Thursday, November 12, 2026

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်အမှာစကားပြောကြား


နေပြည်တော် နိုဝင်ဘာ ၁၂

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women - NSPAW) (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ရှိ ကုမုဒြာခန်းမ၌ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသမီးအသင်းအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် အမျိုးသမီးရေးရာဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းကျင်းပသည့် ပထမဆုံး ဦးဆောင်ကော်မတီအစည်းအဝေးဖြစ်ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းကို အားလုံးက ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်နိုင်ရန်အတွက် အရေးပါသည့် အစပြုခြင်းတစ်ရပ်ဖြစ်ကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းကော်မတီအသီးသီး၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဦးစားပေးအစီအစဉ်များနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်းပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားကြရန်ဖြစ်ကြောင်း။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းသည် အမျိုးသမီးများ၏ အခွင့်အရေး၊ အခွင့်အလမ်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကဏ္ဍစုံမှ စနစ်တကျမြှင့်တင်နိုင်ရန်ရည်ရွယ်ထားသည့် အရေးပါသောမူဝါဒနှင့် လုပ်ငန်းလမ်းညွှန်တစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများအတွက် တန်းတူအခွင့်အလမ်းရရှိရေး၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်ရေး၊ ဘေးကင်းလုံခြုံရေး၊ အရည်အသွေးရှိသည့်ဝန်ဆောင်မှုများ လက်လှမ်းမီရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးတို့ကိုအခြေခံပြီး ဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ပြင် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအချက် ၅ ချက်ကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ပထမအချက်အနေဖြင့် လုပ်ငန်းနယ်ပယ် ၁၂ ရပ်အတွက် တာဝန်ခံဌာနများနှင့်ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအကြား လုပ်ငန်းညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အမျိုးသမီးများ၏ လက်တွေ့လိုအပ်ချက်များကိုအခြေခံပြီး မြို့ပြ၊ ကျေးလက်နှင့် ဒေသအလိုက် ဦးစားပေး လုပ်ငန်းများကို သတ်မှတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို ရလဒ်ရရှိရေးအပေါ်အခြေခံပြီး စနစ်တကျ ချိတ်ဆက်အသုံးချကြရန်ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မိမိတို့၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်သူများအဖြစ် အသိအမှတ်ပြုပြီး တက်ကြွစွာပါဝင်လာနိုင်ရေး အားပေးမြှင့်တင်ကြရန်ဖြစ်ကြောင်း၊ ပဉ္စမအချက်အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ပုံမှန်စောင့်ကြည့်အကဲဖြတ်ပြီး တွေ့ရှိချက်များအပေါ်မူတည်ကာ လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးမှတစ်ဆင့် မဟာဗျူဟာစီမံကိန်း၏ရည်မှန်းချက်များကို လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲနိုင်ရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘဝအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာရေးနှင့် ၎င်းတို့၏ အသိပညာ၊ အတတ်ပညာနှင့် စွမ်းဆောင်ရည်များကို အပြည့်အဝ ဖော်ထုတ်အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့၏အခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြုလုပ်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း - NSPAW (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်ဆောင်ရွက်မှု သုံးသပ်ခြင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်အစည်းအဝေး တက်ရောက်လာကြသူများက ဘဏ္ဍာရေးနှစ်များအလိုက် လုပ်ငန်း နယ်ပယ် (၁၂) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှု၊ အားသာချက်၊ အားနည်းချက်နှင့် အကြံပြုချက်များ၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်နှင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ကော်မတီအတွင်းရေးမှူး အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က ဦးဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြသည်။ 

ဆက်လက်၍ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment