နေပြည်တော်
ဧပြီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးဒေသ၊ တိုင်းရင်းသား
ယဉ်ကျေးမှု အဖွဲ့ (၈) ဖွဲ့မှ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၁
နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့
တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားရာ၌
ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲတွင်
အကြီးဆုံး ပြည်နယ်ဖြစ်ကာ တိုင်းရင်းသာ လူမျိုးစု အများဆုံးနေသည့် ပြည်နယ်လည်း ဖြစ်ကြောင်း။
နိုင်ငံအတွင်း
တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသကြီး (၆) ခုရှိသည့် အနက် (၅) ခုရှိသည့်
ပြည်နယ်လည်း ဖြစ်ပါကြောင်း၊ ပြည်နယ် လွှတ်တော်တွင်လည်း တိုင်းရင်းသားရေးရာဝန်ကြီး (၇)
ဦးအထိ ရှိသည့် ပြည်နယ်ဖြစ်သည့် အတွက်လည်း ထူးခြားသော ဝိသေသရှိသည့် ပြည်နယ်ဟုလည်း
ပြောနိုင်ပါကြောင်း။
သို့သော်
တိုင်းရင်းသားလူမျိုးစု အများဆုံးနေသည့် ပြည်နယ်ဖြစ်သည့်အတွက် လူမျိုးစုများ သော်ငြား
လူမျိုးစု အချင်းချင်း၊ အေးအတူပူအမျှ ညီရင်းအစ်ကိုကဲ့သို့ ရိုင်းပင်း ကူညီကြမည် ဆိုပါက
လူမျိုးစုများနေခြင်းသည် အခက်အခဲတစ်ခု၊ စိန်ခေါ်မှု တစ်ရပ် မဟုတ်တော့ဘဲ တောင့်တင်းသည့်
အင်အားစု တစ်ရပ်အဖြစ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း။
ကမ္ဘာတွင်
လူမျိုးရေးကိုသာ ဦးစားပေးသည့် နိုင်ငံသည် အမြဲလိုလို ပဋိပက္ခဖြစ်ကာ ဆင်းရဲ နေတတ်ပါကြောင်း၊
လူတစ်ဦးချင်းစီ၊ တစ်ဖွဲ့ချင်းစီ၏ အရည်အချင်း၊ အရည်အသွေးကို ဦးစားပေးသည့် စနစ်မျိုးကသာ
မှန်ကန်သော ပြိုင်ဆိုင်မှုဖြစ်ပြီး၊ ဖွံ့ဖြိုး တိုးတက် ချမ်းသာသည့် လမ်းကြောင်းပေါ်
ရောက်မှာဖြစ်ပါကြောင်း။
အလားတူ
မိမိနှင့် သက်ဆိုင်သည့် စာပေ၊ ယဉ်ကျေးမှု၊ လူမှုစီးပွား တိုးတက်စေရန် မိမိတို့ တစ်ဖွဲ့ချင်းစီ၏
တိုးတက်မှုအတွက် တစ်ဖွဲ့ချင်း ကြိုးစားရန် လိုအပ်သကဲ့သို့ အဖွဲ့ အချင်းချင်းလည်း စည်းစည်းလုံးလုံး
ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
ယင်းနောက်
တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များက ဒုတိယသမ္မတအား အဖွဲ့လိုက် တစ်ဖွဲ့ချင်းစီ ဂါရဝပြုကြသည်။
ထို့နောက်
ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့က တိုင်းရင်းသား
ယဉ်ကျေးမှု လူငယ်များအား ဆုများ ချီးမြှင့်ပြီး တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင် တစ်ဦးဖြစ်သူ
ရှမ်းတိုင်းရင်းသူ မနန်းအွန်ခမ်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက်
ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များနှင့်အတူ
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဒုတိယသမ္မတက တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုနေ့လည်စာဖြင့်
တည်ခင်းဧည့်ခံသည်။
No comments:
Post a Comment