Thursday, November 29, 2018

အမျိုးသား စံချိန်စံညွှန်းကောင်စီ အစည်းအဝေး ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၈
အမျိုးသား စံချိန်စံညွှန်းကောင်စီ (၁/၂ဝ၁၈) အစည်းအဝေးကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသား စံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအခန်း (၃)၊ ပုဒ်မ(၅)ပါ ကောင်စီ၏ တာဝန်များဖြစ်သော နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍဆိုင်ရာ အထောက်အကူပြု စံချိန်စံညွှန်းများ၊ ပြည်သူ့ကျန်းမာရေး၊ အစားအသောက်နှင့် သဘာဝ ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး စသည့် နယ်ပယ်အသီးသီး အတွက် လိုအပ်နေသော စံချိန်စံညွှန်းများကို မြန်မာစံချိန် စံညွှန်းများအဖြစ် အတည်ပြုနိုင်ရေး၊ စံချိန်စံညွှန်းကိုက်ညီမှုကို စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများ အပါအဝင် အရည်အသွေး ကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ၏ ကျွမ်းကျင်မှုကို စစ်ဆေး အသိအမှတ်ပြုခြင်း (Accreditation) ကဏ္ဍကို ပံ့ပိုး ဖြည့်ဆည်းပေးရေး စသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကာ အကြံပြုချက်များ၊ ဆုံးဖြတ်ချက်များ ရယူနိုင်ရန် အစည်းအဝေးခေါ်ယူခြင်း ဖြစ်ကြောင်း။
စံချိန်စံညွှန်းများ ထပ်မံဖော်ထုတ်
အာဆီယံနှင့် တစ်ပြေးညီ စံချိန်စံညွှန်းများကို ကိုးကားသော မြန်မာစံချိန်စံညွှန်းများအပြင် နယ်ပယ်အသီးသီးအတွက် လိုအပ်မည့် စံချိန်စံညွှန်းများကို ထပ်မံထုတ်ဖော်သွားရန် လိုအပ်လျက်ရှိကြောင်း၊ အတည်ပြုချမှတ်ပြီးသည့် စံချိန်စံညွှန်းများကို လက်တွေ့နယ်ပယ် အသီးသီးတွင် ကျင့်သုံးနိုင်ရန် လိုအပ်ပါ ကြောင်း။

ခေတ်စနစ်နှင့်အညီ ပြောင်းလဲကျင့်သုံးနေရသော နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းနှင့် လိုင်စင်ထောက်ခံချက်ပေးခြင်း စသည့် လုပ်ငန်းများတွင် ကိုးကားဖော်ပြရမည့် အရည်အသွေး ကိုက်ညီမှု စစ်ဆေးခြင်း နည်းလမ်းများနှင့် စံချိန်စံနှုန်းသတ်မှတ် ခြင်းများကို ထည့်သွင်း အသုံးပြုကြရန် တိုက်တွန်းလိုကြောင်း။

အကြံပြုဆွေးနွေး

ပုဂ္ဂလိက ကဏ္ဍတွင် ပါဝင်ကြသည့် ကောင်စီဝင်များ အနေ ဖြင့် အမျိုးသားပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာပါ ဦးစားပေး နယ်ပယ် အသီးသီးအပြင် အခြားလိုအပ်လျက်ရှိသော နယ်ပယ် များအတွက် စံချိန်စံညွှန်းများ ဖော်ထုတ်ပေးခြင်း၊ စံချိန်စံညွှန်းများကို လက်တွေ့ နယ်ပယ်ထဲတွင် အထောက်အကူပြုနိုင်ရေးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင် ပေးနိုင်ရေး အတွက် အရည်အသွေးမြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့ကြရန် လိုကြောင်း၊ အမျိုးသား စံချိန်စံညွှန်းကောင်စီဝင် များအနေဖြင့် မြန်မာနိုင်ငံ၏ အရည်အသွေးရှိသော အခြေခံ အဆောက်အဦ ထူထောင်ရာတွင် လိုအပ်သည့် ကဏ္ဍအသီးသီး နှင့် ကျွမ်းကျင် ပညာရှင်များ ပြုစုပျိုးထောင်လေ့ကျင့်ရန် အတွက် ဆွေးနွေး အကြံပြုကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment