ရန်ကုန် ဇူလိုင် ၁၉
နှစ်(၇၀)ပြည့် အာဇာနည်နေ့အထိမ်းအမှတ်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ
အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းကို
အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက် ဂါရ၀ပြုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ
ဟိန္ဒူအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ၊ အစ္စလာမ်ဓမ္မဗိမာန် ဆော်သြရေးမှူး အယ်လ်ဟာဂ်ျ
ဒေါက်တာဆောင်းလွင်အောင်၊ ဂျူးဘာသာခေါင်းဆောင် ဆမ်မီ၊ နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာ သနာရေးအဖွဲ့ချုပ်
အဖွဲ့ဝင် ဦးရွှေသီးနှင့် ရန်ကုန်ကက်သလစ်သာသနာလက်ထောက် ဆရာတော် ဂျွန်စောယောဟန် တို့က မေတ္တာစကားများ ပြောကြားကြပြီး ကိုးကွယ်ရာဘာသာများအလိုက်
ဆုတောင်းမေတ္တာ ပို့သကြသည်။
ဆက်လက်၍ သိက္ခာတော်ရဆရာတော်
ဒေါက်တာဇော်ဝင်း ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်
ပရိသတ်များက ဓမ္မဂုဏ်တော် ချီးမွမ်းပြီး ဂိုဏ်းချုပ်ဆရာတော် ဦးလူအေးက ကောင်းချီးမင်္ဂလာပေး၍
ဆုတောင်းပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
တက်ရောက်လာကြသည့် အဖွဲ့များနှင့်စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆုတောင်းပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ သမ္မတရုံးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဘာသာပေါင်းစုံမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment