Monday, August 4, 2014

မြန်မာ- ဂျပန်အသင်း ပညာရည် ထူးချွန်ဆု ရရှိသူများ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်

ရန်ကုန် ဩဂုတ် ၃
မြန်မာ- ဂျပန်အသင်း (MJA)က ဦးစီး၍ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအနက် (၂၀)အား ရွေးချယ်ပြီးဖြစ်၍ "မြန်မာ- ဂျပန်အသင်း ပညာရည် ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေးခရီး အစီအစဉ် ၂၀၁၄" အဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလဆန်းတွင် ဂျပန်နိုင်ငံသို့ (၇)ညအိပ် (၈)ရက် လေ့လာရေးအား စေလွှတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုအစီအစဉ်အတွက် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် သတ်မှတ်ထားသည့် အဆင့်ဝင်သူ သိပ္ပံဘာသာတွဲမှ (၈၀)နှင့် ဝိဇ္ဇာဘာသာတွဲမှ (၂၁)ဦး ပေါင်း (၁၀၁)ဦးထံ အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ (၉၉)ဦးထံမှ အဆိုပြုလွှာများ လက်ခံရရှိခဲ့ကြောင်း၊ ထိုသူများအနက်မှ အသင်းက ချမှတ်ထားသော ထူးချွန် ကျောင်းသားများ ရွေးချယ်ရေး အခြေခံမူများနှင့်အညီ စိစစ်ပြီး သိပ္ပံဘာသာတွဲမှ (၄၀)၊ ဝိဇ္ဇာ ဘာသာတွဲမှ (၁၂)ဦး ပေါင်း (၅၂)ဦးအား လူတွေ့ စစ်ဆေးရန် ခေါ်ယူ၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး တို့တွင် လူတွေ့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူတွေ့ စစ်ဆေးပြီးနောက် အသင်း၏ ထူးချွန် ကျောင်းသားများ ရွေးချယ်ရေး ကော်မတီသည် သိပ္ပံ ဘာသာတွဲမှ မောင်ရန်အောင်ဖြိုး (ထ-၃ ၊ မြစ်ကြီးနား)၊ မခင်ပြည့်စုံထွန်း (ထ-၁ လွိုင်ကော်)၊ မယွန်းရွှေလွှာ (ထ-၁ ဘားအံ)၊ မဘွေနှဲမ်းဆုန် (ထ-၃ ဟားခါး)၊ မဝတ်ရည်နန္ဒာ (ထ-၈ မော်လမြိုင်)၊ မစိုးစန္ဒီ (ထ-၂ စစ်တွေ)၊ မောင်ကောင်းထက်သူကျော် (ထ-၄ တောင်ကြီး)၊ မစိုးစန္ဒီသိန်း (ကပက၊ မြပန်းသဇင်၊ ရေဦး)၊ မောင်ဆန်နီအေးဝင်း (ထ-၁ မြိတ်)၊ မခန့်ဆွေထက် (ထ-၁ ပြည်)၊ မသွယ်သွယ်စိုး (အထက၊ ဆိပ်ဖြူ)၊ မောင်လင်းထက်အောင် (အထကတွဲ၊ စလေ(ဘက) ချမ်းမြသာစည်)၊ မသီရိထက်နိုင် (အထက လေ့ကျင့်ရေး၊ ကမာရွတ်)၊ မောင်စိုးပြည့်မောင် (ထ-၂ ပုသိမ်)၊ မောင်သီဟထက်နိုင် (ထ-၁ နေပြည်တော်၊ ဇေယျာသီရိ) တို့ကို လည်းကောင်း၊ ဝိဇ္ဇာ ဘာသာတွဲမှ မတင့်တင့်လှိုင် (အထကခွဲ ရွှေကျောင်း၊ ဇလွန်)၊ မစုမြတ်သူ (အထကခွဲ သပြေချောင်း၊ ညောင်တုန်း)၊ မသင်းသင်းခိုင် (အထက လုံးတုံ၊ နမ့်မွန်း၊ မိုးညှင်း)၊ မအေးချမ်းမေ (အထက မော်လူး၊ အင်းတော်)၊ မဇင်မိုးထက် (အထက ရွာတော်၊ အောင်လံ) တို့ကို လည်းကောင်း အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment