နေပြည်တော် မေ ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၇ ခုနှစ်၊
တရားရုံးနှစ်စဉ် အစီရင်ခံစာ စာအုပ် မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနားကိုယနေ့နံနက် ၉ နာရီကနေပြည်တော်၊
မြန်မာ အပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပသည်။
အခမ်းအနားတွင်ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ တရားစီရင်ရေး၏ ဒုတိယမြောက် အစီရင် ခံစာဖြစ်သည့် ၂၀၁၇
ခုနှစ်၊ တရားရုံးနှစ်စဉ် အစီရင် ခံစာကိုပြည်သူ လူထု ရှေ့မှောက်သို့ ဝမ်းမြောက်ဂုဏ်ယူစွာ ထုတ်ပြန် လိုက်ကြောင်း၊
တရားစီရင် ရေး ပြုပြင်ပြောင်းလဲမှု (Judicial Reform) လုပ်ငန်းစဉ်များကို မဟာဗျူဟာ စီမံကိန်း
များချမှတ်၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခုကဲ့သို့ တရားရုံးနှစ်စဉ် အစီရင်ခံစာထုတ်ပြန်ခြင်းသည်
အရေးကြီး သည့် လုပ်ငန်း တစ်ခုအဖြစ် ပါဝင်ကြောင်း၊
အကောင်းဆုံးတရားရုံးများအတွက် အပြည်ပြည်ဆိုင်ရာမူဘောင်
(International Framework for Court Excellence) အရတိုင်းတာသောအညွှန်းကိန်းများတွင်လည်း
တရားရုံး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ပါဝင်သဖြင့် ၂၀၁၅ ခုနှစ်မှစ၍ ကြိုးပမ်း
ဆောင်ရွက်ခဲ့ကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ တရားစီရင်ရေး ဆိုင်ရာတာဝန်သိမှု၊ တာဝန်ခံယူမှု
(Judicial Accountability) အပေါ် တရားရုံးနှင့်ပတ်သက်နေသူများ သာမက အများပြည်သူကပါ ပွင့်လင်းမြင်သာစွာ သိရှိနိုင် ရန်ဖြစ်ကြောင်း၊
အစီရင်ခံစာပါ ကိန်းဂဏန်း အချက်အလက်များဖြင့် ညွှန်ပြသည့် (Quantity Justice) မှသည် တရားစီရင်ရေး
ဆိုင်ရာအရည်အသွေး (Quality Justice)ကိုသိမြင်နိုင်မည်ဖြစ်ကြောင်း၊ အသစ်သစ်သော ပြောင်းလဲမှု၊
စိန်ခေါ်မှုများ ကြုံတွေ့ နေရသည့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာစေရန် တရားရုံးအဆင့်ဆင့်က
ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း၊
နစ်နာဆုံးရှုံးသူများအတွက် တရားမျှတသည့်
ကုစားမှုများ သွက်လက်မြန်ဆန်စွာ ဆောင်ကြဉ်း ပေးနိုင်ရန်၊ ကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရန်
ဆိုသည်မှာတရား မျှတမှု ကဏ္ဍအတွင်းရှိ တရားစွဲ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ ဥပဒေအထောက်အကူ
ပေးရေးဆိုင်ရာအဖွဲ့အစည်းများ၊ တရားရုံး အသုံးပြု သူများ အားလုံးက ဝိုင်းဝန်း ကူညီဆောင်
ရွက်ပေးကြရမည်ဖြစ်ကြောင်း၊
တရားစီရင်ရေးစံနှုန်းများနှင့် တရားရုံးဆောင်ရွက်ချက်
များအပေါ် အများပြည်သူက သိရှိနားလည်ပြီး မှန်ကန်စွာ ပါဝင်လာရေး အတွက် သတင်းမီဒီယာများ၏
အခန်းကဏ္ဍသည် လည်းအရေးကြီးကြောင်း၊ ထို့အတွက် အားလုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန်
မေတ္တာရပ်ခံလိုကြောင်း၊ ယခုကဲ့သို့ နှစ်စဉ် အစီရင်ခံစာ အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက်
ပံ့ပိုးကူညီ ပေးခဲ့ကြသည့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကိုလည်းကျေးဇူး
တင်ရှိပါကြောင်း၊တရားမျှတမှုလိုလားသူများအတွက် တိုးတက်ကောင်းမွန်သည့် တရားမျှတမှု ကို
ဖော်ဆောင်နိုင်ရန် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၁၇ ခုနှစ်၊ တရားရုံးနှစ်စဉ်
အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ မိတ်ဆက်ခြင်းနှင့် ရှင်းလင်းခြင်း တို့ကိုဆက်လက်ပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့ နေချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်
တရားသူကြီးများ၊ ဒုတိယရှေ့ နေချုပ်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ
ကော်မရှင်နှင့်ရေးရာ ကော်မတီများ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊သံရုံးများ၊
ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် အစိုးရဌာနများ၊ တရားမျှတမှုကဏ္ဍနှင့် သက်ဆိုင် သည့်
အဖွဲ့အစည်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများ မှ တာဝန်ရှိသူများ၊
သတင်းမီဒီယာများတက်ရောက်ကြသည်။
အခမ်းအနားသို့ တက်ရောက်သူများကို ၂၀၁၇
ခုနှစ်၊ တရားရုံးနှစ်စဉ် အစီရင်ခံစာစာအုပ်ကို ဖြန့်ဝေခဲ့ပြီး အဆိုပါ အစီရင်ခံစာ စာအုပ်ကိုပြည်ထောင်စု
တရားလွှတ် တော်ချုပ်၏ Website: www.unionsupremecourt.gov.mm
တွင် ရယူနိုင် ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment