ရန်ကုန် ဇန်နဝါရီ ၃၁
လှည်းကူးမြို့နယ် ခြံတဲ ကျေးရွာ မူလတန်းကျောင်းလေးမှာ ယနေ့ စည်ကားလို့နေပါတယ်။
လွှတိုက်သံ၊ တူထုသံတွေနဲ့ ပန်းရံ သယ်ရင်း အချင်းချင်းနောက်ပြောင် စနောက်သံတွေအပါအဝင်
ကလေး တွေနဲ့အတူ ကျောင်းဖွင့်ပွဲလေး စည်ကားဖို့အရေး အကတိုက်နေကြတဲ့ ကိုရီးယားကျောင်းသား
ကျောင်းသူ လေးတွေကြောင့် ကျေးရွာမိသားစု ဝင်တွေ ပျော်မဆုံးတပြုံးပြုံးပေါ့။
သက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ Happy Move Global Youth ပရဟိတအဖွဲ့လေးက တောင်ကိုရီး
ယားနိုင်ငံ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူ ကျောင်းသားတွေ စုစည်း ဖွဲ့စည်းထားတာပါ။ အာရှတိုက်
အတွင်းက လိုအပ်နေတဲ့ ကွက်လပ် နေရာလေးတွေကို တတ်အားသရွေ့ ပါဝင်ကူညီပေးဖို့အတွက် သူတို့
စိတ်ပိုင်းဖြတ်ထားပါတယ်။
''အဖွဲ့ဝင်တွေက သောင်းဂဏန်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ လာရောက် လုပ်အားပေးခွင့်ရဖို့
လျှောက်လွှာ တင်ထားရတာ၊ အများကြီးထဲက ကိုယ့်ကိုရွေးချယ်တဲ့အတွက် ဝမ်းသာ မိတယ်။ မြန်မာနိုင်ငံအကြောင်း
အွန်လိုင်းကနေ လေ့လာတယ်။ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက် အားလုံးကိုပေါ့။ အခုရောက်လာတော့
ပိုပြီး စိတ်ကျေနပ်ရတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို ကလေးတွေက ချစ်ဖို့ကောင်းတယ်။ သူတို့အတွက်
လုံခြုံမှုကို ကိုယ့်လုပ်အားနဲ့ ဒါနပြု ရတာ ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ မြန်မာနိုင်ငံက
ခြံတဲမူလတန်းကျောင်း လေးအကြောင်းကို ကိုရီးယား ရောက်တဲ့အခါ လိုက်ခွင့်မကြုံတဲ့ သူငယ်ချင်းတွေကို
ပြောပြမယ်'' လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘူဆန် အမျိုးသားတက္ကသိုလ်မှာ ပေါ်လီမာ နည်းပညာဆိုင်ရာ
(Polymer Engineering) ပညာသင်ယူနေသူ အသက် ၂၄ နှစ်အရွယ် မစ္စတာ Kyung Seok Lee က ပြောပါတယ်။
ကိုရီးယားနိုင်ငံ အခြေစိုက် KIA မော်တော်ကားစက်ရုံကထုတ်လုပ် တဲ့ကားတွေကို ပြည်တွင်းမှာ
ဝယ်ယူ ဖို့ အရောင်းပြခန်း လာဖွင့်ပြီးတဲ့ နောက် CSR လုပ်ဆောင်ချက်အနေနဲ့ အမေရိကန်ဒေါ်လာ
ငါးသောင်း တန်ဖိုးရှိ တစ်ထပ်ကျောင်းဆောင် သစ်တစ်ခုကို ဆောက်လုပ်ဖို့ ရန်ကုန် တိုင်းဒေသကြီး
လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ခြံတဲ မူလတန်းကျောင်းကလေးကို ရွေးချယ်
ခဲ့ပါတယ်။ ကုမ္ပဏီက တာဝန်ယူပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်အားပေး လုပ်ကိုင်ပေးဖို့အတွက်
လူငယ် Happy Move Global Youth ပရဟိတအဖွဲ့လေးက တာဝန် ယူပေးပါတယ်။
''ကျောင်းက ဖေဖော်ဝါရီ ၄ ရက် မှာ ဖွင့်မှာဆိုတော့ အမြန်ဆုံး တည်ဆောက်နေရတယ်။
ကျွန်တော် တို့အတွက် မြန်မာနိုင်ငံကို ရောက်ဖူး တာတော့ ပထမဆုံး အကြိမ်ပါ။ ငွေကြေးလှူဒါန်းဖို့ကျတော့
ကျွန်တော် တို့က ကျောင်းသားတွေဖြစ်လို့ အဆင် မပြေပါဘူး။ သို့သော် လုပ်အားဒါန ကတော့
အချိန်မရွေး အကူအညီ ပေးနိုင်ပါတယ်။ လူသားတွေအကျိုး ရှိမယ့် ကိစ္စတွေမှာ လုပ်ဆောင်ဖို့
ကိုရီးယားလူမျိုးရယ်၊ မြန်မာလူမျိုး ရယ်ဆိုပြီး မရှိပါဘူး။ အားလုံး အတူတူပဲပေါ့''ဟု
Kyung Seok Lee က ဆိုပါတယ်။
တောင်ကိုရီးယား နိုင်ငံထဲက တက္ကသိုလ် အားလုံးနီးပါးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ
အစုံ ပါဝင်တဲ့ အဖွဲ့မှာ လူဦးရေ ၉ဝ လိုက်ပါလာခဲ့တာပါ။ နှစ်ပတ်ခန့် လာရောက်ကူညီပေးမှာ
ဖြစ်သလို သူတို့တွေအတွက် ကျောင်းဖွင့်ပွဲနေ့ မှာ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ ကခုန်ကြဖို့အတွက်ကိုလည်း
ရင်ခုန် နေကြောင်း အဖွဲ့ဝင် ကျောင်းသူ လေးတစ်ဦးက ပြောပါတယ်။
''ကျောင်း ဆောက်လုပ်မှုမှာ ကိုရီးယား-မြန်မာ ဆက်ဆံရေးကို လည်း ဂုဏ်ပြုချင်တာကြောင့်
ကိုရီး ယားပရဟိတအဖွဲ့ကို ဖိတ်ခေါ်ရ ခြင်းဖြစ်ပါတယ်။ ကျောင်းဆောင် သစ်ကို အမြန်ဆုံး ပြီးစီးအောင်
ဆောင်ရွက်နေတာကြောင့် ပညာ သင်ကြားနေကြတဲ့ မူလတန်းကလေး ၆၇ ဦးအတွက် လုံခြုံမှုကိုပေးစွမ်းနိုင်
တော့မှာပါ။ စာသင်ခန်း စုစုပေါင်း ငါးခန်းပါဝင်ပြီး ကလေးတွေအတွက် သင်ကြားရေး အထောက်အကူပြု
ပရိဘောဂတွေကိုလည်း ကိုရီးယား လူငယ်တွေက အားတက်သရော လုပ်ကိုင်ပေးကြတယ်'' ဟု KIA ကားကုမ္ပဏီမှ
ကြော်ငြာမန်နေဂျာ ကိုဇော်ရဲနိုင်က ဆိုပါတယ်။
''အားလုံးက တက်ညီလက်ညီ လုပ်နေကြတာမို့ ပျော်ရွှင်ပါတယ်။ အဖြူအစိမ်းဝတ်ထားတဲ့ ကလေး
တွေရဲ့အပြုံးက ကျွန်မတို့အမော တွေ ပြေစေတယ်။ သူတို့ကြီးလာတဲ့ အချိန်မှာ ကျွန်မတို့ရဲ့
လုပ်ဆောင် ချက်တွေကို အမှတ်ရပြီး အချင်းချင်း ပြန်ပြောကြရင်း ပရဟိတအလုပ်တွေ ကို သူတို့စိတ်ပါလက်ပါ
ဆောင်ရွက် ကြမယ်လို့ မျှော်လင့်ပါတယ်'' လို့ အသက် ၂၁ နှစ်သာရှိသေးပြီး Haua တက္ကသိုလ်ကျောင်းက
ခရီးသွားလာ ရေးစီမံခန့်ခွဲမှုပညာ (Leisure Tourism Manage-ment)သင်ယူနေသူ Jimin Hem
က ပြောပါတယ်။
ခြံတဲမူလတန်းကျောင်းလေးကို ဖေဖော်ဝါရီ ၄ ရက်မှာ ဖွင့်လှစ်ပြီး နိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီး ဌာနကို အပ်နှံမှာဖြစ်ပါတယ်။ ကျောင်းလေး အဓွန့်ရှည်တည်တံ့ ပါစေလို့ဆုတောင်းရင်း
ကလေးတွေ အတွက် တတ်စွမ်းသမျှ ကူညီပံ့ပိုးပေး နေတဲ့ Happy Move Global Youth ပရဟိတအဖွဲ့ဝင်လူငယ်
၉ဝ ကတော့ အချိန်မီပြီးစီးအောင် အားသွန်ဆောင်ရွက်နေပါပြီ။
No comments:
Post a Comment