းဆင်းသုတေသနပြုသူ တစ်ဦးသည် တစ်ဦးတစ် ယောက်တည်း ဆောင်ရွက်မည့် သုတေသနလုပ်ငန်းဖြစ်ပါက ကွင်းဆင်းဆောင်ရွက် ရာတွင် အနည်းဆုံး အဖော်တစ်ယောက် ကို ခေါ်ဆောင်သွား သင့်သည်။ ထိုသူက မိမိနှင့်အတူ လိုအပ် ချက်များကို ဝိုင်းဝန်း လုပ်ဆောင်ပေးခြင်းဖြင့် သုတေသနခရီးကို ထိရောက် လျင်မြန်စေမည်ဖြစ်သည်။
မိမိဆောင်ရွက်မည့် သုတေသန နယ်မြေသို့ ရောက်လျှင် မည်သည့် လုပ်ငန်းများကို မည်သို့ဆောင်ရွက်မည်ဟူသည့် အစီအစဉ်ကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်သည်။ ဥပမာအား ဖြင့် ပုဂံသို့ သုတေသနကွင်းဆင်းသွားသူတစ်ဦးသည် မိမိ သုတေသနပြုမည့် ဘုရားစေတီများကို အစဉ်လိုက်ရေးသား ၍ မည်သည့်ဘုရားတွင်မည်သည့်အကြောင်းအရာ ကို လေ့လာ မည်ဆိုသည်ကို ကြိုတင်ရေး မှတ်ထားရသည်။ မည်သူနှင့် တွေ့ ဆုံမည်၊ မည်သူ့ထံမှ ခွင့်ပြုချက် ယူရမည် စသည်တို့ကို ကြိုတင် စဉ်းစားထားကြရသည်။
တစ်ခါ တစ်ရံ၌ ကြိုတင်စဉ်းစားစီစဉ်ထားခြင်းမရှိသည့် အကြောင်း ကိစ္စများကိုလည်း ဆောင်ရွက်ကြရသည်။ ဥပမာ အားဖြင့် မိမိမျှော် လင့်မထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ကြုံ တွေ့ရခြင်း၊ မိမိမှတ်စု တွင်မပါရှိသည့် အကြောင်းအရာသစ်၊ ပစ္စည်းသစ်များကို တွေ့ရှိရခြင်း စသည်တို့ ဖြစ်ပါသည်။
ကွင်းဆင်းခရီးရောက်ရှိသည့် နေရာများတွင် မိမိစီစဉ်ထား သည့် အစီအစဉ်အတိုင်း တိုင်းထွာခြင်း၊ ရေးကူးခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း၊ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ရသည်။မိမိဆောင် ရွက်သမျှ တို့ကိုလည်း အချိန်၊ နေရာနှင့်တကွ မှတ်တမ်းတိုများ ရေးသားကာ တွေ့ဆုံမေးမြန်းမှုများတွင် အသံဖမ်းထားခြင်း ဖြင့် အချက်အလက် အားလုံးကို ပြန်လည်နားထောင်နိုင်မည်ဖြစ် သည်။
မိမိရောက် ရှိ တွေ့ဆုံခဲ့သူတိုင်းကို ကျေးဇူးစကားဆိုကာ ဖုန်းနံပါတ်များ တောင်းယူထားရန် လည်း လိုအပ်သည်။ သို့မှ သာ စာတမ်းကို ရေးသားချိန်တွင် မေးမြန်းရန်လိုအပ်ပါက ဖုန်းဖြင့်ဆက်သွယ်၍ အလွယ်တကူ မေးမြန်းနိုင်မည် ဖြစ်ပေ သည်။
ကွင်းဆင်းခရီးမှာပင် မိမိသံသယရှိသည့် အချက်များ၊ မရှင်းလင်းသော အချက်အလက်များ၊ မိမိရှာဖွေလိုသော အထောက်အထားများကို စုဆောင်းကြရသည်။တစ်ခါတစ်ရံ တွင် မိမိဖတ်ထားသော စာနှင့်လက်တွေ့မြင်တွေ့မှု ကွဲလွဲနေ မှုများနှင့် ကြုံတွေ့ရနိုင်ပြီး ကိုယ်တွေ့မျက်မြင်ကိုသာ အထောက် အထားပြုကြရပေသည်။
သုတေသန စာတမ်းရေးသားခြင်း
စာအထောက်အထား၊ ကွင်းဆင်းအထောက်အထားများ ကို စုဆောင်းပြီးလျှင် သုတေသနစာတမ်းကို ရေးသားပြုစု ကြရသည်။ သုသေတနစာတမ်းသည် ရသစာပေ မဟုတ်သကဲ့ သို့ စာနယ်ဇင်း များတွင် ရေးသားသည့် ဆောင်းပါးလည်း မဟုတ် သဖြင့် စာတမ်းမရေး သားမီ အောက်ပါအချက်များကို သတိမူရမည်ဖြစ်သည်-
၁။ ဖွဲ့နွဲ့ရေးသားခြင်းများကို ရှောင်ကြဉ်ရမည်။ ၂။အကြောင်းအရာ များကို ရှင်းလင်းကျစ်လျစ်သော ဝါကျများဖြင့် ရေးသားရမည်။ ၃။ ပညာရပ်ဆိုင်ရာ ဝေါဟာရများကို ရှင်းလင်း ချက်ပေးရမည်။ ၄။ စာတမ်း၏ စာမျက်နှာတိုင်းတွင် အောက် ခြေ မှတ်စု (Footnote) များ ထည့်သွင်းရမည်။ ၅။ စာတမ်း၏ အစတွင် စာတမ်းပါ အကြောင်းအရာ အကျဉ်းချုပ်(Abstract)ကို စာတစ်မျက်နှာ အတွင်းခြုံငုံရေးသားရမည်။ ၆။ စာတမ်း၏ အဆုံးတွင် မိမိ၏ သုံးသပ်ချက် (Conclusion)ကို မဖြစ်မနေ ဖော်ပြရမည်။ ၇။ မိမိ အကိုးအကားပြုခဲ့သည့် စာအုပ်စာတမ်းများ (Bibliography) ကို အက္ခရာစဉ်အလိုက် ဖော်ပြရမည်။ ၈။ ရုပ်ပုံကားချပ်များ၊ ဆွဲပုံများ၊ ဇယားချပ်များနှင့် ဓာတ်ပုံများကို နောက်ဆက်တွဲ (Appendex) တွင် ဖော်ပြရ မည်။ ၉။ အထူးသဖြင့် စာတမ်းကို မြန်မာဘာသာဖြင့် ရေးသား ပါက စကားပြောဖြင့် မရေးသားရဘဲ စကားပြေအရေး အသား ဖြင့်သာ ရေးသားရမည်။
သုတေသနစာတမ်းတွင် မိမိရရှိထားသည့် အချက် အလက်၊ အထောက် အထားများကို စနစ်တကျ စိစစ်၍ ယခင်က မရှိခဲ့သေးသော အသိသစ် သို့မဟုတ် ယခင်က သိရှိထားသော အသိကို မွမ်းမံ၊ ဖြည့်စွက်၊ ပြင်ဆင်ခြင်းများ ပါဝင်သင့်သည်။
မိမိတင်သွင်းမည့် စာတမ်းကို မိမိသုတေသနပြုသည့် နယ်ပယ်ကို ဦးဆောင်နေသည့် ပညာရှင်များ၊ သုတေသီများက ဖတ်ရှုဝေဖန်ပြီး စနစ်တကျ သုတေသန ပြုလုပ်ထားသည့် စာတမ်းဖြစ်ကြောင်း အသိအမှတ်ပြုရန် လိုအပ်သည်။သို့သော် သုတေသနရလဒ်နှင့် သက်ဆိုင်ခြင်း မရှိပါ။
နိုင်ငံတကာတွင် သုတေသနစာတမ်းများကို ပညာရှင်များ အကြား မည်မျှသက်ရောက်မှု ရှိကြောင်းတိုင်းတာခြင်း (Scholarly or academic impact) နှင့် လက်တွေ့လုပ်ဆောင်သူ များ၏ လိုက်နာဆောင် ရွက်မှု မည်မျှရှိကြောင်း တိုင်းတာခြင်း (Societal and economic impact) တို့ဖြင့် အကျိုးသက် ရောက်မှုကို တိုင်းတာလေ့ရှိကြသည်။
သုတေသနစာတမ်းရေးသားရာတွင်
ဆရာမကြီးဒေါ်ကြန် က သုတေသနထုံးနှင့် သုတေသန စာတမ်းများ ရေးသားပြုစုရာတွင် သုတေသီများ၊ကျောင်းသား များ လိုက်နာသင့် သည့် အချက်များကို အကြံပြုခဲ့သည်။
သုတေသနပြုနည်း စာအုပ်များကို လေ့လာရန်၊ သုတေသနပြုကာ သုတေသန စာတမ်းကောင်း၊ ကျမ်းကောင်း ကျမ်း မွန်များရရှိရန်၊ အကြောင်းအရာသို့မဟုတ် ခေါင်းစဉ် အရွေး မမှားစေရန်၊ မူရင်းအထောက်အထားကို ရှာ၍ အထောက် အထားများကို စိစစ်၊ ညှိနှိုင်း၊ တည်းဖြတ်၊ တန်ဖိုးဖြတ်ရန်၊ ရှေးပညာရှိများ၊ လူကြီးသူမများ၊ ဆိုခဲ့ပြောခဲ့ ရေးခဲ့သည်ဟု လွယ်လွယ်နှင့် လက်မခံဘဲ အခြားအထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးရန်၊ဟိုက တစ်တုံး၊ ဒီက တစ်ဖဲ့ယူပြီး ဖြတ်ညှပ် ကပ် သုတေသန မဖြစ်စေရန်၊သူတစ်ပါးစာမှ ယူသုံးသည့်စာ၊ ဓာတ်ပုံ၊ မြေပုံ စသည်တို့ကို အောက်ခြေမှတ်စုဖြင့် မူလစာရှင်ကို အသိအမှတ်ပြုပြီး ရိုးသားစွာဖော်ပြရန်၊ စာသူခိုးမဖြစ်စေရန်၊ ကျမ်းကိုးကို စနစ်တကျပြရန်နှင့် အသုံးမပြုသည့် ကျမ်းများကို ထည့်ပြီးလူအထင်ကြီးအောင် ဖောင်းဖောင်းပွပွမပြရန် ဖြစ်ပေ သည်။
သုတေသနလုပ်ငန်းများကို တစ်ဦးချင်းသော်လည်း ကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း ဆောင်ရွက်ကြရာ တွင် သုတေသီများသည် ထိရောက်သော ရလဒ်များထွက်ရှိ ရန် ကြိုးစားကြရသကဲ့သို့ အများအကျိုးဖြစ်ထွန်းစေမည့် သုတေသနစာတမ်းများကိုလည်း ရေးသားကြရာတွင် ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုများကို ပြုစုခြင်းဖြင့်သာ ကောင်းမွန်သော သုတေသနစာတမ်းများ ထွက်ရှိမည်ဖြစ်သည်။
ထို့ကြောင့်သုတေသန လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ကောင်း၊ သုတေသနစာတမ်းများ ရေးသားရာတွင်လည်း ကောင်း နည်းထုံးစနစ်များ မှန်ကန်စွာဆောင်ရွက်ခြင်းဖြင့် သုတေသီအတွက်သာမက ဖတ်ရှုကြားနာရသူများအတွက်ပါ အကျိုးသက်ရောက်မှုများ ရရှိစေမည်ဖြစ်ပေသည်။ ။

No comments:

Post a Comment