ကြေးမုံသတင်းစာထဲမှာ တွေ့လိုက်ရတဲ့ကာတွန်း တစ်ကွက်က ပညာပေးရာလည်းရောက်၊ မျက်မှောက် ခေတ် မြန်မာပြည်ရဲ့ လူနေမှုဘဝဆက်ဆံရေးကိုလည်း ထင်ဟပ်သရုပ်ဖော်ရာလည်းရောက်ပြီး အင်မတန် အသိဥာဏ်တိမ်နေတဲ့ သူတွေကို သရော်လှောင်ပြောင် ချက်က ထိထိမိမိရှိတယ်လို့ ဆိုချင်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာထဲက ကာတွန်းမှာ ဖော်ပြထားတာက လော်စပီကာကြီးဖွင့်ပြီး ပတ်ဝန်းကျင် ကို အသံနဲ့နှိပ်စက်တာကို ဖော်ပြထား တာပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံပါ။ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ အဘက်ဘက်က ပြုပြင်ပြောင်း လဲရေးကြိုးပမ်းနေရတဲ့ကာလပါ။ ပြည်သူ တစ်ရပ်လုံးကလည်း တာဝန်သိသိနဲ့ ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြုလှုပ်ရှား ပါလို့နိုင်ငံတော်အစိုးရက တိုက် တွန်းလှုံ့ဆော်နေတာ အားလုံးအသိပါပဲ။
ခက်တာက အသိခေါက်ခက်အဝင်နက် ဆိုသလို တချို့လူတွေက ခေတ်မရှိတော့တဲ့ လုပ်ရပ်တွေ၊မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အမူအကျင့် တွေ၊ အများပြည်သူရဲ့ အေးချမ်းသာယာရေးကို ဖျက်ဆီး ရာရောက်တဲ့ ပတ်ဝန်းကျင်ဆိုးတွေကို ဖန်တီးပြီး ရင်း ဖန်တီးနေတာပါပဲ။
မြန်မာနိုင်ငံအတွင်းကျေးရွာတွေမှာ အလှူပွဲ၊ မင်္ဂလာပွဲကျင်းပကျင်းပ၊ ဘုရားပွဲတော်လုပ်လုပ် လော်စပီ ကာကြီးကို အသံကုန်ဖွင့်တော့တာပါပဲ။ ခေတ်နဲ့မဆီ လျော်တဲ့ အလေ့အထကြီးကို ဖက်တွယ်ထားတာစွန့်လွှတ် ရပါမယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ နိုင်ငံတကာ စံနှုန်းဖြစ်နေလို့ပါပဲ။
မြို့ကြီးပြကြီးတွေမှာကော ထိုနည်းလည်းကောင်း ပါပဲ။ ထီဆိုင်တွေကသီချင်းတွေဖွင့်ပြီး ထီအရောင်းမြှင့်တင်၊ ကာရာအိုကေ ဆိုင်ကလည်း ဆိုင်တွင်းအဆိုတော်ပေါင်းစုံရဲ့အသံစမ်းသမျှ လော်စပီကာနဲ့အသံကုန်ထုတ်၊ ဘာသာ ရေးအဖွဲ့မှာလည်း အချစ်သီချင်းပေါင်းစုံဖွင့်နဲ့ ပတ်ဝန်း ကျင်ကို ဆူဆူညံညံအသံပေး နှောင့်ယှက်နေတာ
တွေ၊ ထီရောင်းတဲ့သူတွေကလည်း လက်တွန်းလှည်းနဲ့တစ်မျိုး၊ ရပ်ကွက်ထဲလမ်းတကာလှည့်ပြီး သဒ္ဓါကြည်လင် ပါရမီ ရှင်များခင်ဗျာ အလှူခံပါတယ်ဆိုလို့ဆို၊ ဘယ်အိမ်နံပါတ်နဲ့ လမ်းကဆွမ်းအလှူရှင်သည် မည်သူမည် ဝါဆိုတာကို ကြော်ငြာပေးရတာက တစ်ဖုံ၊ ဆိုက်ကားပေါ် ဘက်ထရီ အိုးတင် လော်စပီကာကို အသံကုန်ဖွင့်ပြီး ရပ်ကွက်နေသူ တွေကိုအသံနဲ့နှိပ်စက်တာပါပဲ။ ဒါတွေဟာ အလွန်အတွေး အခေါ်နည်းပါးပြီး ပတ်ဝန်းကျင်ကို အလေးမမူတဲ့ လုပ်ရပ် တွေပါပဲ။
တကယ်တော့လည်းမြို့ကြီးပြကြီးဆိုပြီးခေတ်မီတဲ့ မြို့တော်ဖြစ်အောင် ဖန်တီးနေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ဟွန်းမဲ့ဇုန်ကြေညာထားပေမယ့်ကားမျိုးစုံရဲ့ဟွန်းသံတွေ၊ အိတ်ဇောဖွင့်မောင်းတဲ့ ဘတ်စကားတွေရဲ့ စက်မောင်း သံတွေက ရန်ကုန်မြို့က လမ်းတွေပေါ်ခြေကျင်ခရီးသည် တွေ၊ ကားကျပ်နေတဲ့လမ်းပေါ်က ကားပေါ်ပါခရီး သည်တွေ ကိုပါ နားကွဲမတတ် ခံစားစေရပါတယ်။
မြို့တော်ရဲ့အဆောက်အအုံတွေကြားက ထွက်လာတဲ့ လော်စပီကာသံတွေ လွှမ်းခြုံလိုက်ရင် စာသင်သားလည်း စာမကျက်နိုင်၊သက်ကြီးရွယ်အိုလည်း စိတ်မချမ်းသာ၊ မြို့ထဲ ကတည်းခိုခန်းကအစ ဟိုတယ်ကြီးတွေက ကမ္ဘာလှည့်ဧည့် ခရီးသည်တွေကိုပါ မောင်းထုတ်နေသလို ခံစားရပါတယ်။
စာရေးသူရောက်ဖူးတဲ့မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနည်းတဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံရဲ့မြို့တော် ဗီယန်ကျင်း ဟာ အင်မတန် တိတ်ဆိတ်ငြိမ်သက်တဲ့မြို့ပါ။ ကားဟွန်း သံမကြားရ၊ ကာရာအိုကေဆိုင်တွေရှိမှန်းမသိရအောင် အသံလုံအခန်း တွေနဲ့ဖွင့်ပါတယ်။
ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေမှာလည်း ဘုန်းကြီးစာကျက်သံကလည်း ကျောင်းထဲဝင်မှသာ ကြားနိုင်ပါ တယ်။ သီတင်း ကျွတ် ဘုရားပွဲတော်ကျင်းပတာတောင် မြန်မာပြည်လို သီချင်း မျိုးစုံဖွင့်ပြီး ဧည့်မခံပါ။ ဘတ်စ်ကား တွေကလည်း ဟွန်းသံ တောင်မပေးတာကြောင့် ဘတ်စ်ကားရှိမှန်းတောင် သတိ မထားမိပါဘူး။ မဲခေါင်မြစ်ကမ်း နံဘေးက ဗီယန်ကျင်းဟာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့မဲခေါင်မြစ်လို တိတ်ဆိတ်ငြိမ် သက်လှပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက လည်း ဒါမျိုးတွေကို အတုယူသင့်ပါတယ်။
တိုကျိုမြို့ကြီးလို၊ ဆစ်ဒနီမြို့ကြီးတွေရဲ့ တိတ်ဆိတ်မှု နဲ့နှိုင်းယှဉ်မဖော်ပြတာက သူတို့ကဖွံ့ဖြိုးပြီး ကမ္ဘာ့ထိပ်သီး နိုင်ငံကြီးရဲ့မြို့ တွေမို့ပါ။ သူတို့တွေကို မမီသေးဘူးဆိုပေ မယ့် အတုယူနိုင်သမျှယူရပါမယ်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ စည်ပင်သာယာ ရေးအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့တရားဥပဒေကို ထိန်းကျောင်းပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကဥပဒေကဲ့သို့ အာဏာတည်သော စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ပြီး စည်းကမ်းဖောက်သူတွေကို ကြပ်မတ်ပြုပြင်ပေးဖို့ လိုပါတယ်။
စည်းကမ်းမဲ့လော်စပီကာနဲ့ဆူညံစွာနှိပ်စက်နေတဲ့ မြို့ပြဘဝ၊ ကျေးလက်ဘဝက လွတ်မြောက်မှအေးချမ်းသာ ယာတဲ့ စိတ်ချမ်းမြေ့စွာနေချင်စရာ မြန်မာ့လူ့ဘုံကို ကမ္ဘာလှည့်ခရီးသွားတွေရော၊ ပြည်တွင်းခရီးသွားတွေပါ မြို့ပြနေထိုင်သူတွေကို ပျော်မွေ့ဖွယ်ရာ၊ ခင်တွယ်စရာ ဒေသအဖြစ် တစိုက်မတ်မတ်ရှိနေပါမယ်။ လူဆိုတာ မိမိလိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ၊ မရှိ ရှေးဦးစွာစဉ်းစားပြီး လုပ်ဆောင်မှ နိုင်ငံသားကောင်းပီသမှာဖြစ်ကြောင်းပါဗျာ။ ။
နေသွေးနောင်
No comments:
Post a Comment