နေပြည်တော် နိုဝင်ဘာ ၃၀
မှန်ကန်တိကျသော သမိုင်းအထောက်အထားများ
ပေါ်ထွက်လာစေခြင်းဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းပြုစုရာတွင် ကြီးမားသော အထောက်အကူဖြစ်ပေါ်စေရန်
ရည်ရွယ်၍ သမိုင်းအထောက်အထား အရင်းအမြစ်များ
ရှာဖွေခြင်း ခေါင်းစဉ်ဖြင့် သုတေသန စာတမ်းဖတ်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ
ဝန်ဇင်းမင်းရာဇာခန်းမ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲကို
သမိုင်းအထောက်အတားများ တူးဖော်ရှာဖွေ တင်ပြ နိုင်ခြင်းဖြင့် အနာဂါတ် မြန်မာနိုင်ငံတော်သည်ကောင်းမွန်သော
သမိုင်းသင်ခန်းစာများ အခြေခံ၍ တိကျမှန်ကန်ခိုင်မာသော သမိုင်းကြောင်းများနှင့် ရပ်တည်နိုင်ရေးအတွက်
(က) သမိုင်းမချန်၊ သမိုင်းအမှန်များ ကြိုးပမ်းဖော်ထုတ်စေခြင်းဖြင့် ပိုမိုတိကျခိုင်မာပြည့်စုံသော
မြန်မာသမိုင်းဖြစ် ပေါ်ရေး၊ (ခ) အကြောင်းကြောင်းကြောင့် တိမ်မြုပ်နေသော သမိုင်းကွင်းဆက်များကို
ရှာဖွေ ဖော်ထုတ် ချိတ်ဆက်ခြင်းဖြင့် အများပြည်သူတို့အား သမိုင်းဆိုင်ရာ အသိအမြင်များ
ပိုမိုကြွယ်ဝ လာစေရေးနှင့် (ဂ) ပြည်သူများ သမိုင်းဆိုင်ရာ အထောက်အထားများကို ပိုမိုစိတ်ဝင်စားလာမည့်
ခံယူချက်များ ပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်၍ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ စာတမ်းများပေးပို့နိုင်ရန် ဖိတ်ခေါ်ထားသည်။
စာတမ်းဖြတ်ကြားလိုသူ သုတေသီများအနေဖြင့်
စာတမ်းအကျဉ်းများကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်နှင့် စာတမ်းအပြည့်အစုံများကို ၂၀၁၉
ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်
အမျိုးသားစာကြည့် တိုက်ဦးစီးဌာန ရုံးအမှတ်(၃၅) နေပြည်တော် ဖုန်း ၀၆၇ - ၃၄၁၈၄၂၃ (သို့မဟုတ်)
မြန်မာ သမိုင်းအဖွဲ့ သီရိမင်္ဂလာရိပ်သာလမ်းသွယ် ကမ္ဘာအေးဘုရားလမ်း ရန်ကုန် ဖုန်း ၀၁ -
၆၅၈၁၅၂ တို့ကို ပေးပို့ရမည်ဖြစ်သည်။
ပေးပို့လာသည့် စာတမ်းများကို
စိစစ်ရွေးချယ်၍ သမိုင်းအထောက်အထား အရင်းအမြစ်များ
ရှာဖွေခြင်း ခေါင်းစဉ်ဖြင့် စာတမ်း ၁၄ စောင်ကို တစ်ရက်လျှင် စာတမ်း ၇ စောင်နှုန်းဖြင့်
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ၀န်ဇင်းမင်းရာဇာခန်းမ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ
၂၇ ရက်မှ ၂၈ ရက်အထိ ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
No comments:
Post a Comment