Wednesday, March 18, 2015

ညောင်ဦး(ပုဂံ)တွင် ထီးလိုမင်းလိုဘုရားရှိ အလှူခံပုံးများ ဖွင့်ဖောက် အခိုးခံရ

ညောင်ဦး ၊ မတ် (၁၇)
ညောင်ဦးတွင် မတ်လ (၁၇) ရက် နံနက် (၁)နာရီ အချိန်ခန့်က ထီးလိုမင်းလိုဘုရားရှိ အလှူခံပုံးများအား ဖွင့်ဖောက် အခိုးခံခဲ့ ရကြောင်း သိရသည်။ 

အလှူခံပုံး ဖွင့်ဖောက်ခိုးသူမှာ အဆိုပါဘုရား အရှေ့ဘက်မုဒ် သံပန်းတံခါးတွင် ပါရှိသော ခြင်္သေ့ရုပ် ခါးလယ်အား အပြင်ဘက်သို့ ဆွဲလှန်ကာ အဆိုပါ အမြင့် ၁၂ လက်မ အလျား ၁၈ လက်မခန့်ရှိ ၀င်ပေါက်မှ အတွင်းသို့ ၀င်ရောက်ခဲ့သည်ဟု ယူဆရကြောင်း၊ အရှေ့ဘက်မုဒ်မှ အလှူခံပုံး(၄)ပုံး ၊ မြောက်ဘက်မုဒ်မှ အလှူခံပုံး (၂)ပုံး ၊ စုစုပေါင်း(၆)ပုံး ဖွင့်ဖောက်ခိုးယူသွားခဲ့ကြောင်း၊ ယင်းသို့ ခိုးရာတွင် ငွေကျပ် (၅၀၀) နှင့်အထက် တန်ဖိုးကြီး ငွေစက္ကူအား ရွေးချယ် ခိုးယူသွားခဲ့ပြီး တန်ဖိုးနည်း ငွေစက္ကူများအား ချန်လှပ် ထားခဲ့ကြောင်း သိရသည်။
အဆိုပါဘုရားကြီးတွင် အလှူခံပုံးပေါင်း (၃၀) ကျော်ရှိပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် အလှူခံပုံးများ ဖွင့်ဖောက်စစ်ဆေးပြီး မှတ်တမ်းများ အရ ကျပ်သိန်း(၆၀)ကျော် ခန့်ရရှိကြောင်း  ယခုအခိုးခံရသော အလှူခံ ပုံး(၆)ပုံးမှာ ဘုရားကြီးရှိ အလှူခံပုံးပေါင်း (၃၀)ကျော်အနက်မှ အလှူခံငွေ အများဆုံး ရရှိသည့် ပုံးများဖြစ်ပြီး ခိုးယူသွားသူမှာ ငွေကျပ် (၅၀၀)နှင့်အထက် တန်ဖိုးကြီးငွေ စက္ကူများ ရွေးချယ်ခိုးယူ သွားခဲ့သောကြောင့် အခိုးခံရငွေမှာ ကျပ်သိန်း(၁၀) ပတ်ဝန်းကျင်ခန့်ဖြစ်မည်ဟု ခန့်မှန်းရပါကြောင်း၊ ဘုရားကြီးရှိ စောင့်ကြည့် ကင်မရာ (CCTV) မှတ်တမ်း အရ မတ်လ(၁၇)ရက် နံနက်(၁း၀၀)နာရီအချိန်မှ နံနက် (၄း၀၀)အချိန်ခန့်ထိ ဘုရားကြီးအတွင်း ၀င်ရောက် ဖွင့်ဖောက် ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား အမှုမှန်ပေါ်ပေါက်ရေးအတွက်  သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment