Friday, February 6, 2015

ကြာမြင့်ချိန် ၁၃ ရက်ဖြင့် ရှန်ဟိုင်း-ရန်ကုန် ကုန်စည်များ ပို့ဆောင်ပေးမည် ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ၀န်ဆောင်မှုပေးရန်ကြိုးပမ်း


ရန်ကုန် ဖေဖော်ဝါရီ ၅
ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ကုန်သွယ်ရေး ဝန်ဆောင်မှုလိုင်းသစ်ကို ဖေဖော်ဝါရီ ၄ ရက်က ဖွင့်လှစ်ခဲ့ပြီး ပြေးဆွဲ မှုများ စတင်နိုင်တော့မည်ဖြစ်၍ ၁၃ ရက်အတွင်း ကုန်စည်များ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ် ဟိုတယ်၌ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီက ကျင်းပသည့် အဆိုပါ လိုင်းသစ် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

ကမ္ဘာ့အကြီးဆုံး ကုန်သေတ္တာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Maersk ၏ အာရှတွင်း လက်အောက်ကုမ္ပဏီခွဲ MCC Transport သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်ရေး ဝန်ဆောင်မှုကို ယခုကဲ့သို့ အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
''ဝန်ဆောင်မှုကနေ သင်္ဘောတင်ပို့ရာမှာ ပိုမိုအချိန်ကုန်သက်သာဖို့ ရည်ရွယ်ထားပါတယ်။ အရင်က ရှန်ဟိုင်း-ရန်ကုန် ကုန်သွယ်ရေး သင်္ဘောကြီးတွေ သွားလာမှုက ၁၈ ရက်ကြာမြင့်ပါတယ်။ ကျွန်တော်တို့ လိုင်းသစ်ကို ၁၃ ရက်နဲ့ ရောက်ရှိအောင် ပြေးဆွဲသွားမယ်။ အခုလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရခြင်း အကြောင်းကတော့ ပွင့်လင်းလာတဲ့ ကုန်သွယ်မှုမူ ဝါဒတွေကြောင့်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှာ အချိန်နဲ့တစ်ပြေးညီ ကုန်သွယ်ရေးစနစ် ကောင်းမွန်မှသာ ဈေးကွက်အတွင်း ခိုင်မာတဲ့ဝေစုရရှိမယ်။ ဒါကြောင့် ကုန်သွယ်ရေးလုပ် ငန်းလုပ်ကိုင်သူတွေ အတွက် သယ်ယူ ပို့ဆောင်ရေးကောင်းမွန်မှုက လိုအပ်ပါတယ်''ဟု MCC Transport ၏ အမှုဆောင်အရာရှိချုပ် Tim Wickmann က ပြောကြားသည်။
ပထမဆုံး တိုက်ရိုက်ဝန်ဆောင်မှုအနေဖြင့် တိုကျိုကုန်သည်ကြီးများထံမှဖြစ်ပြီး ရှန်ဟိုင်းမှ ဇန်နဝါရီ ၂၇ ရက်က စတင်ထွက်ခွာ လာသည့် သင်္ဘောကြီးသည် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်သို့ ဆိုက်ရောက်လာ တော့မည် ဖြစ်ကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ဈေးကွက်ချုပ် ကိုင်မှုများပြားခဲ့သဖြင့် အပြိုင်အဆိုင် တင်ပို့ ရောင်းချခြင်းမရှိခဲ့ဘဲ လုပ်ငန်းရှင်ကြီးများ၏ တင်ပို့မှုကအများဆုံး ဖြစ်သော်လည်း မြန်မာ့စီးပွားရေး ပိုမိုအားကောင်းလာပြီး အစိုးရသစ်လက်ထက် ပြောင်းလဲလာသော ကုန်သွယ်ရေးမူဝါဒများကြောင့် ကုန်သွယ်ရေး လုပ်ငန်းရှင်များအကြားတွင် ဈေးကွက်ဝေစုရရှိမှု မျှတလာကာ အချင်းချင်းပြိုင်ဆိုင်မှု ယခင်ထက် မြင့်တက်လာနေကြောင်း၊ အက်ဖ်တာနှင့်အေအီးစီ မြင့်တက်လာချိန်တွင် ကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို ထပ်မံလာရောက် လုပ်ကိုင်ဖွယ်ရှိကြောင်း စီးပွားရေး အတိုင်ပင်ခံ ပညာရှင်ဦးအောင်သူရက ပြောသည်။
MCC Transport က ၁၁၀၀ TEU ရှိ သင်္ဘောရှစ်စင်းဖြင့် ဝန်ဆောင်မှု စတင်သွားမည်ဖြစ်ပြီး Maersk Line သည် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံ၌ ရုံးခန်းခွဲ ပေါင်း ၃၇၄ ခန်းထားရှိပြီး ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ် မေလအတွင်းက စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment