Tuesday, February 24, 2015

လောက်ကိုင်မှ နေရပ်ပြန်များနှင့် ပရဟိတစိတ်



မန္တလေးမြို့၏ ဆောင်းဟေမာန် အအေးဓာတ်တို့ လျော့နည်းစပြုလာသည့် ဖေဖော်ဝါရီ ၁၃ ရက် ညနေခင်းတွင် ချမ်းမြရွှေပြည် အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်းသို့ ဖုန်မှုန့် အလူးလူးနှင့် ၁၂ဘီးကား သုံးစီးဝင်လာသည်။

လောက်ကိုင်ဒေသမှတိုက်ပွဲရှောင် နေရပ်ပြန်သူများ တင်ဆောင်လာ၍ ကားပေါ်တွင် အမျိုးသား အမျိုးသမီး အသက်အရွယ် မျိုးစုံနှင့် ကလေးငယ်များ တွေ့ရပြီး နွမ်းလျနေသော သူတို့ မျက်နှာသည် ကားကွင်းထဲ ရောက်သည်နှင့် နွေးထွေးသော ကြိုဆိုမှု များကြောင့် ကြည်လင်ရွှင်ပျနေကြသည်။
အနယ်နယ်အရပ်ရပ်မှ ထိုသူတို့သည် တိုက်ပွဲဖြစ်ပွားသည့် လောက်ကိုင်ဒေသသို့ သွားရောက်ကာ ကြံခုတ်ခြင်း၊ လက်ဖက်ခူးခြင်း၊ ပန်းရန်၊ လက်သမားအလုပ်များဖြင့် ဝင်ငွေရှာသူ များဖြစ်ကာ နယ်မြေအေးချမ်းမှု ပျက်ယွင်းလာ ချိန်တွင် နေရပ် သို့ ပြန်လာခြင်းဖြစ်သည်။ လောက်ကိုင်မှ လားရှိုးမြို့ မန်ဆူကျောင်းတွင် နားခိုကာ ဒေသဆိုင်ရာတို့ စီစဉ်ပေးမှုဖြင့် မန္တလေးသို့ ယာဉ်ကြီး ယာဉ်ငယ်အသွယ်သွယ်နှင့် ရောက်ရှိ လာကြသည်။
''ကားဝင်လာပြီ။ ကားပေါ်က ဆင်းဖို့လွယ်အောင် ခုံတန်းလျားယူခဲ့ဟေ့။ ပစ္စည်းတွေကူချပေးပါ။ ပြီးရင် အလယ်ဆောင်ထဲမှာ သူ့မြို့နဲ့သူ အုပ်စုလိုက်နေရာပေးထားပါ။ ထမင်းလည်း ဆာနေလောက်ပြီ၊ ထမင်းကျွေးမယ့်အဖွဲ့က စားပွဲတွေပြင်ထားပါ''ဟု မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက စီမံနေသည်။
ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဝန်ထမ်းများက နေရပ်သို့ ပို့ပေးနိုင်ရေးအတွက် မော်တော်ယာဉ်များ အသင့်စီစဉ်ထား၍ အခမဲ့ပို့ဆောင် ပေးနေခြင်းကြောင့် စိတ်အေးရပြီ ဟူသော မျက်နှာများနှင့် နေရပ်ပြန် ပြည်သူများမှာ ကားပေါ်မှ ဆင်းလာ သည်။ ရဲတပ်ဖွဲ့ဝင်များ၊ ကားကွင်း အငှားယာဉ်မောင်းများ၊ လူမှုရေး အသင်းများက ကလေးငယ်နှင့် အသက်ကြီးသူများကို ကားပေါ်မှ ကူညီချပေးပြီး ထမင်းပွဲရှိရာသို့ ခေါ်ဆောင်ကျွေးမွေးသည်။ ခေတ္တ နားခိုစေပြီးလျှင် နေရပ်များသို့ ပို့ဆောင်ပေးသည်။
အဆိုပါ လုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ခရိုင်နှင့် ပြည်ကြီးတံခွန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ရပ်နား စခန်းအုပ်ချုပ်ရေးမှုးနှင့် စည်ပင် သာယာဝန်ထမ်းများ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီ၊ ကျန်းမာရေးဌာန၊ ကြက် ခြေနီတပ်ဖွဲ့၊ လူမှုရေး အသင်းများ၊ ကားကွင်းအမှီပြုသူများ၊ ကုသိုလ်ရှင်များက ကဏ္ဍအလိုက် ပရဟိတ စိတ်ဓာတ်ဖြင့် လူသားချင်းစာနာ ထောက်ထား ကူညီကြ သည်မှာ အားရ ဖွယ်ကောင်းလှသည်။
''လောက်ကိုင်မှာ နှစ်တိုင်းသွားပြီး နှစ်လလောက်ကြံခုတ် တယ်။မိသားစုလိုက်သွားကြတာ။ လုပ်ငန်း မလုပ်ရသေးခင်မှာပဲ တိုက်ပွဲဖြစ်တော့ ပြန်လာရတယ်။ ပါတဲ့ငွေနဲ့က ရွာအထိ ပြန်လို့ မလောက်ဘူး။ လားရှိုးအထိ အုပ်စုလိုက် ကားငှားလာတာ။
တချို့ ခြေကျင်ပြန်ရသူတွေလည်းရှိတယ်။လားရှိုး ရှမ်းကျောင်းဆရာတော်နဲ့ တာဝန်ရှိသူတွေက မန္တလေးရောက်အောင် ကားတွေ စီစဉ်ပေးတယ်''ဟု အောင်လံမြို့နယ်မှ ကိုမင်းစိုးက ပြောသည်။
တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနမှ စီမံဆောင်ရွက်ကာ ဧည့်ခံကျွေးမွေး ခြင်း၊ နေရပ်သို့ အမြန်ဆုံးပြန်နိုင်ရေး အတွက် ယာဉ်ရထားခရီးစဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ နေ့/ည လုပ်ဆောင်ပေးသည်။ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကဆေးဝါး ကုသပေးခြင်း၊ လူမှုကူညီရေး အသင်းများကလည်း အသင်းပိုင်ကားများဖြင့် ကူညီပို့ဆောင်ပေးခြင်းတို့ဖြင့် တက်ညီလက်ညီ လုပ်ဆောင်နေ ကြောင်း တွေ့ရ သည်။ ''ကားအစီးရေ တိုးတိုးရောက်လာတော့ နေရပ်ပြန် တွေကများလာပြီး တစ်ရက်ကို ရှစ်ရာ၊ တစ်ထောင်လောက်ပဲ။ လူမှုရေး အသင်းနဲ့ စေတနာရှင်တွေကလည်း ထမင်းဘူး၊ ရေသန့်ဘူးနဲ့ မုန့်တွေကို လှူကြတယ်။ ရထားနဲ့လည်း စီစဉ်ပေးရတယ်။ ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန(ရုံးချုပ်)ညွှန်ကြားရေးမှူးချုပ်ရဲ့ ကွပ်ကဲမှုနဲ့ တိုင်းဒေသကြီး ပို့/ဆက် ရုံးဝန်ထမ်း ထက်ဝက်ကျော်ကို တိုင်းဦးစီးမှူးကိုယ်တိုင်ဦးဆောင်ပြီး ကားကွင်းထဲမှာ နေ့/ညရောက်ရှိ လာတဲ့ နေရပ်ပြန်တွေအတွက် အစစအရာရာ စီစဉ်ပေးနေ တယ်'' ဟု ပို့/ဆက် ဌာန(မန္တလေး)မှ ဒုဦးစီးမှူး ဦးအေးထွန်း ကပြောသည်။
စတင်ရောက်ရှိလာသည်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းကဖြစ်၍ ဖေဖော်ဝါရီ ၁၈ရက်အထိ နေရပ် ပြန်ပြည်သူပေါင်း ၄၈၄၃ ဦးကို ရထား ငါးတွဲနှင့် ကားအစီးရေ ၂ဝ၆ စီးဖြင့် ခရီးတစ်လျှောက် အဆင်ပြေချောမွေ့အောင် ပို့ဆောင်ပေးခဲ့၍ ထပ်မံ ရောက်ရှိလာသူများအား ပို့ဆောင်ပေးရန် အဆင်သင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို မြင်တွေ့ ခဲ့ရသည်။
နေရပ်ပြန် ပြည်သူများအား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနနှင့် မြန်မာ့မီးရထား (မန္တလေး)တို့က မန္တလေးသို့ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူများကို ဌာနေ အရောက် အခမဲ့ပို့ဆောင်ပေးခြင်း ဖြစ်ပြီး အခြားအဖွဲ့အစည်းများ၏ အင်အားဖြင့် အပြည့်အဝထောက်ပံ့ ကူညီမှုများ အရှိန်မြှင့်လုပ်ဆောင်နေ လေသည်။
''ရန်ကုန်၊ ပုသိမ်ဘက်ပြန်ရမယ့် သူတွေပါလာတော့ ဖေဖော်ဝါရီ ၁၅ ရက် ညမှာ ၄ဝ၉ ဦးကို မန္တလေးဘူတာ ကြီးသို့ ပို့ပေးပြီး နောက်ရက် နံနက် ၆ နာရီ ရန်ကုန်ရထားမှာ သီးသန့်တွဲ ငါးတွဲစီစဉ်ပြီး တင်ပေးလိုက်တယ်။
လမ်းဘူတာဆင်းသူတွေပါတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ချိတ်ဆက်ပြီး ဌာနေ အရောက် ပို့ပေးဖို့၊ ကျွေးမွေးဖို့ စီစဉ်ခဲ့တယ်'' ဟု တိုင်း ဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
မြန်မာ့မီးရထား မန္တလေးဘူတာ ကြီးမှ တိုင်းတာဝန်ခံနှင့် တာဝန်ရှိသူတို့က ရန်ကုန်သို့ထွက်ခွာမည့် အမှတ် ၁၂-အစုန်ရထားတွင် တွဲငါးတွဲကို ညတွင်းချင်း စီစဉ်ပေးခဲ့သည့်အပြင် နံနက်စာခေါက်ဆွဲများနှင့် နေ့လယ်စာအတွက် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် နေပြည်တော်ဘူတာတွင် ထမင်းဘူးများ အသင့်ဖြစ်အောင် စီစဉ်ပေးခဲ့သည်။
မန္တလေးဘူတာကြီးမှ ထွက်ခွာသည့် ရထားပေါ်မှနေရပ်ပြန်ပြည်သူ တစ်ဦးက ''ကျွန်တော်တို့ဆီ လာခဲ့ကြပါဦး။ ပြန်ပြီး ကူညီချင်တယ်။ကျေးဇူးဆပ်ချင်လို့ပါ'' ဟူ၍ ရင်တွင်း ခံစားချက်ကို အသံကျယ်ကျယ်ဖြင့် ဖွင့်ဟပြောဆိုကာ ပို့ဆောင်သူများ အား နှုတ်ဆက် လက်ပြသွားခဲ့သည်။
နေရပ်ပြန် ပြည်သူများမှာ ရန်ကုန်၊ ပုသိမ်၊ ညောင်လေးပင်၊ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပြည်၊ အောင်လံ၊ သရက်၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ ရေစကြို၊ လွိုင်ကော်၊ တောင်ကြီး၊ စစ်တွေ၊ မင်းပြား၊ တောင်ကုတ် စသည့် အနယ်နယ်အရပ်ရပ်မှ လောက်ကိုင်ဒေသဘက်သို့ သွားရောက်ပြီး ဝင်ငွေရှာလုပ်ကိုင်ကြသူ များ ဖြစ်သည်။
နေရပ်ပြန်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းများ၊ စေတနာရှင်များ၊ ချမ်းမြရွှေပြည်ကားကွင်းမှ ကုသိုလ်ရှင်များ တူညီလက်တွဲ၍ နေရပ်ပြန်ပြည်သူများအား လိုလေ သေးမရှိ ထောက်ပံ့ ကူညီကြခြင်းသည် ပရဟိတစိတ်ဓာတ် ကို ဖော်ကျူးသည့် မြင်ကွင်း တစ်ခုဖြစ်ပါသည်။

No comments:

Post a Comment