Tuesday, December 13, 2016
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၃
စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၉၃၉၇၀ သန်း ချေးယူရန်ကိစ္စကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်း အဝေး သတ္တမနေ့တွင် အတည်ပြုလိုက်သည်။
အဆိုပါချေးငွေ ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးမှုစီမံကိန်း (အဆင့်-၂)ပါ လမ်း/ တံတား တည် ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော် ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ အပါအ၀င် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးပြီး တိုင်းပြည်၏ ဂျီဒီပီတိုးတက်လာကာ နိုင်ငံအတွက် ထွက်ကုန်များမှ ၀င်ငွေ တိုးလာနိုင်မည်ဖြစ်ပါသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသုံးပြုမည့် (JICA ODA )ချေးငွေ ဂျပန်ယန်းငွေ(၁၀၅၀၇)သန်း ချေးယူဆောင် ရွက်ခြင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေဖြင့် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာန၊ အဖွဲ့ အစည်းများက ၎င်းတို့၏ပေး ဆပ်ရန်တာဝန်အား အချိန်မီပေးအပ်နိုင်ရန် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း မျက်ခြည်မပြတ် စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပါ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် (၆)လထက်နောက်မကျသည့်ကာလအတွင်း ၀န်ကြီးသည် အစိုးရ ကြွေးမြီစီမံခန့်ခွဲမှုဆောင်ရွက်ချက်များ၊ အစိုးရ၏အာမခံချက်များနှင့် အစိုးရမှ ငွေထုတ် ချေးခြင်းများနှင့်စပ်လျဉ်းသည့် နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် သို့ တင်ပြရမည်ဖြစ်ကြောင်း။
ကြွေးမြီခံနိုင်ရည်ရှိမှုနှင့်ပတ်သက်၍ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုဗျူဟာအရ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)တို့က သတ်မှတ်ထား သည့် နိုင်ငံ၏မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်အား တိုင်းတာသည့် (Country Policy and Institutional Assessment-CPIA) Score အရ အလယ်အလတ်အဆင့် ၀င်ငွေနည်းပါးသည့် နိုင်ငံအတွက် စံနှုန်းသတ်မှတ်ချက်မှာ ပြည်ပကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၃၀ ရာခိုင်နှုန်းထက် မကျော်လွန်သင့်သည်ဟု ပါရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၄ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် သတ်မှတ်စံနှုန်းအောက်တွင် ရှိနေပါသဖြင့် ကြွေးမြီခံနိုင်ရည်ရှိကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါချေးငွေဂျပန်ယန်း ၉၃၉၇၀ သန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ပြုပြင်ရေးစီမံကိန်းများအတွက် ဂျပန်ယန်း ၂၃၉၇၉ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနက ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင် ရွက်ရန် ဂျပန်ယန်းသန်း ၂၅၀၀၀၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရန်အတွက် ဂျပန် ယန်း ၁၅၁၃၅ သန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ် အားဖြန့်ဖြူး ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းဆောင် ရွက်ရန်အတွက် ဂျပန်ယန်း ၄၈၅၆ သန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်ယန်း ၂၅၀၀၀ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် အစည်းအဝေးတွင် အမျိုးသားရေဥပဒေပြဋ္ဌာန်းရေးအတွက် မြန်မာနိုင်ငံတော် အမျိုးသားအဆင့်ရေမူဝါဒ (Myanmar National Water Policy)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်က တင်သွင်းသည့် လေ့လာတွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက် အစီရင် ခံစာကို လွှတ်တော်က မှတ်တမ်းတင်သည်။
အစီရင်ခံစာတင်သွင်းရာတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဝင်းက နယ်စပ်မြစ် များနှင့် အပြည်ပြည်ဆိုင်ရာ မြစ်များသည် ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သုံးစွဲမှုအတွက် သာမက နိုင်ငံတော်၏အချုပ်အခြာအာဏာ နယ်နိမိတ်သဘာဝအပိုင်းအခြားဖြစ်သည့် အတွက် တိကျခိုင်မာမှုရှိရန်အထူးအရေးကြီးကြောင်း၊ မြစ်ကြောင်း ပြောင်းလဲမှုမရှိရေး၊ နယ်နိမိတ်ကျူးကျော်မှု မဖြစ်ပေါ်ရေး၊ ရေပေါ်ရေအောက် သယံဇာတ အရင်းအမြစ်များ ဆုံးရှုံးမှုမရှိရေး စသည့်အချက်များကို ပိုမိုပြည့်စုံခိုင်မာစွာ ဖြည့်စွက်ထည့်သွင်းဖော်ပြရန် ထည့်သွင်းတင်ပြ ခဲ့သည်။
ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ အစီရင်ခံစာပါ မူနှင့်အခြေခံသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းကြသည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးဖြတ်ရယူအတည်ပြုသည်။
ယင်းသို့အတည်ပြုရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကျပ်သန်း (၂၀၂၀ ဒသမ ၄၈၅)မှ ငွေကျပ်သန်း(၁၀၀၀)လျှော့ချရန်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ငွေကျပ် သန်း (၃၆၉၂၈ ဒသမ ၅၇၉)မှ ငွေကျပ်သန်း(၉၀၇၈ ဒသမ ၁၈၄)လျှော့ချရန်၊ နယ်စပ် ရေးရာဝန်ကြီးဌာန၏ ငွေကျပ်သန်း (၃၅၅၅)မှ ငွေကျပ်သန်း(၅၉၂ ဒသမ ၅၀၀)လျှော့ ချရန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ငွေကျပ် သန်း (၉၉ ဒသမ ၂၁၅)မှ ငွေကျပ်သန်း(၂၁ ဒသမ ၀၈၄)လျှော့ချရန်၊ စက်မှုဝန် ကြီးဌာန၏ငွေကျပ်သန်း (၁၃၂ ဒသမ ၁၆၅)မှ ကျပ်သန်း (၂၄ ဒသမ ၉၇၅)လျှော့ချရန်၊ ပညာရေးဝန်ကြီးဌာန၏ ငွေကျပ်သန်း (၅၀၉၄၆ ဒသမ ၁၄၄)မှ ငွေကျပ်သန်း (၂၄၆ ဒသမ ၉၅၄)လျှော့ချရန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ သာမန်သုံးငွေ ငွေကျပ် သန်း (၂၂၈၄၃၆ ဒသမ ၆၉၁)မှ ငွေကျပ်သန်း(၄၀)လျှော့ချရန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၁၂၃၈ ဒသမ ၇၂၃)မှ ငွေကျပ်(၃၅) သန်းလျှော့ချရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏သာမန်သုံးငွေ ငွေကျပ်သန်း (၁၃၄၆ ဒသမ ၃၂၃)မှ ငွေကျပ်သန်း (၂၆၁ ဒသမ ၀၃၃)လျှော့ချရန်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၅၀၂၅၇ ဒသမ ၈၀၈)မှ ငွေကျပ်သန်း (၂၃၀၀)လျှော့ချရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ငွေကျပ်သန်း(၅၂၁ ဒသမ ၇၆၀)မှ ငွေကျပ်သန်း(၁၉ ဒသမ ၉၂၉)လျှော့ ချရန်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေကျပ်သန်း (၂၁၂၈၉ ဒသမ ၇၆၁)မှ ငွေကျပ်သန်း (၅၆၁ ဒသမ ၉၈၂)လျှော့ချရန်၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၏ ငွေကျပ်သန်း (၄၆၉၀ ဒသမ ၃၈၆) မှ ငွေကျပ်သန်း (၁၅၉၄ ဒသမ ၈၄၈)လျှော့ချရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကျပ်သန်း(၁၃၀၂၅၄ ဒသမ ၆၄၈)မှ ငွေကျပ်သန်း (၅၄၆၆၈ ဒသမ ၉၁၀) လျှော့ချရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုပြုချက်အတိုင်း လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာကို ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး အဆိုပါအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ (၆/၂၀၁၆)ကို ကော်မတီဝင် ဒေါ်စိန်ရွှေရွှေလတ်က ဖတ်ကြားတင်ပြသည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာကို ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး အဆိုပါအစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်အစီရင်ခံစာ(၇/၂၀၁၆)ကိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်းက ဖတ်ကြားတင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာနရှိ မီးသတ်ဦးစီးဌာအတွက် ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုချေးငွေ ချေးယူခွင့်ပြုပါက ခေတ်မီရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ် ငန်းသုံး ယာဉ်၊ စက်၊ ပစ္စည်းကရိယာများဖြည့်ဆည်းဆောင်ရွက်နိုင်ခြင်း၊ မီးသတ် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းရည်မြင့်မားစေရေးအတွက် ပိုလန်နိုင်ငံတွင် ဖွင့်လှစ်မည့် သင်တန်းများ တက်ရောက်ခွင့်ရရှိခြင်း၊ နိုင်ငံအတွင်း ဘေးအန္တရာယ်ဖြစ်ပွားကြုံတွေ့ နေရပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင် မည်ဖြစ်ပါကြောင်း တင်ပြသည်။
အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းတင်ပြသည်။
မျိုးမြင့် (သတင်းစဉ်)
Labels:
လွှတ်တော်သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment