သတင်းထုတ်ပြန်ချက် (၁/၂၀၁၅)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
၁၃၇၆ ခုနှစ် ၊ တပေါင်းလဆန်း ၈ ရက်
၁။ အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့်
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး
အလုပ်သမားရေးရာ ညှိနိုင်းဆွေးနွေးရေးအဖွဲ့သည်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်
ရွှေပြည်သာ စက်မှုဇုန်နှင့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ အချို့မှ အလုပ်သမား အချို့၏
လုပ်ခလစာ တိုးမြှင့်ရလိုမှုနှင့် ပတ်သက်၍ ဆန္ဒပြတောင်းဆိုမှုအပေါ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ
၁၇ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် စုပေါင်းရုံးရှိ
မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းတွင် ရုံးထိုင်ကာ သက်ဆိုင်ရာ စက်ရုံ
အသီးသီးမှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ Moderator အဖြစ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ထိုသို့
ဆောင်ရွက်ပေးရာတွင် လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေသော အလုပ် သမားများနှင့်
အေးချမ်းစွာ အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများအား ခွဲခြားမှု မထားဘဲ မိမိတို့၏ သားသမီး
အရင်းအချာများကဲ့သို့ သဘောထားပြီး တူညီသော အခွင့်အရေးများ ရရှိစေရန် အလုပ်ရှင်များနှင့်
အကြိမ်ကြိမ် ခက်ခက်ခဲခဲဖြင့် အလုပ်သမားများ တောင်းဆိုသည့် လုပ်ခလစာ ရရှိရေးကို ဦးတည်
ဆွေးနွေး ခဲ့ပါသည်။
၃။ ညှိနှိုင်းဆွေးမှု
လုပ်ငန်းစဉ် (Negotiation Process) သည် သိမ်မွေ့နက်နဲပြီး စိတ်ရှည်သည်းခံကာ လိုရာ ရရှိစေရေး
ဦးတည်ဆွေးနွေးရသည့် လုပ်ငန်းဖြစ်ပါသည်။ ယင်းသို့ အလုပ်ရှင်၊ အလုပ်သမားများနှင့် ညှိနှိုင်းဆွေးနွေးရာတွင်
အလုပ်သမားများသည် မိမိတို့၏ ပြည်သူပြည်သား၊ သားသမီးများဖြစ်ကြသဖြင့် ၎င်းတို့၏ စာဝတ်နေရေး၊
အဆင်ပြေချောမွေ့စေရေးနှင့် အေးချမ်းစွာ ဘဝရပ်တည်နိုင်ရေးတို့အတွက် ရသင့် ရထိုက်သည့်
လုပ်ခလစာများ အပြည့်အဝ ရရှိစေရန်လည်းကောင်း၊ အလုပ်ရှင်များမှာ နိုင်ငံခြားသားများ ဖြစ်သည့်
အားလျော်စွာ မိမိတို့နိုင်ငံအပေါ် အထင်သေးမှုများ
မဖြစ်ပေါ်စေရေး၊ နိုင်ငံ၏ ပုံရိပ်မကျဆင်းစေရေး၊ နှစ်နိုင်ငံ ကောင်းမွန်စေသော ဆက်ဆံမှု
မပျက်ပြားသွားစေရေး၊ အလုပ်ရှင်များမှ ၎င်းတို့၏ လက်ရှိ လုပ်ငန်းများ ရပ်ဆိုင်းကာ အခြားနိုင်ငံသို့
ရွှေ့ပြောင်းမသွားစေရေး၊ နောက်ထပ် လာရောက်ကြမည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ
အပေါ် အဟန့်အတား မဖြစ်စေရေး၊ မိမိပြည်သူ ပြည်သားများ အတွက် အလုပ်အကိုင် အခွင့် အလမ်းများ
ယုတ်လျော့မသွားစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်ပေါ်စေရေးတို့ကို အထူး အလေး ထားကာ
နိုင်ငံတကာကျင့်စဉ်များနှင့်အညီ နှစ်ဦးနှစ်ဖက် အကျိုးရှိမှု (Win-Win) ရရှိစေရန် အထူး အလေး ထားကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
၎။ အလုပ်သမားရေးရာ
ညှိနှိုင်းဆွေးနွေးရေးအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုပ်ခလစာ တိုးပေးရေးကို ငြင်းဆန်နေသော
အလုပ်ရှင်များအား သဘောပေါက် နားလည်လောစေကာ ပျော့ပြောင်း
လာစေပြီး အလုပ်သမားတောင်းဆိုသည့် လုပ်ခလစာနှင့် နီးစပ်သော လုပ်ခသို့ တိုးမြှင့်ပေးသည့်
ရလဒ် ကောင်းများကို ရရှိအောင် ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ ရရှိသော ရလဒ်ကောင်းများကို
အလုပ်သမားများအား ပြန်လည်ချပြ ရှင်းလင်းခဲ့ရာတွင် စက်ရုံအများစုရှိ အလုပ်သမားအများစုက
လက်ခံ သဘောတူညီကြသဖြင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက်သဘောတူ စာချုပ်များကို
ချုပ်ဆိုနိုင်၍ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နေကြပြီ ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍
ကျန်ရှိနေသော ဆန္ဒပြတောင်းဆိုနေကြသည့် အလုပ်သမားများအနေဖြင့် ရရှိထားပြီး ဖြစ်သော ရလာဒ်ကောင်း၊
အကျိုးကျေးဇူးကောင်းများကို ရရှိခံစားနိုင်စေရေး အလို့ငှာ လုပ်ငန်းခွန်သို့ အေးချမ်းစွာ
ပြန်လည်ဝင်ရောက် လုပ်ကိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း
ဆွေးနွေးရေး အဖွဲ့နှင့် အမြန်ဆုံး ဆက်သွယ်ကာ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ကို
ချုပ်ဆို၍ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကြပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း သတင်း
ထုတ်ပြန် အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ
ညှိနှိုင်းဆွေးနွေးရေးအဖွဲ့
No comments:
Post a Comment