Saturday, September 2, 2017

အစွန်းရောက်အကြမ်းဖက်သမားတွေ သတ်တယ်ဆိုတာက အဲဒီနေရာမှာတွေ့ရတဲ့ အထောက်အထား အရပြောတာပါ




သတင်းအဖွဲ့
မောင်တောမြို့နယ် ကိုင်းကြီး (မြိုရွာ) အနောက်ဖက်၌ သြဂုတ်လ ၃ ရက် နံနက်ပိုင်းက တောင်ယာ လုပ်ကိုင်နေသည့် မြိုတိုင်းရင်းသားများအားအစွန်းရောက်အကြမ်းဖက်သမားများကသေနတ်ဖြင့် ပစ်ခတ် သဖြင့် ကျေးရွာသား ၇ ဦးသေဆုံးပြီးတစ်ဦးပျောက်ဆုံးနေသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သတင်း အဖွဲ့ သည် ကိုင်းကြီး (နတလရွာ) တွင် ပြောင်းရွှေ့ရောက်ရှိလာသည့် သေဆုံးသူတို့၏ မိသားစုဝင်များ နှင့်လည်းကောင်း၊ မောင်တော (လေးမိုင်) အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ပြောင်းရွှေ့ရောက် ရှိနေသည့် မိသားစုဝင်များနှင့် လည်းကောင်းတွေ့ဆုံမေးမြန်းသတင်း ရယူခဲ့ သည်များကို ဖော်ပြလိုက်ပါသည်-

ဦးစံထွန်း
ကိုင်းကြီး(မြိုရွာ)
အခုဖြစ်စဉ်မှာ ကျွန်တော့်ညီအငယ်ဆုံးလင်းကြတ်နဲ့ သားအကြီး ကုန်ဝိုင်းတို့ အသတ်ခံလိုက်ရတဲ့ အထဲမှာပါသွား ခဲ့ပါတယ်။ ဦးပါရာရဲ့ သမီးဒေါ်ဆိန်ရာလည်း အသတ်ခံရတဲ့အထဲပါသွားပါတယ်။ ဒါကသူတို့ နှစ်ယောက်ရဲ့ ဇနီးနဲ့ သားသမီးတွေပါ။
ကျွန်တော်တို့ မြိုလူမျိုးဆိုတာဘိုးစဉ်ဘောင်ဆက် တောထဲမှာပဲလုပ်ကိုင်စားသောက်ပါတယ်။ အခြားစီးပွားရေးမရှိပါဘူး။ ပျော်ပျော်ပါးပါးပဲ တောင်ယာမှာလုပ်ကိုင်စားသောက်တယ်။ အခုလို ဖြစ်ရပ်ကို တစ်ခါမှ လည်းမတွေ့ဖူး၊ မကြုံဖူးပါဘူး။ သြဂုတ်လ ၃ ရက် နံနက် ၈ နာရီဝင်းကျင်မှာ ဖြစ်သွားတာပါ။ ကျွန်တော်တို့ မြိုလူမျိုးတွေနေတဲ့ ကိုင်းကြီးရွာရဲ့ တောင်ယာမှာ ဖြစ်သွားတာပါ။
တောင်ယာမှာတဲတစ်လုံးရှိတယ်။ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးတောင်ယာမှာ အလုပ်မစသေးခင် ပေါက်တူးသွေးတယ်၊ ဓါးသွေးတယ်။ အဲ့ဒီအချိန်မှာ အစွန်းရောက်အကြမ်ဖက်သမားတွေကလာင်္ပြီး သေနတ်နဲ့ ပစ်တယ်။ သေနတ်နဲ့တင်မကဘဲ ဓါးနဲ့ပါခုတ်တယ်။ ဒါကြောင့်မို့ အဲဒီအချိန်မှာ သေနတ်သံကြားတယ်ဆိုပြီး ကျွန်တော်တို့သွားကြည့်တယ်။ အဲ့ဒီမှာ အလောင်းတွေကိုပဲ တွေ့ရတာဖြစ်ပါတယ်။
လုံခြုံရေးအဖွဲ့တွေရောက်လာပြီးအလောင်းတွေကို ကျွန်တော်တို့ ကောက်ယူခဲ့တယ်။ အဲ့ဒီနေ့ က နှစ်လောင်းမရခဲ့ဘူး။ ဒုတိယအကြိမ်ရှာတော့ တစ်လောင်းပြန်ရတယ်။ နောက်တစ်လောင်းက အခုထိမရ သေးဘူး။ တစ်ယောက်ပျောက်ဆုံးနေတယ်ဆိုပေမယ့် သတ်ပြီးရေထဲမျောလိုက်ပြီလို့ ယူဆလို့ရတယ်။ အမျိုးသမီးဝတ် လုံချည်တစ်ထည်ကိုပြန်တွေ့ပါသယ်။ သတင်းမရအောင် အကုန်သတ်ပစ်လိုက်တာ ဖြစ်မှာပါ။
ဒီလိုကိစ္စမျိုးတစ်ခါမှ မကြုံဖူးပါဘူး။ မတွေ့ဖူးပါဘူး။ ဒါကြောင့် ရွာထဲမှာ ကျွန်တော်တို့ မနေရဲဘူး။ ဒီလိုတိမ်းရှောင်လာတယ်။ အခုလည်း ကျွန်တော်တို့မှာအခက်အခဲတွေရှိတယ်။
ဒီကို သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှ ပြောင်းလာတာပါ။ ကျွန်တော်တို့ရွာကလမ်းပန်း ဆက်သွယ်ရေးမကောင်းဘူး။ ကားလမ်းမရှိဘူး။ လမ်းလျှောက်လာရပါတယ်။ မိုးရာသီမှာဆိုင်ကယ်လည်း သွားလို့မရဘူး။ ကလေးကော၊ လူကြီးကောအားလုံးပြောင်းလာတာ။ သစ်ပင်ပေါ်က ပြုတ်ကျလို့ ခြေထောက် ကျိုးတဲ့ လူကိုလည်းထမ်းလာတယ်။ အိမ်ထောင်စု ၄၈ စုပြောင်းလာတယ်။ နွားဆိုရင် ၄၀ ကျော် ၅၀ လောက် ရွာမှာကျန်ခဲ့တယ်။ ၀က်တွေကော၊ ကြက်တွေရောအကုန်ရှိသေးတယ်။ ကျွေးမွေးမယ့်သူမရှိတော့ သေကုန်ပြီ လား၊ အကောင်တွေ ဘာတွေများကိုက်ကုန်လားမသိဘူး။ ကိုင်းကြီး (မြိုရွာ) မှာအိမ်ထောင်စု ၄၈ စုမှာလူဦးရေ ၂၅၈ ယောက်ရှိပါတယ်။ အခုဒီမှာနေနေတာ ၁၀၉ ယောက်ရှိပြီးကျန်တာတွေက မောင်တောလေးမိုင်မှာ ရှိပါတယ်။
စားဝတ်နေရေးက ကိုယ်ဘာသာကိုယ်ပဲစားတယ်။ ပြီးခဲ့တဲ့လကထောက်ပံ့ရေးတွေ လာလှူတဲ့ ဆန်နည်းနည်းတော့ ရှိသေးတယ်။
အစွန်းရောက်အကြမ်းဖက်သမားတွေ သတ်တယ်ဆိုတာကအဲဒီနေရာ မှာတွေ့ရတဲ့ အထောက်အထား တွေအရ ပြောတာပါ။ သူတို့လက်ချက်ဆိုတာ ကျွန်တော်တို့အတွေ့အကြုံအရသိသာထင်ရှားတဲ့ အချက် အလက်တွေ တွေ့ရပါတယ်။
