Friday, November 23, 2018

တက္ကသိုလ်စာပေရပ်ဝန်းမှသည်. . .


လွတ်လပ်ရေးကြိုးပမ်းမှုကာလ တက္ကသိုလ်စာပေရပ်ဝန်း
ဆရာသိန်းဖေမြင့်၏ စာပေဘဝဇာတ်လမ်းစုံ စာအုပ်အား ဖတ်ရသည့်အခါ တက္ကသိုလ် ရပ်ဝန်းအတွင်းမှ ကျောင်းသားများ ကျောင်းတက်နေစဉ်ကာလမှာပင် နိုင်ငံရေးဦးဆောင် သူများ၊ စာပေဦးဆောင်သူများ ထွက်ပေါ်လာခဲ့သည်ကို မှတ်သားမိပါ သည်။

ယင်းသို့ နိုင်ငံအတွက် ထူးချွန်ထက်မြက်သူများ တက္ကသိုလ်ကျောင်းသားဘဝကပင် ထွက်ပေါ်လာခြင်းသည် ယင်းအချိန်က နိုင်ငံ၌ဖြစ်ပေါ်နေသည့် အခြေအနေလိုအပ်ချက်၊ တောင်းဆိုချက်များကြောင့်ဟု ဆိုနိုင်သော်လည်း အရည်အသွေးမြင့် ကျောင်းသားများ ထွက်ပေါ်လာခြင်း၏ အရင်းခံ အကြောင်းတရားတစ်ရပ်မှာ တက္ကသိုလ်နယ်ပယ်အတွင်း စာပေရပ်ဝန်းထူထောင်ထားခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တက္ကသိုလ်မှစာပေရပ်ဝန်းသည် ကျောင်းသားများကိုသာမက လူထု၏ အသိအမြင်ကိုပါ မြှင့်တင်ပေးနိုင်ခဲ့သည်မှာ အတုယူဖွယ်ပင်။
ထိုစဉ်ကာလက တက္ကသိုလ်စာပေရပ်ဝန်းတွင် ဆရာကြီး ဦးဖေမောင်တင်၊ ကိုအောင်ဆန်း၊ ဆရာမင်းသုဝဏ်၊ ဆရာ ဇော်ဂျီ၊ ဆရာသိပ္ပံမောင်ဝ၊ ဆရာမောင်အုန်းမြ ( ကိုအုန်း )၊ မင်းကုသ၊ ဆရာဦးလူဖေဝင်း၊ ဆရာသိန်းဖေမြင့်၊ ဦးနု စသည့် စသည့် ပညာရပ် အားဖြင့်ဖြစ်စေ၊ အတွေးအခေါ်အားဖြင့်ဖြစ်စေမြင့်မားသည့် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းခဲ့သည်ကို တွေ့ရသည်။ ယင်းအချိန်ကာလမှာပင် တက္ကသိုလ်တွင် မြန်မာ စာဌာနပေါ်ထွန်းရေး ဆောင်ရွက်ခဲ့ကြသကဲ့သို့ မြန်မာစာပေ တိုးတက်ရေးကို တက္ကသိုလ်မှ ဆရာများ၊ ကျောင်းသားများက ဦးဆောင်နိုင်ခဲ့သည်မှာလည်း တက္ကသိုလ်တစ်ရပ်၏ ဂုဏ် သိက္ခာမြင့်မားစေသည့် အကြောင်းတစ်ရပ်ဖြစ်သည် ဆိုရ ပေမည်။
တက္ကသိုလ်မှထုတ်ဝေသည့် တက္ကသိုလ်မဂ္ဂဇင်းသည် ဆရာများ၊ ကျောင်းသားများအတွက် စာပေနှင့် အတွေးအခေါ် များ၊ အယူအဆများ၊ နိုင်ငံတကာအမြင်များ မြေတောင် မြှောက်ပေးသည့် နယ်မြေတစ်ခုဖြစ်ခဲ့သည်။ တက္ကသိုလ်မှ ဆရာများ၊ ကျောင်းသားများသည် တက္ကသိုလ်မဂ္ဂဇင်း အပြင် သူရိယသတင်းစာ၊ ဒဂုန်မဂ္ဂဇင်း၊ ဂ္ထလောကမဂ္ဂဇင်း၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မဂ္ဂဇင်းတို့မှာလည်း တက္ကသိုလ်ဆရာများ၊ ကျောင်းသားများ ကျင်လည်ရာ စာပေဝန်းကျင်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ကျောင်းသားများ၏စာပေရပ်ဝန်းကျယ်ပြန့်မှုသည် တက္ကသိုလ်ပရဝဏ်မှ လွတ်လပ် ရေး ကြိုးပမ်းမှုအထိ ဦးဆောင်နိုင်ခဲ့ကြသည်။ တက္ကသိုလ်မှ စာပေနယ်ပယ်သည် ကျောင်းသားများ၏ ပညာသင်ကြားရေး အဆင့်ကိုသာမက နိုင်ငံကိုဦးဆောင်နိုင်သူများ၊ စာပေကို ဦးဆောင်နိုင်သူများအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။
တက္ကသိုလ်ဟူသည်
တက္ကသိုလ်ဟူသည် အသိဉာဏ်၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု၊ ဗဟုသုတများ ဆည်းပူးရာ၊ ရှာဖွေရာ၊ ဖြန့်ဖြူးရာ၊ ဆွေးနွေးရာ ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်ဝန်းကျင်နှင့် ဆက်နွှယ်နေသူများသည် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများ သို့မဟုတ် ကြိုးစားနေသူများ၏ ပညာနယ်မြေဖြစ်သည်။ တက္ကသိုလ်များမှ ပညာများသည် တက္ကသိုလ် အသိုင်းအဝိုင်းအတွင်းသာမက လက်တွေ့နယ်ပယ်၊ အသုံးချနယ်ပယ် များအထိ ကျယ်ပြန့် လာပါက တစ်ဦးချင်း အကျိုး၊ နိုင်ငံအကျိုး အတွက်သာမက လူမှုပတ်ဝန်းကျင်တစ်ခုလုံးအား ပိုမိုအကျိုးရှိ နိုင်ပါသည်။ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ၊ သုတေသနပညာ ရှင်များ၊ ဘာသာရပ်အလိုက် ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကျောင်းသားများသည် မိမိတို့ ကျွမ်းကျင်ရာအလိုက် စာအုပ်ထုတ်ဝေခြင်း၊ စာပေရေးသားခြင်းများ လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ သို့ဖြစ်သည့်အတွက် ပညာရပ်များ၊ အတွေးအခေါ် အယူအဆအသစ် များသည် တက္ကသိုလ်ပရဝဏ်အတွင်းရှိ စာသင်ခန်းမအတွင်း၊ သုတေသန အခန်းတွင်းသာမက ပြင်ပလက်တွေ့နယ်ပယ်၊ အသုံးချနယ်ပယ်များအထိ ပညာပြန့်ပွားစေ သည်ကို တွေ့ရသည်။
ယင်းသို့ စာပေရေးသားကြခြင်းဖြင့် အောက်ပါအကျိုး ကျေးဇူးများရရှိစေကြောင်း တွေ့ရသည်။ (cf. Chappell, 2011; or What is the importance of writing?)
 (က) တစ်ဦးတစ်ယောက်အား မည်သူမည်ဝါ(one’s personality) ဖြစ်သည်ကို ဖော်ပြနိုင်ခြင်း၊
(ခ) ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခြင်း၊
(ဂ) စဉ်းစားတွေးခေါ်မှု အရည်အသွေး တိုးမြင့်လာနိုင် ခြင်း၊
(ဃ) ကျိုးကြောင်းဆီလျော်မှုနှင့် ဆွဲဆောင်နိုင်လောက်သည့် ဆွေးနွေးမှုပြုလုပ်နိုင်ခြင်း၊
(င) အတွေးအခေါ်နှင့်ပတ်သက်၍ တစ်ဖက်သားအား တုံ့ပြန်နိုင်သည့် အခွင့်အရေးပေးနိုင်ခြင်းနှင့် ၎င်းတို့အား ပြန်လည်သုံးသပ်နိုင်ခြင်း၊
(စ) သတင်းအချက်အလက် ရရှိနိုင်ခြင်းနှင့် ပေးအပ် နိုင်ခြင်း၊
(ဆ) ပညာသင်ကြားခြင်းနှင့် အလုပ်အကိုင်အတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်း၊
ထို့ကြောင့် ပညာလေ့လာရာ၊ ဖြန့်ဖြူးရာဖြစ်သည့် တက္ကသိုလ်များမှ ကျောင်းသားများ၊ ဆရာများအတွက် စာသင်ခန်းမပြင်ပ လွတ်လပ်စွာ ပညာဖြန့်ဝေနိုင်ရန်၊ ပညာရယူနိုင်ရန်နှင့် ဆွေးနွေးနိုင်ရန်အတွက် တက္ကသိုလ်စာပေရပ်ဝန်းများ ထူထောင် ပေးရန်လိုအပ် မည်ဖြစ်ကြောင်း အကြံပြုလိုပါသည်။ တက္ကသိုလ် မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ စာစောင်များ ထုတ်ဝေရန် ငွေကြေး အားဖြင့် အခက်အခဲရှိကောင်းရှိနိုင်သော်လည်း ငွေကြေးအား ဖြင့် တန်ဖိုးဖြတ်မရနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ကို လည်း ချိန်ထိုးစဉ်းစားစေ လိုပါသည်။ စာသင်ခန်းအတွင်းမှ ပညာများ၊ သုတေသနရလဒ်များ ပြန့်ပွားလာခြင်းဖြင့် အယူအဆ အသစ်များ၊ အတွေးသစ်အမြင်သစ်များ၊ ရှုထောင့်စုံမှ ကြည့်မြင် တတ်မှုများ၊ နိုင်ငံတကာပညာများနှင့် နှိုင်းယှဉ်သုံးသပ်နိုင်မှုများ ကို မျှော်မှန်းလာနိုင်မည်ဖြစ်ရာ ဌာနများ၏ အရည်အသွေး၊ သင်ကြားရေးဆရာများ၏ အရည်အသွေး၊ ကျောင်းသားများ၏ အရည်အသွေးမြင့်မားလာနိုင်မည်ဟု ယုံကြည်ပါသည်။
ဤနေရာတွင် ၁၉၈ဝ ဝန်းကျင်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် တက္ကသိုလ်မှ ပါမောက္ခဆရာကြီးတစ်ဦး၏ ဖြစ်စဉ်ကို ဖော်ပြလိုပါ သည်။ ထိုပါမောက္ခဆရာကြီးမှာ မိမိတို့ဌာနမှ ဆရာကြီးမဟုတ် သော်လည်း ဆရာကြီးသည် သူငယ်ချင်း၏ဦးလေးဖြစ်သဖြင့် သူငယ်ချင်းနှင့်အတူ ဆရာကြီးအိမ်သို့ အလည်ရောက်ရှိခဲ့ပါသည်။
ကျောင်းပိတ်ရက်ဖြစ်သဖြင့် ဆရာကြီးသည် အိမ်တွင် ၎င်း၏မြေးငယ်ကို စာသင်ပေးနေပါ သည်။ မြေးငယ်အား စာသင်ပေးပြီးသွားသည့်အခါ ဆရာကြီးသည် စာကြည့်စားပွဲတွင် စာဖတ်နေသည်ကို တွေ့ရပါသည်။ ဆရာကြီးသည် သူ၏ဘာသာရပ်ပါရဂူ ဘွဲ့ကို နိုင်ငံခြား တက္ကသိုလ်မှရရှိခဲ့ပြီး ဆရာကြီးသည် နိုင်ငံတကာတက္ကသိုလ်များမှ လေးစားရသော ပညာရှင်တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။ သို့သော် မိမိတွေ့ရှိချိန်တွင် ဆရာကြီးသည် အများအားဖြင့် ကျောင်းသားများကို စာသင်ကြားခြင်း၊ စာပေ ဖတ်ရှုလေ့လာခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးနေရသည်ကို တွေ့ရ သည်။ ၎င်း၏ပညာများကို အခြားနေရာများတွင် အသုံးချရန် အခွင့်အလမ်းနည်းပါးခဲ့သည့်အခြေအနေဟု ဆိုရပါမည်။ ယင်း အခြေအနေမှာ ကာယကံရှင်ဆရာကြီးအတွက်နစ်နာလှသလို နိုင်ငံတော်အတွက်လည်းကောင်း၊ အနာဂတ် မျိုးဆက်သစ်များ အတွက်လည်းကောင်း နစ်နာလှပါသည်။
ပညာရှင်တစ်ဦး၏ ပညာကိုလေးစားရန်၊ အသုံးချရန် ဆိုသည်မှာလည်း ထိုပညာ၏တန်ဖိုးကို နားလည်ရန် လိုအပ်သကဲ့သို့ ပညာကို မည်သို့အသုံးပြုရန်၊ ပညာရှင်၏သဘောကို နားလည်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ပညာရှင်များ၏ ပညာများ အသုံးချရန် ဆိုသည်မှာလည်း အသုံးချနိုင်သည့် အခြေအနေ၊ အခွင့်အလမ်းကဲ့သို့သော နယ်ပယ်ရပ်များ ဖန်တီး ပေးရန် လိုအပ်မည် ဖြစ်ပါသည်။
တက္ကသိုလ်စာပေရပ်ဝန်း
ယခုအခါ တက္ကသိုလ်များတွင် သုတေသနများပြုလုပ်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ များစွာလေးစားရမည့် ဆောင်ရွက်မှုအဖြစ် ကြိုဆိုလိုပါသည်။ ထိုသုတေသန ရလဒ်များ၊ တွေ့ရှိချက်များ၊ ယူဆချက်များကို အခြားပညာရှင်များ၊ ကျောင်းသားများအကြား အပြန်အလှန်ဆွေးနွေးခွင့်၊ ဖလှယ်ခွင့်များရရှိစေရန်အတွက် ပညာရပ်နယ်ပယ်တစ်ရပ် ထားရှိသင့်ပါသည်။ ယင်းပညာရပ်နယ်ပယ်မှာ တက္ကသိုလ်များ တွင် အတွေးအခေါ် အယူအဆ ရေးသားနိုင်သည့်မဂ္ဂဇင်း၊ ဂျာနယ်၊ စာစဉ် ကဲ့သို့သော စာပေများ ရေးသား ထုတ်ဝေပေး ခြင်း ဖြစ်ပါသည်။
ယနေ့ကာလသည် နည်းပညာများမြင့်မားလာမှုနှင့်အတူ လူမှုကွန်ရက်များ အသုံးပြုမှုသည်လည်း မြင့်မားလာသည်ကို တွေ့ရသည်။ လူမှုကွန်ရက်များသည် အသုံးချ တတ်လျှင် အကျိုးကျေးဇူးများလှသည်။ လူမှုကွန်ရက်များတွင် နိုင်ငံရေးပညာရပ် ဆိုင်ရာ၊ စီးပွားရေးပညာရပ်ဆိုင်ရာ၊ အတွေးအခေါ် အယူအဆ ဆိုင်ရာ၊ သမိုင်းပညာဆိုင်ရာ၊ ရှေးဟောင်းသုတေသနဆိုင်ရာ၊ မြန်မာစာပေဆိုင်ရာ၊ ဆေးပညာရပ်ဆိုင်ရာ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စသည့် ဘာသာရပ်အလိုက်၊ ပညာရပ်အလိုက်များ စွာရေးသား တင်ပြမှုများရှိသကဲ့သို့ ပညာရေးနှင့်ပတ်သက်သည့် အမြင်၊ အယူအဆများ ရေးသားမှုများ ကိုလည်း တွေ့ရသည်။ လူမှုကွန်ရက်များတွင် တန်ဖိုးကြီးလှသည့် ပညာရပ်ဆိုင်ရာ ရေးသားမှုများရှိနေခြင်းကို ဖော်ပြလိုရင်းဖြစ်သည်။ ယင်း ရေးသားသူများတွင် ပညာရှင်များ၊ ဆရာများ၊ ကျောင်းသားများ၊ သုတေသနပြုနေသူများ၊ လက်တွေ့နယ်ပယ်များ၊ ပုဂ္ဂိုလ် များ၊ စာရေးသူများ စသည်ဖြင့် အလွှာပေါင်းစုံ ရေးသားလျက် ရှိသည်။
လူမှုကွန်ရက်များတွင် ရေးသားရခြင်းနှင့် ပုံနှိပ်မီဒီယာ ခေါ် စာအုပ်၊ စာစောင်များတွင် ရေးသားရခြင်း ကွာခြားချက်များ ရှိပါသည်။ လူမှုကွန်ရက်များတွင် ရေးသားရသည်မှာ ရေးသားရာတွင် အချိန်၊ နေရာ၊ အကြောင်းအရာ လွတ်လပ်မှု ရှိသည်။ သို့သော် တာဝန်ယူ၊ တာဝန်ခံမှု အားနည်းပါသည်။ တုံ့ပြန်မှု မြန်ဆန်သော်လည်း ကျိုးကြောင်းဆီလျော်သည့် တုံ့ပြန်မှုရရှိရန် ခက်ခဲသည်ကို တွေ့ရသည်။ ပုံနှိပ်မီဒီယာတွင် ရေးသားရခြင်းတွင် လူမှုကွန်ရက်တွင် ရေးသားရသကဲ့သို့ လွတ်လပ်ခွင့်နည်းပါးသော်လည်း မိမိကိုယ်မိမိတန်ဖိုးထားမှု၊ မိမိရေးသားမှုအတွက် တာဝန်ယူ၊ တာဝန်ခံနိုင်မှု၊ အများ ယုံကြည်မှု၊ မှတ်တမ်းတင်နိုင်မှု၊ မူပိုင်ခွင့်၊ ဂုဏ်သိက္ခာ စသည့် တန်ဖိုးများရရှိနိုင်သကဲ့သို့ ရေးသားသူကိုယ်တိုင်လည်း စာပေ ရေးသားရခြင်းအကျိုးများ ရရှိနိုင်ပေသည်။
လွတ်လပ်စွာအမြင်ဖလှယ်နိုင်
အကယ်၍သာ တက္ကသိုလ်များတွင် မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်၊ စာစောင်များ ထုတ်ဝေမည် ဆိုပါက သင်ကြားခြင်း၊ လေ့လာခြင်း၊ ဆင့်ပွားခြင်းများတွင် များစွာထိရောက်လာမည် ဟု ယုံကြည်ပါသည်။ စာပေရေးသားခြင်းသည် အဆင့်မြင့် ပညာများ လေ့လာဆည်းပူး ရာတွင်ဖြစ်စေ၊ လုပ်ငန်းခွင်များတွင် ဖြစ်စေ လွန်စွာအရေးကြီးကြောင်း[ Walsh, K. (2010). The importance of writing skills ] က ဆိုပါသည်။ ကျောင်းသားများ စာပေရေး သားခြင်းဖြင့် စာတမ်းများပြုစုရာတွင်လည်းကောင်း၊ သုတေသနပြုလုပ်ရာတွင် လည်းကောင်း များစွာ အထောက်အကူ ဖြစ်စေပါသည်။ ထို့အတူ စာပေရေး သားခြင်းကြောင့် မိမိကိုယ်မိမိယုံကြည်မှု၊ တန်ဖိုးထားမှုများ ရရှိလာမည်ဖြစ်ပြီး စာဖတ်သည့်အလေ့အကျင့်များလည်း ရရှိ နိုင်မည်ဖြစ်ပါသည်။
စာပေရေးသားရန် အချက်အလက် ရှာဖွေမှု၊ ရရှိလာသည့်အချက်အလက်များအား သုံးသပ် စဉ်းစား နိုင်မှု၊ ကျိုးကြောင်းဆက်စပ်နိုင်မှု စသောအလေ့အကျင့် ကောင်းများကိုလည်း ကျွဲကူးရေပါ ရရှိလာမည်ဖြစ်သည်။
တက္ကသိုလ်များရှိ သင်ကြားရေးဆရာများ၊ ပညာသင်ယူဆဲ ကျောင်းသားများအတွက် အရည်အသွေးများ မြင့်မားလာစေ ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက် တက္ကသိုလ်များတွင် မဂ္ဂဇင်း၊ လစဉ် အပတ်စဉ်ဂျာနယ်၊ စာစဉ်၊ စာစောင်၊ သုတေသနဂျာနယ်များ ထုတ်ဝေရန် အကြံပြု တိုက်တွန်းလိုပါသည်။ ထိုသို့ထုတ်ဝေရာတွင်လည်း တက္ကသိုလ်များ၏ လွတ်လပ်မှုနှင့်အညီ လွတ်လပ်စွာရေးသား ထုတ်ဝေ ခွင့်ရရှိရန်လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ သို့မှသာ အတွေးအခေါ်၊ အယူအဆ၊ တွေ့ရှိချက်များကို လွတ်လပ်စွာ အမြင်ဖလှယ်နိုင်မည်ဖြစ်ပြီး အတွေးသစ်၊ အမြင်သစ်၊ အယူ အဆသစ်၊ နိုင်ငံတကာအမြင်များ ရရှိလာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ တက္ကသိုလ်နယ်မြေအား စာသင်ခန်းအတွင်း သင် ကြားခြင်း၊ သင်ယူခြင်းထက်ပိုသော ပညာရပ်ဝန်းအဖြစ် တည်ထောင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက် ရပါသည်။ ။
သိန်းထွန်း(IR)

No comments:

Post a Comment