Friday, August 10, 2018

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ရာဇ၀တ်မှု (၈၈၂) မှု လက်ခံရရှိပြီး (၈၅၂) မှုစစ်ဆေးပြီးပြတ်၊ တရားမမှု (၁၄၂၇) မှု လက်ခံရရှိပြီး (၁၃၂၃) မှုစစ်ဆေးပြီးပြတ်



နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ၏ (၁၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ပြည်ထောင်စု တရားသူကြီးချုပ်က တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး ဖြစ်ပေါ်ရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအထိ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် တာဝန်များ အသီးသီး ပေးအပ်ထားပြီးဖြစ်၍ ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီးများသည် ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် အဂတိ မလိုက်စားဘဲ မှန်ကန်မျှတစွာ တရားစီရင်ကြခြင်းဖြင့် ပြည်သူတို့ လက်ခံယုံကြည် အားကိုးနိုင်သည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေး စနစ်ကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ မဟာဗျူဟာလုပ်ငန်း နယ်ပယ် - ၅ တွင် နိုင်ငံတစ်ဝန်း တရားရုံးများ၌ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ သတ်မှတ် တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှု စနစ်သည် မြန်မာနိုင်ငံ တရားစီရင်ရေးအတွက် ပိုမိုကောင်းမွန်သော ဆောင်ရွက်ချက်များနှင့် အရည်အသွေးမြင့် တရားမျှတမှု ဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့်စနစ် တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းအဆင့်ကို တိုင်းတာရာတွင် မှုခင်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခြင်း ရှိ-မရှိ ညွှန်းကိန်းသည် အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်၍ အကောင်အထည်ဖော်ရေး ဆက်လက်၍ ပိုမိုကြိုးပမ်း အားထုတ်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း (၈၈၂) မှု လက်ခံရရှိပြီး (၈၅၂) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၁၄၂၇) မှုလက်ခံရရှိပြီး (၁၃၂၃) မှု စစ်ဆေးပြီးပြတ် ခဲ့ကြောင်း၊ ထို့ပြင် စာချွန်တော် လျှောက်ထားမှု (၁၄၇) မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် (၂၆) မှုအပါအဝင် (၁၇၃) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း (၃,၅၀၁) မှု လက်ခံရရှိပြီး ယခင်နှစ်အမှု လက်ကျန် (၂၀) မှုအပါအဝင် (၃,၅၂၁) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၂,၈၈၂) မှုလက်ခံရရှိပြီး (၂,၅၂၁) မှုစစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း (၁၀,၈၇၀) မှုလက်ခံရရှိပြီး (၉,၄၂၈) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၆,၈၀၅) မှု လက်ခံရရှိပြီး (၅,၄၀၆) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း။
မြို့နယ်တရားရုံးများတွင် ရာဇဝတ် အမှုပေါင်း (၁၅၅,၈၂၈) မှု လက်ခံရရှိပြီး (၁၄၉,၂၇၅) မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၁၅,၄၆၁) မှု လက်ခံရရှိပြီး (၁၂,၂၅၇) မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့် မန္တလေး) တွင် ကလေးသူငယ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၆၄) မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် (၁၀) မှုအပါအဝင် (၁၇၄) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင်သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၉,၉၅၆) မှု လက်ခံရရှိပြီး (၉,၉၄၅) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း။
မော်တော်ယာဉ် တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၅၈,၅၉၄) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ ထို့ကြောင့် တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြရန်နှင့် အမှန်တရားကို အဆုံးအဖြတ်ပေးသည့်၊ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ တက်ရောက်ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၁ ရက်အထိကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment