ရန်ကုန်
ဒီဇင်ဘာ ၂
ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့
လူငယ်ပွဲတော်နွှဲပျော်စို့” ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်
ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆက်လက်ကျင်းပရာ ယနေ့သည် အများပြည်သူ ရုံးပိတ်ရက်
စနေနေ့ဖြစ်သည့် အားလျော်စွာ ပွဲတော်သို့ လူငယ်အများအပြား တပျော်တပါး လာရောက်ပါဝင်ဆင်နွှဲကြသည်။
အားကစားဆိုင်ရာ
လှုပ်ရှားမှုများကိုနံနက် ၆ နာရီမှ စတင်၍ စုပေါင်းလမ်းလျှောက်ပွဲဖြင့် ဖွင့်လှစ်ခဲ့ပြီး
စစ်ကိုင်းဆောင်နှင့် ပဲခူးဆောင်ရှေ့၌ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီိးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊
ကြံ့ခိုင် စွမ်းရည်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပွဲ၊ သုံးချောင်းထောက်ပြေးပွဲ နှင့်
ဘက်စကတ်ဘော ဂိုးသွင်းပြိုင်ပွဲ တို့ကို သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ပြုလုပ်သည်။
ရန်ကုန်တက္ကသိုလ်
ဘွဲ့နှင်းသဘင်ခန်းမရှေ့၌လည်း အမှတ်တရ ဓါတ်ပုံရိုက်ကူးသူများ အထူးစည်ကား ခဲ့သလို သစ်ပုတ်ပင်
အနီးတွင် စာအုပ်ဈေးရောင်းပွဲတော် ၊ ရှားပါး စာအုပ်များ ခင်းကျင်းပြသခြင်း၊ ထင်ရှားသော
စာရေးဆရာကြီးများ၏ ဓါတ်ပုံများ ခင်းကျင်းပြသခြင်းနှင့် မြန်မာ့အသံ ခေတ်ပေါ် တေးဂီတ အဖွဲ့နှင့်အတူ တေးသံရှင်များ၏
ဖျော်ဖြေခြင်းများကို ကဏ္ဍအလိုက် ကျင်းပခဲ့ပြီး သိပ္ပံခန်းမ ရှေ့ရှိ ကဗျာရွတ်ဆိုပြိုင်ပွဲသည်လည်း
လူငယ်ကျောင်းသား၊ ကျောင်းသူ အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
ထို့ပြင်
RC ခန်းမ၌ အခရာအမျိုးသမီးအဖွဲ့ ၏ ”လူငယ်လိင်မှုရေးရာနှင့် တန်ဖိုး ” ဆွေးနွေးပွဲနှင့်
ပြဇာတ် ဖျော်ဖြေမှုများ ၊ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေ ပရဟိတအဖွဲ့၏ ” နိဂုံးမဲ့ပန်းကလေးများ
၊ လိုအပ် နေသော မေတ္တာတရား နှင့် စာနာပေးပါ ” ပြဇာတ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးရေးရာ ကော်မတီ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့၏
” မိသားစုရင်ခွင်မှာ ရှင်သန်ခွင့်ပေးပါ ” ဥာဏ်စမ်းပဟေဠိ အစီအစဉ်များနှင့် လူငယ်ဆိုင်ရာ
အသိ ပညာပေး အစီအစဉ် များကိုလည်း လူငယ်ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ပါဝင်အားပေးကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင်
စာပေဆိုင်ရာ လှုပ်ရှားမှုများအဖြစ် စီးပွားရေးတက္ကသိုလ် ပင်လုံဆောင်၊ နီလာရတု ခန်းမ၌
အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်း စကားပြောပြိုင်ပွဲများနှင့် RC ခန်းမ၌ လူငယ်အဆိုတော်
အောင်ထက်နှင့် စာရေးဆရာမ ပုညခင်တို့က “အနုပညာလိုက်စား လူငယ်များ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲများကို ကျင်းပခဲ့ရာ လူငယ်ထုများက
ခန်းမပြည့်သည်အထိ စိတ်ဝင်တစား တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
အနုပညာဆိုင်ရာ
လှုပ်ရှားမှုများအဖြစ် ၀ိဇ္ဇာခန်းမရှေ့နှင့် ၀ိဇ္ဇာခန်းမအတွင်း၌ ကချင်တိုင်းရင်းသား ရိုးရာအက၊ မြန်မာ့ဆုတောင်းယိမ်း
အက ၊ ကယားတိုင်းရင်းသားရိုးရာ အက၊ ရွှေခြေချင်းနှင့် မဟာဆန်သူယိမ်း အက ၊ ကရင်တိုင်းရင်းသားရိုးရာ
အက၊ ဆွမ်းတော်ဗျို့ ယိမ်းအက၊ တူနှစ်သွယ် နှစ်ပါးသွား အက၊ ချင်းတိုင်းရင်းသားရိုးရာ
ဝါးညှပ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး Portrait လူ ၊ ဓါတ်ပုံပုံတူ ပန်းချီရေးဆွဲခြင်း၊
Caricature ရုပ်ပြောင်ပုံများ ရေးဆွဲခြင်း၊ ပို့စကတ် များရေးဆွဲခြင်း တို့ကိုလည်း
ထည့်သွင်းစီစဉ်ခဲ့ရာ လူငယ်များ စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်။
အသိပညာပေး
အစီအစဉ်များအဖြစ် ၀ိဇ္ဇာခမ်းမရှေ့၌ တိုင်းရင်းသားမျိုးနွယ်စုများ၏ ၀တ်စားဆင်ယင်မှု၊ ရိုးရာတူရိယာများ၊
ရိုးရာအစားအစာများနှင့် Landmark များ၏ ဓါတ်ပုံများနှင့် ဗွီဒီယိုပြသခြင်း၊ တိုင်းရင်းသား
(၈)မျိုးတို့၏ အမျိုးသား၊ အမျိုးသမီး ၀တ်စုံများကို
ရုပ်တုများတွင် ၀တ်ဆင်၍ ထင်ရှားသည့် တူရိယာများနှင့်အတူ ခင်းကျင်းပြသခြင်း ၊ မြန်မာတိုင်းရင်းသား
ဝတ်စုံများ ၀တ်ဆင်၍ ဓါတ်ပုံရိုက်ခြင်း၊ဥာဏ်စမ်း ပဟေဠိ မေးခွန်းများ ဖြေဆိုခြင်းနှင့်
တိုင်းရင်းသား အမျိုးသား ၊အမျိုးသမီး ရုပ်တုများနှင့် ဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များကို
ပြုလုပ်လျက်ရှိသည်။
Science
Fair ပြခန်းများ ပြသခြင်းအဖြစ် ဘွဲ့နှင်းသဘင်ခန်းမနှင့် စီးပွားရေးတက္ကသိုလ် အကြားရှိ
ပြခန်းများတွင် လူငယ်များ တီထွင်ပြသထားသည့် သိပ္ပံပစ္စည်းများနှင့် အိုင်တီပစ္စည်းများသည်
လူငယ်ထုတို့ အတွက် စိတ်လှုပ်ရှားအားတက်ဖွယ်ဖြစ်ခဲ့သည်။
စီးပွားရေး
တက္ကသိုလ်ရှေ့တွင် ခင်းကျင်းပြသထားသည့် အလုပ်အကိုင် အခွင့်အလမ်းပြခန်းများ ကလည်း ကုမ္ပဏီတို့မှ လိုချင်သည့် လုပ်သားများ၏ အရည်အချင်း၊
လိုအပ်ချက်ကို လူငယ်ထုက သိရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ချိတ်ဆက်နိုင်ရန်
သတင်းအချက်အလက်များလည်း ရရှိနိုင်မည်ဖြစ်သည်။
အဓိပတိလမ်းမတလျှောက်တွင်
ပြသထားသည့် လူငယ်စံပြရိပ်သာ၊ မူးယစ်ဆေးဝါး ပညာပေး ပြခန်းများ၊ ကလေးသူငယ်စွန့်ပစ်မှု
ပပျောက်ရေးဆိုင်ရာ ပြခန်းများ အပါအ၀င် အသိပညာပေးပြခန်း များသည် လူငယ်ထုအတွက် စိတ်ဝင်စားဖွယ်ဖြစ်သလို
ရိုးရာ အ၀တ်အထည်များ၊ အစားအသောက် များ ၊ လက်မှုပညာပစ္စည်းများ ၊ သိပ္ပံဆိုင်ရာပစ္စည်းပြခန်း၊
ပုံတူပန်းချီရေးဆွဲခြင်း ပြခန်းများတွင်လည်း ကျောင်းသား ၊ကျောင်းသူ လူငယ်များဖြင့်
အထူးစည်ကားလျက်ရှိသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေး
ပွဲတော်သည် လူငယ်များအတွက် အသိပညာဗဟုသုတများ ဖြည့်ဆည်းပေးရုံ သာမက လူငယ်ထုတစ်ရပ်လုံး
ပျော်ရွှင်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားရာ မြန်မာနိုင်ငံ ခြေလျင်တောင်တက် အဖွဲ့ချုပ်၏
အပျော်တမ်း တောင်တက်လေ့ကျင့်မှု အစီအစဉ် အပါအ၀င် ပျော်ပွဲရွှင်ပွဲ ကဏ္ဍများတွင် ကလေး၊လူငယ်များ
ပျော်ရွှင်စွာ ၀င်ရောက်ဆင်နွှဲကြသည်။
အလားတူ
ပြန်ကြားရေးဝန်ကြီးဌာန လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး
ဆပ်ကော်မတီကလည်း ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် လူငယ်များနှင့် ပြည်သူများကို ပွဲတော်
ဆိုင်ရာ သတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် သတင်းလွှာများနှင့်
နေ့စဉ်ထုတ် သတင်းစာများကို ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
လူငယ်ဘက်စုံ
ဖွံ့ဖြိုးရေးပွဲတော်ကို နိုင်ငံတော်အစိုးရက မြန်မာလူငယ်များ အချင်းချင်း အသိပညာ အတတ်ပညာ၊
ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေနိုင်ရန်နှင့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်း အား
၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ် ချက်များနှင့်
ဒီဇင်ဘာ ၃ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment