Monday, February 2, 2015

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည့် မြန်မာနိုင်ငံ





နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုအတွက် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် အဓိကသော့ချက် ဖြစ်သည်နှင့်အညီ နေရာဒေသ အသီးသီးရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ပြီး အားပေးမြှင့်တင်နိုင်ရေးကို နိုင်ငံတော်မှ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။
ဤကဲ့သို့ဖော်ထုတ်၍ အားပေးမြှင့်တင်ခြင်း၊ အခွင့်သာသည့် အခြေအနေများကို ဖန်တီးပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားဖြည့်ဆောင်ရွက် နိုင်မည်လည်း ဖြစ်ပါသည်။

ကမ္ဘာ့ အခင်းအကျင်း တွင်လည်း ပွင့်လင်းလာသည့် မြန်မာ နိုင်ငံကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက် လုပ်ဆောင်ရန် ယခင်ကထက် မျက်စိကျလာခြင်းကြောင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ၊ ခရီးသွားများ ပိုမိုဝင်ရောက် လာသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ''မီးခိုးတိတ်စီးပွား ရေးလုပ်ငန်း'' ဟု တင်စားခေါ်ဝေါ်သော ခရီးသွားကဏ္ဍမှာ ပိုမိုတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရသည်။ နိုင်ငံတွင်း ခရီးသွားဝင်ရောက်မှုနှုန်း သိသာစွာမြင့်တက်လာသည် နှင့်အတူ ခရီးသွားကဏ္ဍနှင့် ဆက်စပ်သော လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော အခန်း ကဏ္ဍတွင် ပါဝင်လာခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လေ့လာစရာ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်များ၊ မပျက်စီးသေးသည့် ရေမြေသဘာဝရင်း မြစ်များ၊ ခရီးသွားနေရာ သစ်အလှအပများ ပေါများသည့်အပြင် လုံခြုံမှုရှိပြီး ဒေသခံများ၏ ခင်မင်ဖော်ရွေ ကူညီတတ်သော ဓလေ့စရိုက်ကလည်း ခရီးသွားလုပ်ငန်းအတွက် အခွင့်သာ သည့် အားသာချက်တစ်ခုဖြစ်သည်။ အဆိုပါ အားသာချက် များကို ပြည်ပခရီးသွားများ ပိုမိုသိရှိလာပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ နိုင်ငံအတွင်း သွားလာလည် ပတ်ရေး၊ နေထိုင်တည်းခိုရေး၊ စားသောက်ရေး လုပ်ငန်းများ ကို အဆင့်တန်းမီမီ၊ ဂုဏ်သိက္ခာ မြင့်မြင့်မားမားနှင့် ဝန်ဆောင် မှုပေးနိုင်ကြရပေမည်။ နိုင်ငံအတွင်း ရေဆိပ်၊ ကားဂိတ်၊ လေဆိပ်များတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ထိုက်တန်သည့် ဝန်ဆောင်မှုနှင့် အဆင့်မြင့်သည့် ဆက်ဆံရေးများ ဖြစ်ထွန်းလာစေရန် စီစဉ်ဆောင်ရွက် ပေးကြရမည်။
မကွေးမြို့ဆိပ်ကမ်းသည် ရန်ကုန်-မန္တလေး အစုန်/အဆန် သွားလာနေသော ခရီးသွားသင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ ဈေးသင်္ဘောများဖြင့် သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ ယခုအခါတွင်မူ ရန်ကုန်-မန္တလေးမြစ်ကြောင်းတစ်လျှောက် ကမ္ဘာလှည့်ခရီးသွားသင်္ဘောများ ဆိုက်ကပ်လျက်ရှိရာ ရေကြောင်းဖြင့် ခရီးသွားသည့် နိုင်ငံခြားသားများသည် သင်္ဘောဆိုက်ကပ်ချိန်၌ မြို့တွင်းသို့ လှည့်လည်သွားလာ လည်ပတ်ကြသည်။ မကွေးမြို့တွင် တစ်လလျှင် ကမ္ဘာလှည့် ခရီးသွားသင်္ဘောအစင်း ၂ဝ ခန့်နှင့် နိုင်ငံခြားသားခရီးသည် ပေါင်း ၁၂ဝဝ မှ ၁၄ဝဝ ထိလာရောက်လည်ပတ်သည်ဟု သိရှိရပါသည်။ အဆိုပါ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ အတွက် အနှေးယာဉ်(ဆိုက်ကား)အသင်း ထူထောင် ထားရှိပြီး မြို့တွင်းသွားလာလည်ပတ်ရန် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးသည့် မကွေးမြို့၏ ထူးခြား သောဝန်ဆောင်မှု လုပ်ငန်းတစ်ခုဟု ဆိုနိုင်ပါသည်။
မကွေးမြို့ ဆိပ်ကမ်းတွင် အဆိုပါ သင်္ဘောတစ်စင်း၏ ရပ်နားချိန်မှာ ၂ နာရီ မှ ၃ နာရီခန့်ရှိသည်ဟု သိရှိရပါသည်။ ထိုအချိန်အတွင်း နိုင်ငံခြားသားများ အနေဖြင့် မြသလွန်ဘုရား ဖူးမြော်ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်/ပန်းခြံ လေ့လာခြင်း၊ ဈေးအတွင်း လှည့်လည်၍ ဒေသထွက်ကုန် များလေ့လာခြင်း၊ သံဖြူလုပ်ငန်း၊ ပန်းပဲလုပ်ငန်းကဲ့သို့ လက်မှုပညာများ လိုက်လံ ကြည့်ရှုခြင်းတို့အတွက် ဆိုက်ကားများဖြင့် စီတန်းလှည့်လည် သွားလာကြပါသည်။ သွားလာလည်ပတ်မှု ခရီးစဉ် အစအဆုံး ဆိုက်ကားတစ်စီးလျှင် ငွေကျပ် ၄ဝဝဝ ရရှိ ကြောင်း သိရှိရသည်။ ဤကဲ့သို့ ဝန်ဆောင်မှုပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသည့်အပြင် ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။
ဧည့်သည့် နိုင်ငံခြားသားများ မြို့တွင်းသို့ လှည့်လည် သွားလာရာတွင် စည်းကမ်းတကျ ဖြစ်စေရေး၊ အဆင်ပြေချောမွေ့ စေရန်၊ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်၊ ဘေးအန္တရာယ်ကင်းရှင်း စေရန်၊ သန့်ရှင်းသပ်ရပ်ကြံ့ခိုင်မှုရှိသည့် ဆိုက်ကား များဖြင့် ဆိုက်ကားယာဉ်အသင်းကို စနစ်တကျ ဖွဲ့စည်းထားသည်။ အသင်းဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ ခရီးသွားလာစဉ် နိုင်ငံခြားသားများနှင့် ပြောဆိုဆက်ဆံစဉ် လိုက်နာစောင့်ထိန်းရမည့် အချက်များတို့ကို ထုတ်ပြန် ပေးထားပြီး စနစ်တကျ ဖွဲ့စည်းထားရှိပါသည်။ ဆိုက်ကားယာဉ် အသင်းဝင်များအတွက်လည်း သာရေး၊ နာရေး၊ ကျန်းမာရေးကိစ္စများကို ကူညီပေးနိုင်မည့် ရည်ရွယ်ချက်ပါရှိပါသည်။ ဆိုက်ကားဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်သားများမှာ အင်္ကျီဆင်တူဝတ်ဆင် ထားပြီး ဆိုက်ကားတစ်စီးလျှင် တစ်ဦးကျ သတ်မှတ်ထားပါသည်။ သင်္ဘောတစ်ခေါက် ဝင်ရောက် လာခဲ့လျှင် ဆိုက်ကား အစီး ၂ဝ မှ ၆ဝ ထိ စနစ်တကျ စီးတန်းလှည့်လည် သွားလာနေသည်ကို မကွေးမြို့အတွင်း၌ မြင်တွေ့နေရပါသည်။ သင်္ဘောလမ်းကြောင်းများ ဆုံနေလျှင် ဆိုက်ကားလုပ်သားများကို သင်္ဘောအလိုက် အင်္ကျီအရောင် ခွဲခြားဝတ်ဆင်စေပါသည်။ မကွေးမြို့လူထုမှလည်း လမ်းဆုံများတွင် ဆုံနေလျှင် စီတန်းလာသည့် ဆိုက်ကားတန်း ကုန်သည် ထိအောင် စောင့်ဆိုင်းပြီးမှ သွားလာကြပါသည်။ အဆိုပါ ဆိုက်ကားများ အပေါ်တွင် စီးနင်းလိုက်ပါလာသော နိုင်ငံခြားသားများ၏ ကျေနပ်ပျော်ရွှင်နေသော အပြုံးမျက်နှာများကို တွေ့မြင်နိုင်ပါသည်။
သို့ဖြစ်ရာ ''သေးလွန်းလျှင်ပျောက်'' ဟူသော စကားကဲ့သို့ အသေးစားလုပ်ငန်းများမှာ အဘက်ဘက်က အားနည်းပြီး လိုအပ်ချက် ပိုမိုများပြားလှသည့်အတွက် ဝိုင်းဝန်းကူညီ အားပေးသင့်ပါသည်။ အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို အသေးစား စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် အားပေးကူညီ သင့်ရုံမျှမက ဆိုက်ကားယာဉ်ဖြင့် သွားလာလည်ပတ်ခြင်းသည် စရိတ်လည်းသက်သာ၊ စိတ်လက်ပေါ့ပါးစွာဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသော ထူးခြားသည့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ ခရီးသွားနှင့် ဒေသခံ အပြန်အလှန် ချစ်ကြည်ရင်းနှီးစေပြီး အပြန်အလှန် အတွေ့အကြုံ ဖလှယ်နိုင်သည့်အတွက် အားပေးမြှင့်တင်သင့်ပါသည်။
ထို့ပြင်ဝန်ဆောင်မှုပေးသူလုပ်သားများအနေဖြင့် နိုင်ငံ တကာမှ လာရောက်သည့် နိုင်ငံခြားသားများနှင့် ပေါင်းသင်း ဆက်ဆံတတ်စေခြင်း၊ နိုင်ငံတကာ ဗဟုသုတရရှိစေခြင်း၊ ဘာသာစကားအထိုက်အလျောက်ပြောဆိုနိုင်သည့် အခွင့် အရေးရရှိစေခြင်းတို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် တဖက်တစ်လမ်းမှ ပါဝင်နိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများပါ ရရှိစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဝန်ဆောင်မှုပေးသူများကို လိုအပ်သည့်အရည် အသွေးမြှင့်တင်မှုများ၊ ကူညီမှုများနှင့်အခွင့်သာသည့် အခြေ အနေများ ဖန်တီးပေးသင့်ပါသည်။
ရန်ကုန်-မန္တလေး သင်္ဘောဆိုက်ကပ်ရာ ဧရာဝတီမြစ် ကြောင်း ခရီးစဉ်တစ်လျှောက် ကမ္ဘာလှည့်ခရီးသွားများကို အနှေးယာဉ်(ဆိုက်ကား)ဖြင့် စီတန်းလှည့်လည်ပြီး လည်ပတ်ရန် ဝန်ဆောင်မှုပေးသည့်မြို့မှာ မကွေးတစ်မြို့တည်းသာရှိနေ ပါသေးသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် တင်ပြလိုက်ရပါသည်။

No comments:

Post a Comment