နေပြည်တော် နိုဝင်ဘာ ၁၉
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျရောက်သော ကမ္ဘာ့စွန့်ဦးတီထွင်သူများ ရက်သတ္တပတ်(၂၀၂၆) နှင့် နိုဝင်ဘာ ၁၉ ရက်တွင် ကျရောက်သော အမျိုးသမီးစွန့်ဦးတီထွင်သူများနေ့ (၂၀၂၆)တို့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(MWEA)က “စွန့်ဦးတီထွင်သူများ အောင်မြင်ရှင်သန်ရာနေရာ (သင့်ဖန်တီးမှုကို ကမ္ဘာကြီးက လိုအပ်နေသည်)” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte ဟိုတယ်၌ ကျင်းပသည်။
နိုင်ငံအသီးသီးတွင် စွန့်ဦးတီထွင်မှုဆိုင်ရာ ဆွေးနွေးပွဲများ၊ လေ့ကျင့်သင်ကြားမှုများ၊ စီးပွားရေးချိတ်ဆက်မှုများနှင့် လုပ်ငန်းစတင်မှုဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိရာ ယခုအခမ်းအနားမှ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှု ဂေဟစနစ်ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက Virtual စနစ်ဖြင့် ပါဝင် တက်ရောက်ပြီး အမျိုးသမီးစွန့်ဦးတီထွင်သူများနေ့သည် အမျိုးသမီးများကို စီးပွားရေးလုပ်ငန်းရှင်များအပြင် တီထွင်ဖန်တီးသူများ၊ အလုပ်အကိုင်ဖန်တီးသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လူမှုစီးပွားပြောင်းလဲမှုကို ဦးဆောင်သူများအဖြစ် အသိအမှတ်ပြုမြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ ပညာရေး၊ ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်း တို့ကို မြှင့်တင်ပေးခြင်းသည် နိုင်ငံတော်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များက အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်လုပ်ကိုင်နေသည့် အစားအသောက်ထုတ်လုပ်မှု၊ အထည်အလိပ်၊ လက်မှုထုတ်ကုန်၊ စိုက်ပျိုးရေး ထွက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါကြောင်း ပြောကြားသည်။
ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ၊ အလုပ်အမှု ဆောင်များနှင့် အသင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment