ပူတာအို နိုဝင်ဘာ ၂၅
တောင်များသည် ကမ္ဘာမြေ၏ ကနဦး ဖြစ်တည်မှုနှင့်အတူ
မွေးဖွားခဲ့သော မြေကမ္ဘာ၏ လက်ဆောင်တစ်ခုပင် ဖြစ်သည်။
ယနေ့အချိန်တွင် များပြားလှ သော အရေအတွက်ရှိ
တောင်ကုန်း တောင်တန်းများမှာ မြို့ပြများ ချဲ့ထွင်တည်ဆောက်မှု နှင့်အတူ ပျောက်ဆုံး ပျက်စီးလျက်ရှိသည်။
ရာခိုင်နှုန်း အနည်းငယ်မျှ ကျန်ရှိနေသေးသော အပျိုစင် တော၊ အပျိုစင်တောင် တန်းများလည်း
ရှိနေပေရာ ယင်းတို့ကို ထိန်းသိမ်း၍ ဒေသခံတို့၏ အလုပ်အကိုင် စားဝတ် နေရေးကို အထောက်အကူ
ဖြစ်စေသည့်အပြင် သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း
ဖြင့် နိုင်ငံတော်၏ အကျိုး စီးပွားအား အထောက် အကူဖြစ်စေရန် ဖန်တီးပေး နိုင်သော နေရာများလည်း
ရှိသည်။ လှပသော အပျိုစင်ရေခဲတောင် ထွတ်များ တည်ရှိရာ မြန်မာနိုင်ငံ မြောက်ဖျားရှိ ဖုန်ကန်ရာဇီ
ရေခဲတောင်ဒေသလည်း အပါအဝင်ဖြစ်သည်။
ရေခဲတောင် ဖုန်ကန်ရာဇီသို့ သွားလိုလျှင်
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့သို့ လေယာဉ်၊ မော်တော်ယာဉ်ဖြင့် လာရောက်နိုင်ပြီး
ပူတာအိုမြို့မှ အထက်ဆန်ဂေါင်ကျေးရွာ သို့ သုံးဘီးဖြင့် လာရောက်နိုင်သည်။ ယင်းမှ ခြေကျင်
၄၃ မိုင် ဖြစ်ပြီး ငါးရက်ခရီးဖြင့် ရေခဲများ ပျော်ကျစီးဆင်းရာ ချောင်းများ သဘာဝသစ်ခွ
ဆေးပင်မြစ်များ ပေါက်ရောက်သည့် တောစဉ်တောင်တန်းများကို ဖြတ်သန်း၍ အမြင့်ပေ ၁၁၉၂ဝ ရှိ
ဖုန်ကန် ရာဇီရေခဲတောင်ကို ရောက်ရှိမည်ဖြစ်သည်။ တောနှင့်တောင်မှာ ယခုတိုင် Virgin
Forest နှင့် Virgin Mountain အနေအထားရှိနေသော်လည်း ပြည်တွင်းခရီးသွားများနှင့် ဒေသခံများ၏
စွန့်ပစ်အမှိုက်များက ဖုန်ကန်ရာဇီ ရေခဲတောင်၏ သဘာဝကို ခြိမ်းခြောက်စ ပြုနေသည်ကို တွေ့နေရပြီဖြစ်သည်။
ယင်းအခြေအနေကို ကုစားရန် ကြိုးပမ်းနေကြသူများလည်း
ရှိနေသည်။ ကျွန်တော်တို့ ဒေသခံတွေနဲ့ ခရီးသွားလုပ် ငန်းရှင်တွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့တွေ ပူးပေါင်းပြီး တောလမ်းနှင့် တောင်တက် ခရီးမှာရှိတဲ့ အမှိုက်တွေကို ရှင်းလင်းပါ
မယ်။ စခန်းချနေရာတွေမှာ အိမ်သာနဲ့ လောင်စာချွေတာ မီးဖိုများ စီစဉ်ပြုလုပ် ပေးသွားမှာပါ
ဟု ဒေသခံ တောင်တက်ခရီးသွားလုပ်ကိုင်သူ ကိုပီတာ ထွန်းထွန်းဝင်း က ပြောသည်။
ခရီးသွားဝင်ရောက်မှု များပြားလာသည့် ဖုန်ကန်ရာဇီ
ရေခဲတောင်ဒေသတွင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ ပေါများလာသည်နှင့်အမျှ သဘာဝပတ်ဝန်း
ကျင် ညစ်ညမ်းပျက်စီးခြင်း၊ အင်းဆက် ပိုးမွှားများနှင့် တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းလာခြင်း၊
သဘာဝမြေဆီလွှာ ပျက်စီးခြင်း၊ သစ်ပင်ပန်းမန်များနှင့် ဆေးဖက်ဝင်အပင်များ ထိခိုက် ပျက်စီး
ခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ရေချိုအရင်းအမြစ်ကိုပါ ထိခိုက်ပျက်စီး လာနိုင်စေခြင်းတို့ကြောင့်
ဒေသခံများနှင့် ခရီးသွားလုပ်ငန်းရှင်များ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ
ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရေခဲတောင် ခရီးသွားအဖွဲ့ တက်ရောက်လျှင်
ထင်း လောင်စာ သုံးစွဲမှုမှာ သစ်ပင် ၂ဝ ခန့်ရှိ ကြောင်း၊ ထို့အပြင်၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ
စတင်၍ ပြည်ပ ခရီးသွားများကို ရေခဲ တောင် တက်ရောက်ခွင့် ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊
ပူတာအို မြို့တွင်းသာ လည်ပတ်ခွင့် ၁၁ နေရာသာ လည်ပတ်ခွင့်ပြုထား သောကြောင့် ခရီး သွားလုပ်ငန်းကျဆင်းခဲ့ပြီး
ဒေသခံများ အနေဖြင့် တောနှင့်တောင်ကိုသာ လုံးဝ မှီခိုကြကြောင်း၊ တောများနှင့် တောင်များ
နေသတ္တဝါများ ထိခိုက်ဆုံးရှုံးမှု ရှိလာ နေပြီဖြစ်ကြောင်းကိုလည်း ဒေသခံတစ်ဦး ဖြစ်သူ မနင်းနင်ရမ်က
ပြောသည်။
တောတောင်များကို တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်သူများ
ရှိသကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး သွားစေသည်လည်းရှိရာ ဒေသခံများကို
တန်ဖိုးရှိသည့် တောထွက်ဆေးမြစ် ဆေးပင်နှင့် တောရိုင်းသတ္တဝါများကို ထိန်းသိမ်းမြတ်နိုးစေရန်
ပညာပေးရန် လိုအပ်ကြောင်း၊ ပြည်ပတောင်တက်ခရီးသွားလမ်းကြောင်းများ မရှိသဖြင့် ယင်း နှင့်
ဆက်စပ်လျက်ရှိသော အရောင်းအဝယ်သယ်ယူပို့ဆောင်ရေးနှင့် ဝန်တင် အထမ်း သမားများ အလုပ်လက်မဲ့ဖြစ်ကြရာ
ယင်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် ပေးရန်လည်း လိုအပ်ကြောင်း
၎င်းက ဆက်လက်၍ ပြောသည်။
ဖုန်ကန်ရာဇီရေခဲတောင် သဘာဝမပျက်စီးစေရန်
ထိန်းသိမ်းသန့်ရှင်းစေမည့် လှုပ်ရှားမှုတွင် ဖုန်ကန်ရာဇီ ရေခဲ တောင်လမ်းတစ်လျှောက်ရှိ
ကျေးရွာများတွင် အမှိုက်နှင့် ပတ်သက်သော ပညာပေးများ ပြုလုပ်ခြင်း၊ လမ်းခရီးတစ်လျှေက်
ပလတ်စတစ် အမှိုက်များနှင့် စွန့်ပစ်အမှိုက် များ ရှင်းလင်းခြင်း၊ လမ်းခရီး တစ်ထောက်နားနေရာများနှင့်
တစ်ထောက်နား ညအိပ်စခန်း များတွင် အများသုံးအိမ်သာများ တည်ဆောက်ပေးခြင်း၊ အမှိုက်ကျင်းများနှင့်
အမှိုက်ပုံးများ စီစဉ်ထားပေးခြင်း၊ တစ်ထောက်နား ပတ်ဝန်းကျင်အနီး သစ်တောများ မပြုန်းတီးစေရန်
စွမ်းအင် ချွေတာသုံး ထင်းမီးဖိုများ စီစဉ်ထား ပေးခြင်းတို့ကို နိုဝင်ဘာလတတိယပတ်မှ အစပြု၍
ရေခဲတောင်ဒေသ သာယာလှပ ရေးအဖွဲ့(စိန်းလန်းဖုန်ကန်)မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ဖုန်ကန်ရာဇီ ရေခဲတောင်ဒေသသည် မြန်မာနိုင်ငံ၏
ရေချိုအရင်း အမြစ် စတင်သည့် ဒေသတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှ တစ်ခုလုံးတွင် မြန်မာနိုင်ငံတွင်သာ
တည်ရှိကာ မထိရမကိုင်ရသေးသည့် အပျိုစင်ရေခဲ တောင်တန်းလည်း ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှု
အရသော် လည်းကောင်း၊ သဘာဝအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝရောနှော၍ သော်လည်းကောင်း
တည်ရှိနေသည့် အဖိုးမဖြတ်နိုင်သော ဒေသဖြစ်ပြီး နောင်လာမည့် နှစ်ပေါင်းများစွာ တည်တံ့နေစေရေး
အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်သည်။
ထို့ကြောင့် အဆိုပါဒေသအတွင်း ဒေသခံများနှင့်
ခရီးသွားလာသူအပေါင်း များစွာသွားလာ နေထိုင်လျက်ရှိကြရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ
ဖြစ်ပေါ်မလာအောင် ဒေသခံ များနှင့် ခရီးသွားပြည်သူများက အသိတရားနှင့် ဝိုင်းဝန်းကာကွယ်ပြီး
တာဝန်ရှိသူများ အနေဖြင့် ယင်းဒေသ ရေရှည်ထာဝရတည်တံ့နေစေရေးအတွက် ကူညီပံ့ပိုးထိန်းသိမ်း
မှုတို့ဖြင့်သာ ဖုန်ကန်ရာဇီ ရေခဲတောင်အလှ ရေရှည်တည်တံ့သွားမည်ဖြစ်ပါကြောင်း ဒေသခံများထံမှ
သိရသည်။
ပိန်းဇလုပ်-သိန်းညွန့်
No comments:
Post a Comment