နေပြည်တော် နိုဝင်ဘာ ၇
အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ Tamil Nadu and Pudu Cherry Naval Area ၌ Ex Rahat Mitra အမည်ဖြင့် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလေ့ကျင့်ခန်း (HADR-2026) ၌ မြန်မာ့တပ်မတော်မှ အရာရှိ၊ စစ်သည်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်၍ ပါဝင် လေ့ကျင့်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် လေ့ကျင့်ခန်းတွင် တက်ရောက်ပါဝင်လေ့ကျင့်နိုင်ရန်အတွက် နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံချန်နိုင်းမြို့သို့ ထွက်ခွာခဲ့သည်။
လေ့ကျင့်ခန်းကာလအတွင်း မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Flag Officer Comm-anding Tamil Nadu and Puducherry Naval Area (FOTNA) မှ Rear Admiral Upal Kundu, VSM အား တမီးနာဒူးနှင့် ပူဒူချယ်ရီရေတပ်ဌာနချုပ်၌ ဂါရဝပြုတွေ့ဆုံခြင်း၊ အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)တို့မှ တာဝန်ရှိသူများ၏ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ ရှင်းလင်းမှုတို့ကို လေ့လာခြင်း၊ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍကို ရှင်းလင်းဆွေးနွေးခြင်း၊ ဆိုင်ကလုန်းအခြေပြု စားပွဲတင်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ Adyar ရေတပ် အခြေစိုက်စခန်းကမ်းခြေ၌ ပြုလုပ်သည့် ရေဘေးကယ်ဆယ်ရေးအဖွဲ့ (Flood Relief Column) ပါဝင်သောဖွဲ့စည်းပုံနှင့် ပစ္စည်းများအား သရုပ်ပြသခြင်း၊ ဒရုန်းဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ အင်ဂျင်နီယာလုပ်ငန်းတာဝန်အဖွဲ့ (Engineering Task Force) ၏ ဖွဲ့စည်းပုံနှင့် ပစ္စည်းများအား သရုပ်ပြရှင်းလင်းခြင်း၊ HADR ဆိုင်ရာ ယာယီတံတားဆောက်လုပ်ခြင်းနှင့် အတားအဆီးရှင်းလင်းခြင်းဆိုင်ရာ သရုပ်ပြသမှုများကို လေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ပစ္စည်း(HADR Bricks)များကို ခင်းကျင်းပြသမှုများအား လေ့လာခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့ပြင် သဘာဝဘေးကယ်ဆယ်ရေးတပ်ဖွဲ့သုံးပစ္စည်းများ၊ သဘာဝဘေးဒဏ်ခံရသူများအတွက် နေရာထိုင်ခင်းနှင့် အသုံးအဆောင်ပစ္စည်းများ၊ စုပေါင်းမီးဖိုချောင်သုံး ပစ္စည်းများနှင့် အစားအစာများ၊ ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ Flood Relief Team မှ တစ်ဦးချင်း အသုံးပြုသည့် ပစ္စည်းများ ခင်းကျင်းပြသမှု၊ Advanced Light Utility Helicopter အပေါ်၌ လူနာများတင်ဆောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားရှိမှု၊ အိန္ဒိယတပ်မတော်ဆေးအဖွဲ့၏ Field Hospital / MI Room ဆောင်ရွက်ထားရှိမှု၊ အိန္ဒိယတပ်မတော်ရေတပ်မှ Chetak အမျိုးအစား ရဟတ်ယာဉ်ဖြင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကို Air Drop ချခြင်းအား သရုပ်ပြသမှုများ၊ အိန္ဒိယလေတပ်မှ ALH Helicopter အမျိုးအစားရဟတ်ယာဉ်ဖြင့် ပင်လယ်ပြင်ကမ်းစပ် တစ်လျှောက် ရှာဖွေကယ်ဆယ်ဆောင်ရွက်ခြင်း၊ လူနာကိုလူနာထမ်းစင်ဖြင့် Hoisting Motor အသုံးပြု၍ ရဟတ်ယာဉ်ပေါ်သို့ တင်/ချပြုလုပ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် လူနာပို့ဆောင်ခြင်းစသည့် သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယစစ်ရေယာဉ်ပေါ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် အိန္ဒိယတပ်မတော်လေယာဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment