ကတ္တမန္ဒူး- နိုဝင်ဘာ ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာရာ
နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကတ္တမန္ဒူးမြို့ ထရီဗူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နီပေါ ဖက်ဒရယ်
ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့်
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သံတမန်ရေးရာ ဌာနအကြီးအကဲ Mr.Dipak Adhikari တို့က
ခရီးဦးကြိုဆိုနှုတ်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ထရီဗူဗန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ
နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ အက်စ်ရှ်ဝါ ပိုကာရယ်က
ကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်
သမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
အဖွဲ့ဝင်များသည် မော်တော်ယာဉ်များ ဖြင့် ခေတ္တတည်းခိုမည့် Soaltee Crowne Plaza
Hotel သို့ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား
နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.Pradeep Kumar
Gyawali ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က Soaltee Crowne Plaza Hotel ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် သံတမန်ဆက်သွယ်မှု သမိုင်းကြောင်း
ရှည်လျားသည့် မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်မှုကဏ္ဍ
တိုးမြှင့်ရေးအတွက် အလာအလားကောင်း များ ဖော်ဆောင်နိုင်ရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် မြန်မာ-နီပေါတိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရေး အတွက်
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
အဖွဲ့ဝင်များနှင့်အတူ Bhrikuti Mandap ၌ ကျင်းပသည့် “နီပေါ ကုန်စည်ပြပွဲ-၂၀၁၈” (Nepal Chamber Expo 2018) ဖွင့်ပွဲအခမ်း
အနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားရာတွင်
မြန်မာနှင့်နီပေါနိုင်ငံတို့သည် ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သောကြောင့်
ကူးသန်း ရောင်းဝယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်း အား
အရင်းအမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်
သွယ်ရေး၊ အထည်အလိပ်နှင့် သားရေ အစရှိသောနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်နေပါကြောင်း၊
ထို့အပြင် ဒေသတွင်းကြွယ်ဝချမ်းသာမှုမြှင့်တင်ရန်၊ စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာစေရန်နှင့်
ဒေသတွင်းရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်သောဘဝများ တည်ဆောက်ရန် ရည်ရွယ်သော တောင်အာရှဒေသခွဲ
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (SASEC) အစီအစဉ်တွင် လက်တွဲ ဆောင်ရွက်နေ ပါကြောင်း။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား
နှစ်နိုင်ငံကုန်သွယ်မှု မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၆ သန်းရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏
အဓိကပို့ ကုန်များမှာ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းများ၊ သစ်မာနှင့် သစ်ပါးလွှာတို့
ဖြစ်ပြီး နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများမှာ စားသောက်ကုန်
များဖြစ် ပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လမှစ၍ နီပေါနိုင်ငံမှ ကုမ္ပဏီ ၁၀ ခုမှာ မြန်မာနိုင်ငံ
ရင်းနှီးမြှပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ
ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်စရာများရှိနေပါကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့်
ချစ်ကြည်ရင်းနှီးမှုမှာ ဆယ်စုနှစ် ပေါင်း များစွာကြာသည့်တိုင် တည်မြဲခဲ့ပါကြောင်း၊ ယဉ်ကျေးမှု၊
ဓလေ့ထုံးစံနှင့် အတွေ့ အကြုံ များ တူညီမှုများ ရှိခြင်းက ပြည်သူအချင်းချင်းထိတွေ့မှုကို
မြှင့်တင်ရာတွင် အ ထောက် အကူဖြစ်စေပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူချိန်နောက်ပိုင်း
လက်ရှိမြန်မာ နိုင်ငံအစိုးရသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အကျိုးများသော
ပတ်ဝန်းကျင်တစ်ခုဖန်တီးရန် ခိုင်မာစွာ သံန္နိဌာန်ချမှတ်ခဲ့ပါကြောင်း၊ အပြန်အ လှန်အမှီပြုနေသည့်
တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိန်ညှိရမည်ဖြစ် ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး နိုင်ငံရေးရည်မှန်း ချက်နှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက်
ခိုင်မာသော အခြေခံအုတ်မြစ် တစ်ရပ် ချမှတ်ရန် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည်
မရှိမဖြစ် လိုအပ်ပါကြောင်း၊
ထိုသို့ဆောင်ရွက်ရန် မိမိတို့အစိုးရသည်
ပြည်သူကိုဗဟိုပြုသည့် အမျိုးသားစီး ပွားရေး မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပါကြောင်း၊ ပြည်နယ်နှင့်
တိုင်းဒေသကြီးအားလုံး၌ ရေရှည် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် သဘာဝအရင်းအမြစ်များ မျှမျှတတ
ခွဲဝေသုံးစွဲ မှုကို အားပေးသည့် စီးပွားရေးမူဘောင်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပါကြောင်း၊
မကြာသေးမီက ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် အညီ
ပြင်ဆင်ထားသည့် ဘက်စုံပါဝင်သော စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့်
မြန်မာနိုင်ငံ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုး တက်ရေးစီမံချက် (MSDP) ကို ချမှတ်ခဲ့ပါကြောင်း။
MSDP ၏ ရည်မှန်းချက်တစ်ခုစီတွင် ရည်မှန်းချက်နှင့်
မစ်ရှင်ကိုယ်စီရှိပါကြောင်း၊ ပထမရည်မှန်းချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊
ဒုတိယ ရည်မှန်းချက်မှာ စီးပွားရေး စီမံခန့်ခွဲမှု၊ တတိယရည်မှန်းချက်မှာ အလုပ်အကိုင်ဖန်တီး
ရေး၊ စတုတ္ထရည်မှန်းချက်မှာ လူသားစွမ်းဆောင်ရည်နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှု၊
ပဉ္စမရည်မှန်းချက်မှာ သဘာဝအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးကို
အလေးပေးပါကြောင်း၊ ပိုမိုဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှပ်နှံသူ အကြိုက် ပတ်ဝန်းကျင်ဖန်တီးနိုင်ရန်
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုဥပဒေကို ပြဌာန်းခဲ့ပါကြောင်း၊
အဆိုပါဥပဒေက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစဉ်ကို
ရှင်းလင်းပေးပြီး မက်လုံးများပေးကာ ဖက်စပ်လုပ်ငန်းများ၊ ပွင့်လင်းမြင် သာမှုရှိသော၊ ပိုမိုလွတ်လပ်မှုရှိသော ရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင်တစ်ရပ် ဖြစ်စေရန်
အတွက် အာမခံပေးထားပါကြောင်း၊
မြန်မာအစိုးရသည် မကြာသေးမီက ရင်းနှီးမြှပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေး ဝန်ကြီးဌာနကို
ဖွဲ့စည်းခဲ့ပြီး ယင်းဝန်ကြီးဌာနက စီးပွားရေး အခွင့်အလမ်းများ ဖန်တီး ခြင်း၊ ပြည်တွင်းပြည်ပ
ရင်းနှီးမြှပ်နှံမှုများကို အားပေးခြင်း၊ ဒေသတွင်းနှင့်
ဒေသခွဲ အဖွဲ့အစည်းများနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ခြင်း
တို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရင်းနှီးမြှပ်နှံမှုများကို
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ပြင်ဆင်ထားသည့် ဥပဒေက အပြည့်အဝ
အကာအကွယ် ပေးထားသည်ဆိုသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ မြန်မာ့စီးပွားရေး၏ ရင်းနှီးမြှပ်နှံမှုကဏ္ဍ
၁၂ ခုတွင် ဦးဆောင်နယ်ပယ်များမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားနှင့် ကုန်ထုတ်
လုပ်ငန်းများဖြစ်ပါကြောင်း၊
အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊
ပို့ကုန်မြှင့်တင်ခြင်းနှင့် သွင်းကုန် အစားထိုးခြင်း၊ လျှပ်စစ်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊
ပညာရေးဝန် ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အများတတ်နိုင်သည့် အိမ်ရာ ဆောက်လုပ်
ရေးနှင့် စက်မှုလုပ်ငန်းကဲ့သို့သော မိမိတို့၏ဦးစားပေးနယ်ပယ်များကို လေ့လာဖော် ထုတ်ရန်
ပြည်ပရင်းနှီးမြှပ်နှံသူများကို မိမိဖိတ်ကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု
ဥပဒေ ပြဌာန်းပြီးနောက် MyCo အီလစ်ထရောက်နစ် မှတ်ပုံတင်စနစ် မိတ်ဆက်မှုနှင့်အတူ ၂၀၁၈
ခုနှစ်၊ သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အသက်ဝင်လာခဲ့ပါကြောင်း၊။
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ
အလျှံပယ်ကြွယ်ဝသည့်နိုင်ငံဖြစ်ပါကြောင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော
သယ်ယူပို့ဆောင်ရေး ကွန်ရက်များ၊ လျှပ်စစ်မီးပေးရေး၊ စမတ်စီးတီးများ တိုးချဲ့ရေးနှင့်
ကျန်းမာရေးနှင့် အရည်အသွေး ရှိသော ပညာရေးစနစ် တိုးတက်ဖြစ်ထွန်းရေးတို့တွင် အစိုးရက
အထူးဦးစားပေး ဆောင်ရွက်နေသောကြောင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာသော
အခွင့်အလမ်းများ မိမိတို့ပိုင်ဆိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၌ အခွင့်အလမ်း သစ်များရှာဖွေရန်နှင့်
နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်အတွက် မြန်မာနိုင်ငံ၏ စီးပွား ရေးကဏ္ဍနှင့် လက်တွဲဆောင်ရွက်ရန်
နီပေါစီးပွားရေး အသိုင်းအဝိုင်းကို မိမိ အားပေး လိုပါကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ
ဝန်ကြီးချုပ်ဟောင်း နှင့် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ Mr. Pushpa Kamal Dahal နှင့် နီပေါဖက်ဒရယ်
ဒီမိုကရက်တစ် သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မစ္စတာ ရာဂျက်ကာရီ ရှရက်စ် သာ တို့က
နှုတ်ခွန်း ဆက် အမှာစကား ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဖက် ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့်
ကွန်မြူနစ်ပါတီဥက္ကဋ္ဌ၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ
တို့နှင့်အတူ “နီပေါကုန်စည်ပြပွဲ-၂၀၁၈” (Nepal Chamber Expo
2018) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး “နီပေါကုန်စည်ပြပွဲ-၂၀၁၈”တွင် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံမှ
ပြခန်းများ နှင့် အခြားနိုင်ငံများမှ ပြခန်းများကို လှည့်လည် ကြည့်ရှု အားပေးသည်။
“နီပေါကုန်စည်ပြပွဲ-၂၀၁၈”တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများမှ ပြခန်းပေါင်း ၁၄၅ ခန်း ခင်းကျင်းပြသလျက်ရှိပြီး
မြန်မာနိုင်ငံမှ မြန်မာ့ ယဉ်ကျေးမှုနှင့် ရိုးရာအသုံးအဆောင်များပြခန်း၊ လက်ဝတ်ရတနာများ
ပြခန်း၊ ဒေသတွင်း ထုတ်ကုန်များဖြစ်သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြခန်း၊
ပဲစသည့်သီးနှံ ထွက်ကုန်ပြခန်းများ အပါအ၀င် ပြခန်းပေါင်း ၂၀ ဖွင့်လှစ်ပြသလျက်ရှိ ကြောင်းသိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစုဝင်များနှင့်တွေ့ဆုံပြီး
လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
အဖွဲ့ဝင်များအား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့်
တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)
No comments:
Post a Comment