Thursday, December 21, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား


နေပြည်တော် ဒီဇင်ဘာ ၂
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွှဲ ၁ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားလုပ်ငန်း တစ်ခု စနစ်တကျဖွံ့ဖြိုး တိုးတက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် စနစ်တကျ အစီအမံများချမှတ်ပြီး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အခြားသော အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ခရီးသွား အရင်းအမြစ်များ ပေါများကြွယ်ဝသည်ကို မိမိတို့ အားလုံး သိကြပါကြောင်း။
မြန်မာနိုင်ငံကို လာရောက်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များသာမက ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ ကလည်း ယင်းအချက်ကို ထောက်ခံ ပြောဆိုမှုများရှိသည်ကို ကြားသိနေရပါကြောင်း၊ သို့သော်မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက်သည် မျှော်မှန်းထားသည့် အရေအတွက်ထက် များစွာနည်းပါး နေသေးသည်ကို တွေ့ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၂ဒသမ၉ သန်းကျော် လာရောက်ခဲ့ပြီးယခု ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ကုန်အထိ ပြည်ပခရီးသွား ဧည့်သည် (၃ဒသမ၁) သန်း လာရောက်ခဲ့ခြင်းကြောင့် ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၂၀ရာခိုင်နှုန်း တိုးတက်လာသည်ကို သိရှိရပါကြောင်း၊ ယင်းသို့တိုးတက်မှု နည်းပါးနေ ခြင်းကို လက်ရှိတိုးတက်နေသည့် အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ရန် မိမိတို့အားလုံး ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်အများဆုံး လာရောက်သည့် နိုင်ငံများကို ကြည့်ပါက အာရှနိုင်ငံများမှ ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံတို့မှ ဖြစ်ပြီး အမေရိကနှင့် ဥရောပနိုင်ငံများမှ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံများ ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ယင်းနိုင်ငံများကို အထူးရည်မှန်းချက်ထားပြီး ဧည့်သည် ပိုမိုလာရောက်ရန် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်ချိန်တည်းတွင် ခရီးသွားဧည့်သည် လာရောက်မှု နည်းသော် လည်း အလားအလာကောင်းသည့် နိုင်ငံများ ရွေးထုတ်ပြီး မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားအောင် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဆိုပါက ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများအပြား လာရောက်ရန် မြန်မာနိုင်ငံသည် လည်ပတ်ချင်စရာ ကောင်းသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ကမ္ဘာက ပိုမိုသိရှိအောင် ဈေးကွက် မြှင့်တင်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့နိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လည်ပတ်သည့် အခါတွင်အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်လည်ပတ်နိုင်ရေး တို့ကို ဆောင်ရွက်ပေးနိုင်ရန် အရေးကြီး ပါကြောင်း၊ ပုံမှန်ရှိပြီးသား ခရီးစဉ်ဒေသများကို ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုပါကြောင်း၊ ခရီးစဉ်အသစ်များ၊ ဆွဲဆောင်မှုအသစ်များ ဖော်ထုတ်ကြရန် နှင့် ဖော်ထုတ်သည့် နေရာတွင် သဘာဝ အရင်းအမြစ်များကို ဖော်ထုတ်ခြင်းအပြင် တီထွင်ဖန်တီးမှုများနှင့်ပါ ပေါင်းစပ် လိုက်ခြင်းအားဖြင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အတွက် လည်ပတ်စရာများ၊ လေ့လာစရာ များများပြားကာ ရက်ကြာကြာနေထိုင်ပြီး ငွေကြေးပိုမို သုံးစွဲကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ဒုတိယသမ္မတက ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်သည့်နေရာတွင် Accessibility ခေါ်သည့် သွားလာမှု လွယ်ကူစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကောင်းမွန်စွာ တည်းခိုနေထိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးနိုင်ရေးသည် အရေးကြီးသကဲ့သို့ သန့်ရှင်း ကောင်းမွန်သည့် သန့်စင်ခန်းများ ထားရှိရေး သည်လည်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ စိတ်ချမ်းမြေ့စွာ လည်ပတ်ရေးအတွက် များစွာ အထောက်အကူပြုပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း အောင်မြင်တိုးတက်မှုကို အားဖြည့်သည့် အကြောင်းအရာများကို ကြည့်လျှင် အဓိကလေဆိပ်ဝင်ပေါက်များတွင် ဆိုက်ရောက် ဗီဇာထုတ်ပေးမှုစနစ် ပြုလုပ်ပေးနိုင်ခြင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသည်များ ပိုမို လာရောက်ရေးအတွက် ဈေးကွက်အဖြစ် သတ်မှတ်သည့် နိုင်ငံများကို ဗီဇာကင်းလွတ်ခွင့် ပေးခြင်း စသည်ဖြင့် ထူးခြားစွာစီစဉ် ဆောင်ရွက်ပေးသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများက ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ခရီးသွားလုပ်ငန်းသည် ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိသည့် အတွက် အစိုးရဌာန အချင်းချင်း သာမကအစိုးရ ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ပေါ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည်များစွာ မှီတည်နေ ပါကြောင်း၊ နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေမည့် သတင်းအချက်အလက်များ ထွက်ပေါ်လာပါက ခရီးသွား လုပ်ငန်း ကဏ္ဍနှင့် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းချေဖျက်ရန် လိုပါကြောင်း၊ သတင်းအမှားများ မပြန့်ပွားအောင် ပူးပေါင်း တားဆီးရန်လိုပါကြောင်း။
မကြာသေးမှီက ပြုလုပ်ခဲ့သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ အဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပခဲ့ရာ “Sustainable Tourism, a Tool for Development” ဟူသော ဦးတည်စာသားဖြင့် ကျင်းပရန် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က သတ်မှတ်ပေးခဲ့ပါကြောင်း၊ ရေရှည်တည်တံ့သည့် ခရီးသွား လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်သည်ကို ပြသရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် ခရီးသွား လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါသည့် စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သည်ကို ငြင်းပယ်၍မရပါကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးသွားဧည့်သည် များစွာ လာရောက်ရန်  လိုအပ်သကဲ့သို့ တိုင်းပြည်အေးချမ်း တည်ငြိမ်မှုကိုလည်း သတိပြု ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနှံ့အပြားတွင် တည်ရှိနေ သည့်အတွက် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် တိုင်းဒေသကြီးများနှင့်ပြည်နယ် အစိုးရ အဖွဲ့များမှ လက်တွေ့ ကျကျဆောင်ရွက်မည့် အစီအမံများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြပေးရန် လိုအပ်ပါကြောင်း၊ ထို့အတူ ဝန်ကြီးဌာနများကလည်း ကူညီပံ့ပိုးပေးရန်နှင့် ဝန်ကြီးဌာန အကြံပေး အထောက်အကူပြု အဖွဲ့ဝင်များကလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြ ဆွေးနွေးပေးကြပါရန်နှင့် အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမောင်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားဒေသများ ဖွံဖြိုး တိုးတက်စေရေး၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာ စေရေးတို့အတွက် ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး (၁) ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က အမျိုးသားခရီးသွားမူဝါဒ ထုတ်ပြန်ကြေညာရေး၊ ခရီးသွားလုပ်ငန်း ဥပဒေ အသစ် (မူကြမ်း)တွင် လွှတ်တော် (ဥပဒေကြမ်းကော်မတီ) မှ ထပ်မံဖြည့်စွက်ချက်ခွင့်ပြုနိုင်ရေး၊ ယစ်မျိုးဥပဒေတွင် အရက်လိုင်စင်ခွင့်ပြုရန်ကိစ္စ၊ ခရီးသွား အခွန်ပြဋ္ဌာန်းရေးကိစ္စ၊ ကမ္ဘာလှည့် ခရီးသည် များအား ဆိုက်ရောက်ဗီဇာနှင့် ဗီဇာအထူးခွင့်ပြုပေးနိုင်ရေး၊ E-Tourism Working Group ဖွဲ့စည်း ခွင့်ပြုရေး တို့နှင့် စပ်လျဉ်းသည့် မူဝါဒဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များနှင့် ၀န်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ကမ္ဘာလှည့် ခရီးသည်များ ပိုမိုဝင်ရောက်လာစေရေး၊ ခရီးသွားဒေသများ ထိန်းသိမ်းထား ရှိမှုများနှင့် ခရီးသွားများကိုပိုမိုစိတ် ၀င်စားမှု ရှိလာစေရေးအတွက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက် ပေးလိုသည့်လိုအပ်ချက်များ၊ ဖြေလျော့ပေးစေလိုသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် အတွက် ရန်ပုံငွေ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ နယ်စပ် ဒေသခရီးသွား ၀င်ပေါက်များ ဖွင့်လှစ်ပေးရေးနှင့် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့အား ဗီဇာ ကင်းလွှတ်ခွင့်ပေးရေးနှင့် စပ်လျဉ်း၍ ခွင့်ပြုပေး နိုင်ရန် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည့် အချက်များအပေါ် အကြံပြုဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ယနေ့ဆွေးနွေးချက်များသည် အပြုသဘော ဆောင်ပြီး အားရကျေနပ်ဖြစ်ရပါကြောင်း၊ နိုင်ငံတော်အတွက် အရင်းအနှီးအနည်းဆုံးဖြင့် အချိန်တို အတွင်း နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေ ပေးနိုင်သည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားအရင်းအမြစ် အများအပြားရှိပါကြောင်း၊ ယင်းအရင်း အမြစ်များကို နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး ကြိုးစား ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ၀န်ကြီးများ၊  ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment