Saturday, April 22, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟားခါးမြို့နှင့် ဖလမ်းမြို့တို့မှ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုံးများအား ကြည့်ရှုစစ်ဆေး




ဖလမ်း ဧပြီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အတူ ဧပြီ ၂၁ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြေနေရာနှင့် မြို့တော် ခန်းမနေရာတို့အား ကြည့်ရှုကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်  ချင်းပြည်နယ်ဝန်ကြီးချုပ်တို့သည် နံနက် ၈ နာရီက ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုပြီး ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ၌ ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုနှင့် ရေဒီယိုထုတ်လွှင့်မှုဆိုင်ရာများ၊ စာကြည့်တိုက်များဖွံ့ဖြိုးရေး၊ သတင်းစာဖြန်ချီရေးကိစ္စရပ်များနှင့် ချင်းပြည်နယ်အတွင်း သတင်းလွှာထုတ်ဝေနိုင်ရေးကိစ္စရပ်များ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်တို့သည် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ခင်းကျင်းပြသထားသော ပြခန်းငယ်၊ စာအုပ်စာပေစုဆောင်းမှုအခြေအနေ၊ ကလေး စာဖတ်ခန်းများအား ကြည့်ရှုပြီး  ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ သားသမီးများအတွက် စာအုပ်များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့်အတူ ဟားခါး-ဖလမ်း လမ်းပေါ်ရှိ လုံပီး/လုံရန်းကျေးရွာ ကိုယ်အားကိုယ်ကိုး ဦးဥတ္တမသာရ စာကြည့်တိုက်သို့ ရောက်ရှိရာ စာကြည့်တိုက် ကော်မတီဝင်များက စာကြည့်တိုက်ဖွင့်လှစ်မှု အခြေအနေအား တင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ညနေပိုင်းတွင် ဖလမ်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံမှ ထုတ်လွှင့်မှုအခြေအနေ၊ စက်ပိုင်းဆိုင်ရာများနှင့် ဝန်ထမ်းအိမ်ရာများကို လည်းကောင်း၊ ဖါရ်ထောက်ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်၍ ခရိုင်ရုံးအတွင်းရှိ ပြခန်းငယ်နှင့် ရုံးတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မှာကြားကာ ဝန်ထမ်းမိသားစု သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment