Thursday, July 16, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမန်-အာဆီယံ ချစ်ကြည်ရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမန်- အာဆီယံ ချစ်ကြည်ရေး ဆိုင်ရာ ပါလီမန်အမတ်များ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသောမတ်စ်ဂမ်ကေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရချင်း၊ လွှတ်တော်ချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဂျာမနီနိုင်ငံမှ ဆက်လက်ကူညီ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် ဂျာမနီ စီးပွားရေးလုပ်ငန်းများမှ ပိုမိုရင်းနှီးမြှုပ်နှံရေး၊ ၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ၊ ဒေါက်တာ ကိုကိုဦး၊ ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျာမန်-အာဆီယံ ချစ်ကြည်ရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ပြည်ထောင်စုဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ်စတီယန်း လူးဗစ်ခ်ဝယ်ဘာလော့ခ်ျ လည်း တက်ရောက်သည်။

ဂျာမနီ-အာဆီယံ ချစ်ကြည်ရေးဆိုင်ရာ ပါလီမန် အမတ်များအဖွဲ့ ဥက္ကဋ္ဌသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။

မြန်မာ-ဂျာမနီ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ်မှ စတင်ခဲ့ပြီး ယခုဆိုလျှင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၁)နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ အတွင်းက ဂျာမနီနိုင်ငံသမ္မတ မစ္စတာ ဂျိုဝါချင်းဂေါက်ခ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့်လည်း မြန်မာ-ဂျာမနီ သံတမန်ဆက်ဆံရေး နှစ်(၆၀) ပြည့်ကာလဖြစ်သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။


ဂျာမန် သမ္မတ မစ္စတာ ဂျိုဝါချင်းဂေါက်ခ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျာမန်ဂိုသေး အင်စတီကျူ့နှင့် မြန်မာ-ဂျာမနီ စီးပွားရေးဖိုရမ်တို့ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဂျာမနီနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျာမနီသမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒွိုက်ဘဏ်၊ အိုအေဗီ၊ ကိုဘာဖောင်ဒေးရှင်း၊ ဟမ်ဆိုက်ဒယ် ဖောင်ဒေးရှင်း၊ ဂျာမနီစီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ 

No comments:

Post a Comment