နေပြည်တော် ဖေဖော်ဝါရီ ၃
မိုးကုတ်-မိုးမိတ် ကားလမ်းအရှေ့ခြမ်း
ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဖမ်းဆီးခေါ် ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့်
ရိက္ခာစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများ၏ သတင်းပေး ပို့မှုများအရ တပ်မတော်စစ်ကြောင်းများက
ဇန်နဝါရီ ၃ဝ ရက်တွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ်
ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ် မန်ပတ်ရွာသို့ ရောက်ရှိခဲ့ရာ ၎င်းရွာနေ
ဦးအိုက် ညဲ (၄၆)နှစ်နှင့် ပြောင်းပြန်ရွာနေ ဦးထွန်းကြည်(၄၈)နှစ်တို့အားTNLA အဖွဲ့မှ
တစ်ဦးလျှင် ငွေကျပ် သိန်း ၇ဝ ပေးဆောင်ရန် တောင်းဆိုခဲ့ပြီး မပေးဆောင်နိုင်သဖြင့် ဖမ်းဆီးခေါ်ဆောင်
သွားကြောင်း သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးခေါ်ဆောင်ရာသို့ လိုက်လံရှင်းလင်းကြသည်။
ယင်းသို့ ရှင်းလင်းဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်
ရွှေညောင်ပင် ကျေးရွာသို့ ရောက်ရှိစဉ်TNLA အဖွဲ့ထံမှ အင်အား ၂ဝခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်
ပွားခဲ့ပြီးTNLA ယူနီဖောင်း ဝတ်အလောင်း သုံးလောင်း၊ အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ် သုံးခု၊
အမ်-၂၂ ကျည်အတောင့် ၁၅ဝ၊ လမ်းလျှောက်စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ် နှစ်လုံး၊TNLAယူနီဖောင်းတစ်စုံ၊
CDMA ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်စစ်ကြောင်းနှင့်TNLA အဖွဲ့တို့
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် ညနေပိုင်းတွင်TNLA အဖွဲ့မှ မိုးကုတ်-မိုးမိတ်
ကားလမ်းပေါ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လွယ်ဆာစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်မတော်မှ စစ်သည် တစ်ဦး ကျဆုံးခဲ့သည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်း
ဆောင်ရွက်ခဲ့ရာ ရွှေညောင်ပင်ကျေးရွာ၏ အနောက်ဘက် တစ်ဝိုက်တွင်TNLA အဖွဲ့ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး
တပ်မတော်မှ စစ်သည်လေးဦး ကျဆုံးခဲ့၍ သုံးဦး ဒဏ်ရာရရှိခဲ့သည်။TNLA အဖွဲ့ထံမှ အလောင်း
ခုနစ်လောင်း၊ လက်နက်ငယ်မျိုးစုံ လေးလက် တို့အား သိမ်းဆည်းရမိသည်။
ဖေဖော်ဝါရီ ၂ ရက် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ
ယနေ့အထိ တပ်မတော်သား ငါးဦးကျဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိကာTNLA အဖွဲ့ထံမှ အလောင်း
၁ဝ လောင်း၊ လက်နက်မျိုးစုံ ငါးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
TNLA အဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား
အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့်
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုပျက်ပြားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက
နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment