နေပြည်တော် ဩဂုတ် ၇
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ အပ်နှံသော ကျောင်းသုံးစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် ပိုမိုတိုးတက်မှုများ ရှိလာကြောင်း၊ ကျောင်းသုံးစာအုပ်များကို အရည်အသွေးမီ အချိန်မီပြီးမြောက်အောင်မြင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို ကျောင်းများမဖွင့်မီ တစ်ပတ်ခန့်အလိုတွင် အချိန်မီဖြန့်ဝေပေးနိုင်ခဲ့ပြီး သတ်မှတ်လုပ်ငန်းတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့် အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ယခုနှစ် အတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိ ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဆပ်ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ကျောင်းသုံးစာအုပ် အဖုံးနှင့် အတွင်းစာမျက်နှာများအတွက် အသုံးပြုမည့်စာရွက်အမျိုးအစားနှင့် စာအုပ်အရွယ် အစား၊ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ရိုက်နှိပ်ဖြန့်ချိနိုင် မည့် အခြေအနေ၊ တင်ဒါခေါ်ယူရိုက်နှိပ်မည့် လျာထားအခြေအနေ၊ တင်ဒါခေါ်ယူရေး ဆိုင်ရာမူနှင့် စည်းကမ်းချက်များ၊ ယခင်နှစ် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ခဲ့စဉ် စည်းကမ်းချက်နှင့် မကိုက်ညီသည့် ပုံနှိပ်လုပ်ငန်းရှင်များအား အရေးယူဆောင်ရွက် သင့်သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးတင်ပြကြပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ်အား ဆုံးဖြတ်အတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
No comments:
Post a Comment