တန့်ယန်း ဇူလိုင် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)
တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၌ ဖွင့်လှစ်ထားရှိသော ကျောင်းစာကြည့်တိုက်များအတွက်
စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးစိုင်းထွန်းကျော်က နောင်တွင်တိုင်းပြည်၏ အားကိုးအားထားရာ အသီးအပွင့် ရတနာလေးများဖြစ်သည့် ကလေးသူငယ်များ အသိပညာတိုးပွားစေရန်အတွက်
ယခုအချိန်တွင်ကာလတွင် ကလေးသူငယ်အများစုရှိရာ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်တိုးတက်မြင့်မားရေး၊
ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်များ တည်တံ့ခိုင်မြဲရေး၊ စာအုပ်စာစောင်များ
တိုးပွားရေးတို့အတွက် ရည်ရွယ်ကာ လှူဒါန်းပေးရခြင်း ဖြစ်ကြောင်းဖြင့် ရှင်းလင်းတင်ပြကာ
လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းထွေးက ကျေးဇူးတင်စကား ပြေကြားသည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက
အခြေခံပညာ အထက်တန်းကျောင်းနှင့်ကျောင်းခွဲ (၅) ကျောင်းအား လည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးက
အလယ်တန်းကျောင်းနှင့် ကျောင်းခွဲ (၃) ကျောင်းအားလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူးက မူလတန်းလွန်ကျောင်း (၇) ကျောင်းအားလည်းကောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးက
မူလတန်းလွန်ကျောင်း (၁၂) ကျောင်းအားလည်းကောင်း ပေးအပ်ကြရာ အခြေခံ ပညာကျောင်းများမှ
ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ စာအုပ်စာစောင်ပေးအပ်လှူဒါန်းပွဲတွင်
အခြေခံပညာ ကျောင်းတစ်ကျောင်းစီအတွက် အများပြည်သူများ လှူဒါန်း ထားရှိသည့် စာအုပ်များထဲမှ
မဂ္ဂဇင်းမျိုးစုံ (၅၀) အုပ်နှင့် ဂျာနယ်မျိုးစုံ (၁၀၀) စောင်တို့အား ကျောင်းပေါင်း
(၂၇) ကျောင်း ကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦ(ပြန်/ဆက်)
No comments:
Post a Comment