ကျွန်တော်တို့မြိုတွေကိုဘာကြောင့်သတ်သွားတာလဲဆိုရင် ဒီမေယုတောင်ကြောမှာအကြမ်းဖက်တွေရဲ့ စခန်းတစ်ခုရှိပါတယ်။ အဲဒီစခန်းက အဆင့်မြင့်တယ်၊ လိုဏ်ဂူတွေတောင် လုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့စခန်းကို တပ်ကဖျက်သိမ်းလိုက်ပါတယ်။ ဒီတော့ အစွန်းရောက် အကြမ်းဖက်သမားတွေက မေယုတောင်ကြောတစ်လျှောက်မှာ မြိုရွာတစ်ရွာပဲရှိတယ်။ အခြားရွာမရှိဘူး။ ဒီလူတွေက သူတို့စခန်းကို ပြနိုင်တယ်ဆိုပြီးသတ်တာပါ။ အခုမေယုတောင်ကြောပေါ်မှာ အကြမ်းဖက် သမားတွေရှိသေးလား၊ မရှိဘူးလားတော့ ကျွန်တော်လည်းတိတိကျကျ မပြောတတ်ပါဘူး။ တပ်တွေတော့ ရှင်းလင်းနေတယ်လို့ ကြားရပါတယ်။
ကျွန်တော်တို့ နေတဲ့နေရာကတောင်ပေါ်မှာဆိုတော့ လမ်းပမ်းဆက်သွယ်ရေးလည်းမကောင်းပါဘူး။
အစွန်းရောက်အကြမ်းဖက်သမားတွေ လှုပ်ရှားသွားလာမယ်ဆိုရင် ကျွန်တော်တို့ မြိုလူမျိုးတွေနေတဲ့ ကိုင်းကြီး ရွာကိုကျော်ရင် ဘူးသီးတောင် မောင်တောကိုသွားလို့ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့က အကြီးအကဲတွေကိုတင်ပြချင်ပါတယ်။ ကျွန်တော်တို့ တောင်ယာတစ်ခင်းမှာ လေးဧက ရှိတယ်။ ငါးဧကရှိတယ်။ အခုဆို စပါးတွေမှည့်ပြီ။ ဒီတော့တောဆင်ရိုင်းနဲ့ အခြားတိရစ္ဆာန်တွေ စားတာခံရတော့ မယ်။ ကျွန်တော်တို့ တင်ပြချင်တာက စားဝတ်နေရေးနဲ့ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့၊ ကျွန်တော်တို့အနေနဲ့ ရခိုင်ရွာတွေရဲအနီးကပ်မှာနေထိုင်ချင်ပါတယ်။ ကိုင်းကြီး(ရခိုင်ရွာ)နားမှာဖြစ်ဖြစ်၊ ဇော်မတက်အုပ်စုမှာဖြစ်ဖြစ် လမ်းပမ်းဆက်သွယ်ရေးကောင်းတဲ့နေရာမှာ ကျွန်တော်တို့ကို နေရာချပေးစေချင်ပါတယ်။ အဲ့ဒီနားမှာလုပ်ကိုင် စားသောက်ဖို့ လယ်သုံးဧကခွဲစီချထားပေးပါလို့လည်းလူကြီးတွေဆီကိုတင်ပြ ထားပါတယ်။
အခုလိုမျိုးတစ်ခါမှ မဖြစ်ဖူးပါဘူး။ ကျွန်တော်တို့လူမျိုးတွေ အသတ်မခံရခင်က ဒီမေယု တောင်ပေါ်မှာဘင်္ဂလီတွေ ၀ါးခုတ်တယ်။ ထင်းခုတ်တယ်။ သစ်ဆွဲတယ်။ ရန်ငြိုးရန်စမရှိခဲ့ပါဘူး။
ဦးမာန်ဒိုင်း(အသက် ၅၀)
မြိုလူမျိုး
ကျွန်တော်ကကိုင်းကြီး မြိုရွာက မြိုလူမျိုးပါ။ သြဂုတ်လ ၃ ရက်နေ့ကတောင်ယာမှာ အလုပ်လုပ် နေတုန်းအသတ်ခံရတဲ့အထဲမှာ ကျွန်တော့် သားတစ်ယောက်နဲ့ ချွေးမတစ်ယောက် ပါသွားပါတယ်။ တစ်နှစ်ခွဲ ကလေးတစ်ယောက် ကျန်ခဲ့ပါတယ်။ စုစုပေါင်း၇ ယောက် အသတ်ခံရပြီးတစ်ယောက် ပျောက်ဆုံးနေပါတယ်။ အဲဒီတောင်ယာကရွာကနေတစ်မိုင်လောက် ဝေးပါတယ်။ ရွာမှာနေရတာကြောက်လို့ အခုဒီမောင်တောမြို့ လေးမိုင်ရွာအခြေခံပညာ အထက်တန်း ကျောင်းကစခန်းကိုပြေးလာတာပါ။ အိုး၊ ခွက်၊ ပန်းကန်ကအစပစ္စည်းတွေ အားလုံးထားခဲ့ရပါတယ်။ ဘင်္ဂါလီတွေနဲ့ မရင်းနှီးပါဘူး။
ကျွန်တော်တို့ကချောင်းဖျားကနေပြောင်းလာတာ နှစ်နှစ်လောက်ပဲရှိပါသေးတယ်။ တောင်ပေါ်မှာပဲတောင်ယာ လုပ်တာပါ။ အခုဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။ အားလုံးအိမ်မှာ ထားခဲ့ရပါတယ်။ အခုလေးမိုင်ကိုအိမ်ထောင်စု၂၅ စုတိမ်းရှောင်လာတာပါ။ ကျန်တဲ့သူတွေက ကိုင်းကြီး (ရခိုင်)ရွာမှာပါ။ ကျွန်တော်တို့ရွာကိုလုံခြုံတဲ့ဆီကိုပြောင်းရွေ့ချင်တယ်လို့ ၀န်ကြီးချုပ်လာတုန်းက ပြောထားပါ တယ်။ ကျွန်တော်တို့ရွာမှာမူလတန်းကျောင်းရှိပါတယ်။ ကိုယ်ထူကိုယ်ထပါ။
ဦးဇော်နိုင်ဦး
ကိုင်းကြီး(မြိုရွာ)
ကိုယ်ထူကိုယ်ထမူလတန်းကျောင်းဆရာကိုင်းကြီး(မြိုရွာ) ကတောထဲမှာဆိုတော့ တောင်ယာပဲလုပ်ကိုင်စား သောက်ပါတယ်။ သြဂုတ်လ၃ ရက်နေ့မှာမြိုလူမျိုးအမျိုးသမီးငါးယောက်နဲ့ အမျိုးသားသုံးယောက် အစွန်းရောက်အကြမ်းဖက်တွေ သတ်တာ ခံရပါတယ်။ အဲ့ဒါပြီးတဲ့ နောက်ပိုင်းအစွန်းရောက် အကြမ်းဖက်သမားတွေကရဲကင်းတွေ၊ ရဲစခန်းတွေ ၀င်စီးတယ် ဆိုတော့ မနေရဲလို့ တိမ်းရှောင်လာတာပါ။
အခုဒီိကိုရောက်တာသုံးရက်လောက်ရှိပါပြီ။ ရွာမှာက ကိုယ်ထူကိုယ်ထကျောင်းရှိပါတယ်။ သူငယ်တန်းကနေလေးတန်းအထိ ၄၂ ယောက်ရှိပါတယ်။ အစိုးရက ဖွင့်ပေးတာတော့မဟုတ်ပါဘူး။
သူတို့ အသတ်ခံရတဲ့ နေရာကရွာနဲ့ အလှမ်းဝေးတဲ့ တောင်ယာမှာပါ။ အစိုးရကကယ်ဆယ်ရေး၊ စားရေးနဲ့ အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
မြိုလူမျိုးများသည် မောင်တောမြို့နယ် မြောက်ပိုင်းတွင်အများဆုံး နေထိုင်ကြပြီးမောင်တောင် တောင်ပိုင်းရှိစိန်ပန်းမြိုင်၊ ရွှေဗဟိုရ်နှင့် ကိုင်းကြီး(မြိုရွာ)တို့တွင် နေထိုင်လျက်ရှိကြကြောင်းသိရှိရသည်။

No comments:

Post a Comment