နေပြည်တော် နိုဝင်ဘာ ၁၉
မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်းခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျချီတက်တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်ရှိ CRPH ၊ NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီအခြေပြုစခန်း ၁၁ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်/ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုစခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏စခန်း ၁၇ ခု တို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၃၇ လက်၊ ကျည်မျိုးစုံ ၈၃၄၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၆၃ ခု၊ ဗုံးသီးမျိုးစုံ ၃၆၃ လုံး၊ မိုင်းမျိုးစုံ ၁၁၃ လုံး၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၁၅၈ ခု၊ 4 x 4 မော်တော်ယာဉ် ၂ စီး၊ ဒေသန္တရလုပ်မော်တော်ယာဉ် ၁ စီး၊ သောင်းကျန်းသူများ၏ ပြောက်ကျားဝတ်စုံများ၊ ကျည်ကာအင်္ကျီ/ဦးထုပ်များ၊ လူနေတဲများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အခြားအသုံးအဆောင်ပစ္စည်း အများအပြားထပ်မံသိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းများ၏ ရဲရဲတက် ရဲရဲတိုက်၊ ရဲရဲချေမှုန်းဟူသည့် ဆောင်ပုဒ်နှင့်အညီ စွန့်လွှတ်စွန့်စားစွာ ဟန်ချက်ညီညီ ချေမှုန်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများက အဆိုပါကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ ယာယီအခြေပြုခိုအောင်းနေထိုင်ရာနေရာများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် နိုဝင်ဘာလ ၃ ရက်မှ ယနေ့ထိ အကြမ်းဖက်သောင်းကျန်းသူများနှင့် စုစုပေါင်း တိုက်ပွဲကြီး/ငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး CRPH ၊ NUG အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနအပါအဝင် KNU ၊ KNLA စခန်း ၂၈ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အကြမ်းဖက်ခေါင်းဆောင် ၂ ဦးအပါအဝင် အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၁၃၄ လက်၊ ကျည်မျိုးစုံ ၁၃၇၁၉ တောင့်၊ မိုင်းမျိုးစုံ၊ ဗုံးသီးအမြောက်အများနှင့် အခြားဆက်စပ်ပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့သည်။
KNU ၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီးနယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း ယာယီအခြေပြုခိုအောင်းနေထိုင်၍ တရားဥပဒေမဲ့ မသမာသောနည်းလမ်းမျိုးစုံမှ ရရှိလာသောအကျိုးအမြတ်များဖြင့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ရန် အသုံးပြုမည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူဖြည့်တင်းပြီး လက်နက်အားကိုးဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက်နေထိုင်ခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသော ကျေးရွာများမှ ရဟန်းသံဃာများ၊ ဒေသခံပြည်သူများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား ဒလန်ခေါင်းစဉ်တပ်ကာဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ကုန်တင်ကားများနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအား မည်သည့်ဒေသတွင်မျှ အခြေချခိုအောင်းနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)









No comments:
Post a Comment