နေပြည်တော်
နိုဝင်ဘာ ၂၈
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်းနှင့်
ဥပဒေကြမ်း တစ်ခု ဆက်လက် ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင်
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် မြို့ပေါ်(၅) ရပ်ကွက်နေ ပြည်သူများ၏ နေထိုင်လျက်ရှိသည့်
အိမ်ရာမြေများ လယ - (၃၀-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁၀၅)(၁၀၆) မြေပုံရေးဆွဲရေး၊
မြေငှားဂရန်ရရှိရေး ကိစ္စများကို မြို့နယ် ပြည်သူလူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ/မရှိ နှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ်အကွက်နှင့် (၁-ခ) ကျောက်တော်အကွက်များအား
(၆၄ လက်မ ၁ မိုင်) စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးလှကျော် က မြို့မြေအဖြစ်တိုင်းတာ
သတ်မှတ်ထားသည့် မြေဧရိယာ (၁၈၆) ဧကအနက် (၇၁ ဒသမ ၇၂၇) ဧက ကို မြေငှား ဂရန် ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊
မြို့မြေသတ်မှတ်ပြီး ဧရိယာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် အချက်အလက် စုံလင်စွာဖြင့်
မြေငှားဂရန် လျှောက်ထားလာပါက ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ
အက်ဥပဒေနှင့် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေအရ စိစစ်ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊
မြေစာရင်းပုံစံ (၁၀၅) ၊ (၁၀၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေး ကိစ္စများ ဆောင်ရွက်နိုင်ရန်
မြို့ကွက်အမှတ် (၁-က)၊ မြို့သစ်အကွက် (၁-ခ) ကျောက်တော်အကွက်များကို ၆၄ လက်မ = ၁ မိုင်
စကေးဖြင့် မြို့မြေတိုင်းတာ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ အခြေအနေအရ လုပ်ငန်း ပမာဏနှင့်
ဝန်ထမ်းအင်အား လုံလောက်မှု မရှိသည့်အတွက် ရှိသည့်အင်အားဖြင့် ၀န်ထမ်း ခွင့်ပြုမှု အခြေအနေနှင့်
ရန်ပုံငွေခွဲဝေ ရရှိမှုများအပေါ် မူတည်၍ အပိုင်းလိုက် ခွဲခြားဆောင်ရွက်လျက် ရှိပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍
ဒုတိယ၀န်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ ဦးအောင်မျိုး
၏ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ
လယ်ယာမြေ လုပ်ပိုင်ခွင့်အားရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင်
ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာ တမ်းမှတ်ပုံတင်ခတို့ကို
မည်၍မည်မျှ ပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာန သဘောတူညီချက်ဖြင့် ဦးစီးဌာနမှ
အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်
လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီးပါက
လယ်ယာမြေ လုပ်ပိုင်ခွင့် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းတို့အတွက်
ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းခွန် တန်ဖိုးသတ်မှတ်နိုင်ရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်
ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ စာချုပ်စာတမ်း အမျိုးအစားအလိုက် မှတ်ပုံတင်ခကိုလည်း
သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊
အုတ်ဖိုမြို့နယ်၊ အေးမြသာယာ မြို့သူမြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ယခုပျက်စီး
ယိုယွင်းနေသော ထွန်းရွှေဝါ ခန်းမကြီးကို ပြုပြင်ရန်နှင့် အေးမြသာယာ ကျေးရွာအုပ်စုပိုင်အဖြစ်
စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက ပျက်စီးယိုယွင်းနေသော
ယင်းခန်းမကြီးကို အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ /မရှိ မေးခွန်းများနှင့်
စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း
က ထွန်းရွှေဝါ ခန်းမကို အေးမြသာယာကျေးရွာ အုပ်စုပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန်
အစီအစဉ် မရှိပါကြောင်း၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင်အဖြစ်သာ ဆက်လက် ထားရှိမည်ဖြစ်
ပါကြောင်း၊ အဆိုပါခန်းမကြီး ကောင်းမွန်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြုပြင်ဆောင်ရွက်
သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက်
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) မှ ဦးမောင်ကျော်ဇံ၊ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်
အမှတ် (၁၂) မှ ဦးအောင်သိန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း
တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်နှင့် နေပြည်တော်ကောင်စီဝင်
ဦးညီထွန်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ယင်းနောက်
အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော
အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်
မဲဆန္ဒနယ် အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်း က ပုဒ်မ - ၂ ၊ ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍
အလုပ်သမားဆိုသည်မှာ မိမိ၏ ကာယအား၊ ဥာဏအားကို အသုံးပြုပြီး အလုပ်ရှင်ထံတွင် အချိန်ပိုင်းအလုပ်ကိုဖြစ်စေ၊
အမြဲတမ်းအလုပ်ကိုဖြစ်စေ အခကြေးငွေ ရယူကာ လုပ်ကိုင် နေသူကိုသော်လည်းကောင်း၊ အခကြေးငွေမယူဘဲ
လုပ်ကိုင်နေသူကိုသော်လည်းကောင်း ဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ၊ ပုဒ်မခွဲငယ်
(ဂ) နှင့် စပ်လျဉ်း၍ အလုပ်ရှင်ဆိုသည်မှာ မိမိ၏လုပ်ငန်း အတွက် လုပ်အား၊ နည်းပညာသို့မဟုတ်
ကျွမ်းကျင်မှုကို ရရှိရန် အလို့ငှာ အလုပ်သမားအား ငှားရမ်း စေခိုင်သည့် အခကြေးငွေပေးရန်
တာဝန်ရှိသူကိုဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ( ဍ
) နှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ အတည်ပြုချက် အတိုင်းထားရှိ လိုပါကြောင်း၊ ပုဒ်မ
၂ (စ်)၊ ပုဒ္မ - ၁၀၊ ပုဒ္မ - ၁၂၊ ပုဒ္မ ၁၂
- (က) ၊ ပုဒ်မ - ၁၆၊ ၁၉၊ ၂၃၊ ၂၄ ၊ ၂၅ နှင့်
၂၇ တို့ကို အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပြစ်ဒဏ်ပိုင်းရှိ
ပုဒ်မ ၄၆(ဂ) နှင့်စပ်လျဉ်း၍ တစ်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံး
ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆ - (က) ပုဒ်မခွဲငယ် (၃) တွင် သုံးလထိထောင်ဒဏ် ချမှတ်ရမည့်အပြင်
အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံးကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်လည်း ချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊
ပုဒ်မ ၄၆ - (က)၊ အပိုဒ်ခွဲငယ် (၄) တွင် တစ်လအထိ
ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁၀ သိန်းအထိ ငွေဒဏ်လည်း
ချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၈) မှ ဦးကျော်ထွေး က ဥပဒေကြမ်း၏ အပိုဒ် ၂ (က) တွင် ဖြည့်စွက်ထားသည့် ဖြည့်စွက်ချက်ကို ပယ်ဖျက်သင့်ပါကြောင်းနှင့်
အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက်ထားရှိသင့်ပါကြောင်း၊ အပိုဒ် ၂ (ခ)နှင့် အပိုဒ် ၁(ဍ) တို့ကိုလည်း အမျိုးသားလွှတ်တော်၏
အတည်ပြုချက် အတိုင်းထား ရှိသင့်ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် ပုဒ်မ
၁၀ ၊ ၁၆ နှင့် ၁၉ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက်
ထားရှိသင့်ပါကြောင်း၊ ပြစ်ဒဏ်များ အခန်းရှိ
ပုဒ်မ ၄၆၊ ၄၇နှင့် ၄၈ တို့တွင် ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ဖြည့်စွက်ချက်များကို ပယ်ဖျက်ပြီး
အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များ အတိုင်းသာ ဆက်လက် အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အပြင်
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ ဒေါ်ရွှေရွှေစိန်လတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ် (၁) မှ ဦးလှဆန်းတို့က ဆက်လက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အမျိုးသား
လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာရန် ဆုံးဖြတ်ကြောင်းနှင့် ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်
ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
မင်းမင်းဇော်
No comments:
Post a Comment