၂၀၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်သည့်
ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် ကြေညာသည့် နှစ် (၆၀)ပြည့် အခါသမယတွင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့
ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
အဆွေတော် မစ္စတာ ရှီကျင့်ဖျင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ
ပေကျင်း
မြန်မာ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများ
အကြား ပူးတွဲ ကြေညာခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ် နှစ်(၆၀)
ပြည့် အခါသမယတွင် အဆွေတော် သမ္မတကြီးအား လှိုက်လှဲ ဝမ်းမြောက်စွာ ဂုဏ်ပြု ဆုမွန်ကောင်း
ပို့သအပ်ပါသည်။
ယခုကဲ့သို့ လွန်စွာ အရေးပါသည့် အထိမ်းအမှတ်
အခမ်းအနားမှ တစ်ဆင့် မိမိတို့ သုံးနိုင်ငံကြား အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
တစ်စထက်တစ်စ တိုးပွားလာမည်ဟု ကျွန်တော့် အနေဖြင့် အပြည့်အဝ ယုံကြည်ပါသည်။ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်မှာ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုကို
အခြားတစ်နိုင်ငံက အပြန်အလှန် လေးစားလိုက်နာရေး၊ နိုင်ငံအချင်းချင်း အပြန်အလှန် မကျူးကျော်ရေး၊
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံ တစ်နိုင်ငံမှ ဝင်ရောက် စွက်ဖက်ခြင်း
မပြုရေး၊ သာတူညီမျှရှိခြင်း၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုး ဖြစ်ထွန်းရေးနှင့် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲ နေထိုင်ရေး စသည့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းများ ထင်ဟပ်နေတဲ့ အတွက်
ဒေသတွင်း သာမက ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာ ၀ပြောရေးတို့ အတွက်
အဆိုပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် အဓွန့်ရှည် တည်တံ့စေရန်
မိမိတို့အနေဖြင့် အတူတကွ ကြိုးပမ်း အားထုတ် သွားကြရမည် ဖြစ်ပါသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး
မူကြီး(၅)ရပ်သည် အာရှနိုင်ငံများနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ၏ လွတ်လပ်ရေး ရရှိရန်
ကြိုးပမ်း အားထုတ်မှုများနှင့် ကုလသမဂ္ဂ ပဋိညာဉ်ပါ အခြေခံမူများနှင့် ရည်ရွယ်ချက်များ၊
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်း ဦးတည်ချက်နှင့် လူသား အားလုံး၏
ဘုံအကျိုးစီးပွားကို ထင်ဟပ်လျက် ရှိပါသည်။ အဆိုပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး
မူကြီး(၅)ရပ်မှာ နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း နိုင်ငံတကာ အလှည့်အပြောင်းများနှင့်
ရင်ဆိုင်ခဲ့ရသော်လည်း နိုင်ငံ အချင်းချင်း ဆက်ဆံရေးတွင် အခြေခံစံနှုန်းများ အဖြစ် နိုင်ငံတကာ
အသိုက်အဝန်းမှ ကျယ်ပြန့်စွာ လက်ခံ ကျင့်သုံးလျက် ရှိသကဲ့သို့ လူ့ဘောင်လောက ငြိမ်းချမ်းရေးနှင့်
ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ အဓိက ပါဝင် အားဖြည့်ပေးလျက်
ရှိပါသည်။
အင်အားကြီး နိုင်ငံ အများအပြား အပြိုင်အဆိုင်
ပေါ်ပေါက်လာသည့် ဗဟုမဏ္ဍိုင်ပြု ကမ္ဘာကြီးတွင် စီးပွားရေးဆိုင်ရာ ကမ္ဘာတစ်ဝန်း ဆက်စပ် ဖြစ်ပေါ်လာမှုကြောင့်
နိုင်ငံများအနေဖြင့် အချင်းချင်း အပြန်အလှန် ဆက်နွှယ် အမှီသဟဲပြု၍ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး
တိုးတက်ရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပူးပေါင်း ဆောင်ရွက်မှုများကို အလေးပေး
လုပ်ဆောင်လျက်ရှိကြပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း
နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို
အခြေခံသည့် ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံကြား ကာလရှည်ကြာစွာ
တည်ရှိခဲ့သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည်
ကဏ္ဍသစ် တစ်ရပ်သို့ အဆင့် တိုးမြှင့်နိုင်မည်ဟု ခိုင်မြဲစွာ ယုံကြည်မိပါသည်။
အဆွေတော် ကျန်းမာ ရွှင်လန်းစွာဖြင့် အောင်မြင်မှုများ
ရရှိပါစေကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆက်လက် သာယာ ၀ပြောပြီး ဖွံ့ဖြိုး တိုးတက်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
သိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment