Thursday, February 5, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား



နေပြည်တော် ဖေဖော်ဝါရီ  ၅
နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့်  ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံခြားအကူအညီ အထောက်အပံ့ ရယူဆောင်ရွက်ရာတွင် ငွေကြေးနှင့် နည်းပညာဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ထိုကဲ့သို့ ရရှိသည့် ဖွံ့ဖြိုးမှု အကူအညီများကို အသုံးပြုရာ တွင် နိုင်ငံတော်၏ ရေတိုရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စေရေး အထောက်အကူပြု နိုင်စေရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မည်သို့ပင် သယံဇာတပေါများ ကြွယ်ဝသော်လည်း စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိပါက အချိန်မတိုင်မီ ကုန်ဆုံးသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ မဖြစ်စေရအောင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း၊ ရရှိလာမည့် ငွေကြေးနှင့် နည်းပညာများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ရေတို ရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စနစ်တကျ စီမံခွဲဝေသုံးစွဲ ရမည်ဖြစ်ပါကြောင်း၊ ထိုသို့သုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိအောင်၊ အလွဲသုံးစားမှုများ မဖြစ်အောင် တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြည်မပြတ် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများ၏ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာများအား စနစ်တကျဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေးဆိုင်ရာ များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံနှင့် အဖွဲ့အစည်း များမှ ပေးအပ်သည့် အကူအညီ (Grant) ရရှိမှုအနေဖြင့် စီမံချက် (၅၆၂) ခုအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း (၂၉၅၄ ဒသမ ၄၂၁) တွင် (၁၄၇၁ ဒသမ ၃၂၇) ရရှိပြီးဖြစ်ပါကြောင်း။
အကူအညီရရှိသည့် ကဏ္ဍနယ်ပယ်များမှာ ဆောက်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အသက် မွေးဝမ်းကျောင်း၊ လူမှုရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ သဘာဝဘေးအန္တရာယ်၊ စာရင်းအင်း၊ မွေးမြူရေး၊ ငွေကြေး၊ အားကစား၊ စွမ်းအင်နှင့် မြေရရှိရေးတို့ဖြစ်ပါကြောင်း။
၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအထိ ယခုအစိုးရလက်ထက် ချေးငွေပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း (၃၈၅၂ ဒသမ ၉၂၈) ဖြစ်ပြီး (၁၅၀ ဒသမ ၇၃၄) ရရှိပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့်ညှိနှိုင်းဆဲ စီမံချက်များမှ ကဏ္ဍအလိုက် ချေးငွေရရှိမည့် နယ်ပယ်များမှာ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ ငွေကြေး၊ ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျေးလက်တို့ဖြစ်ပါကြောင်းဖြင့် တင်ပြခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအနေဖြင့် ၂၀၁၁ခုနှစ်၊ မတ်လမှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် လေးနှစ်ပြည့်မြောက် တော့မည်ဖြစ်ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့ ပါကြောင်း၊ ထိုကဲ့သို့ တိုးမြှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းက မြန်မာ နိုင်ငံကို ကဏ္ဍနယ်ပယ်များစွာတို့၌ ဖွံ့ဖြိုးမှုအကူအညီ၊ ချေးငွေ၊ အထောက်အပံ့နှင့် နည်းပညာ/ကျွမ်းကျင်မှု အကူအညီများ တိုးမြှင့်ပေးအပ်လျက်ရှိပါကြောင်း။
ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Myanmar Development Cooperation Forum) ကို နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်အတွင်း  တတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကျင်းပရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ပထမအကြိမ် ဖိုရမ်တွင် ချမှတ်ခဲ့သည့် “ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်”ပါ အစိုးရနှင့်ဖွံ့ဖြိုးမှု မိတ်ဖက်များအကြား ပူးတွဲကတိကဝတ်များနှင့်အညီ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားအကူအညီအထောက်အပံ့များကို တိုးတက်ရရှိလာခဲ့သော်လည်း နိုင်ငံ၏ နယ်ပယ်ကဏ္ဍနှင့် ဒေသအသီးသီး၏ လိုအပ်မှုအတိုင်းအတာနှင့် နှိုင်းစာလျှင် လိုအပ်ချက် များ အများအပြား ရှိနေဆဲပင်ဖြစ်ပါကြောင်း။
ရရှိသည့် ဖွံ့ဖြိုးမှုအကူအညီများကို ထိရောက်စွာအသုံးပြုရာတွင် နိုင်ငံတော်၏ ဦးစားပေးဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီးနိုင်ရေး၊ သန့်ရှင်းသည့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများနှင့် ကိုက်ညီမှုရှိရန်၊ ကဏ္ဍအလိုက် ဒေသ အလိုက် လုပ်ငန်း စီမံကိန်းများနှင့် လိုက်လျောညီထွေ အထောက်အကူပြုနိုင်စေရန်၊ လုပ်ငန်းများ အချင်းချင်း ထပ်နေသည်များ၊ လစ်ဟာနေသည်များမရှိရန်၊ ပြည်နယ်/တိုင်းဒေသကြီး များအကြား အချိုးညီမျှစွာ ဖွံ့ဖြိုးရေးဟူသည့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်များနှင့်အညီ ဒေသများအကြား မျှတစွာဖြန့်ကြက် လုပ်ဆောင်နိုင်ရန် အထူးအလေးထား လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း။
ဖွံ့ဖြိုးမှုစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီးစီးသည့်အခါတွင် စီမံကိန်းများ လုပ်ဆောင်ခြင်းဖြင့် ရရှိရန်မျှော်မှန်းထားသည့် ရလဒ်များ၊ သကအစကအ နှင့် သကအခသာန များကိုသာ မကြည့်ဘဲ တိုင်းပြည် ၏ လူမှုစီးပွားဖွံ့ဖြိုးမှုအပေါ် အမှန်တကယ် သက်ရောက်အကျိုးရှိသွားမှု အတိုင်းအတာ ကိုပါ သေချာစွာ စဉ်းစားဆောင်ရွက် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း။
ဖွံ့ဖြိုးမှုလုပ်ငန်းစီမံချက်များ၊ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင် ထိရောက်မှု ရှိရန်အတွက် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်း (Monitoring and Evaluation- M&E) တို့သည် အထူးအရေးပါသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံခြားအကူအညီ အထောက် အပံ့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သုံးသပ်အကဲဖြတ်ခြင်း စနစ်တကျလုပ်ဆောင်သွားရန် တိုက်တွန်းလိုပါကြောင်း။
ပြည်ပချေးငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးမှုစီမံကိန်း များအရ ဆီလျော်မှုရှိ /မရှိ၊ ဆောင်ရွက်မည့် စီမံကိန်း၏ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာတို့အပေါ် သက်ရောက်မှု အတိုင်းအတာရှိ/မရှိ၊ ထိရောက်မှုရှိ/မရှိ၊ စွမ်းဆောင်ရည်မြင့်မားခြင်းရှိ/မရှိ၊ စဉ်ဆက်မပြတ် ရေရှည်တည်တံ့အောင်လုပ်ဆောင်နိုင်မည့်အခြေအနေ ရှိ/မရှိ စသည့် အချက်များကို အသေအချာစဉ်းစားပြီးမှ လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် တာဝန်ယူလုပ်ဆောင်သွားရမည့် ကျန်ရှိသည့် ကာလအတွင်း၌ ဆောင်ရွက်နေဆဲ လုပ်ငန်းများကို ပြီးပြတ်လက်စသတ်နိုင်ရန်နှင့် အသစ်စတင်မည့် လုပ်ငန်းများဖြစ်ပါက ကျန်ရှိသည့် ကာလ အတွင်း၌ပင် ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းကာလ အတွင်း အပြီးဆောင်ရွက် နိုင်မည်မဟုတ်ဘဲ ကာလရှည် လုပ်ဆောင်သွားရမည့် စီမံကိန်းမျိုး ဖြစ်ပါက မှန်ကန် ခိုင်မာသည့် အခြေခံအုတ်မြစ်များ စတင်ချထားပေးနိုင်ခဲ့ပြီး ဆက်လက်တာဝန်ယူ ဆောင်ရွက်မည့်သူများကို စနစ်တကျ လွှဲပြောင်းပေးနိုင်အောင် စဉ်းစားဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့ သည်။ 

No comments:

Post a Comment