Saturday, November 21, 2026

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


ရန်ကုန် နိုဝင်ဘာ ၂၀ 

လှေလှော်အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား+ အမျိုးသမီး မီတာ (၂၀၀) ၁၀ တက်လှေပြိုင်ပွဲ၊ အမျိုးသားမီတာ (၂၀၀) ၁၀ တက်လှေပြိုင်ပွဲနှင့် အမျိုးသမီးမီတာ (၂၀၀) ၁၀ တက်လှေပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား+ အမျိုး သမီး မီတာ(၂၀၀) ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ၁၀ တက်လှေပြိုင်ပွဲတွင် စံချိန် ၅၂ ဒသမ ၄၇ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၃ ဒသမ ၃၉ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၅၆ ဒသမ ၈၅ စက္ကန့်ဖြင့် ပဲခူးတိုင်းဒေသကြီးအသင်းက တတိယရရှိခဲ့သည်။

အမျိုးသား မီတာ(၂၀၀) ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် ၁၀ တက်လှေပြိုင်ပွဲတွင် စံချိန် ၅၀ ဒသမ ၃၂ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၁ ဒသမ ၇၃ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၅၂ ဒသမ ၆၂ စက္ကန့်ဖြင့် မန္တလေးတိုင်းဒေသကြီးအသင်းက တတိယရရှိခဲ့သည်။

အမျိုးသမီး မီတာ (၂၀၀) ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် ၁၀ တက်လှေပြိုင်ပွဲတွင် စံချိန် ၅၇ ဒသမ ၉၂ စက္ကန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စံချိန် ၅၈ ဒသမ ၇၈ စက္ကန့်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဒုတိယ၊ စံချိန် ၁ မိနစ် ၁ ဒသမ ၉၂ စက္ကန့်ဖြင့် ရှမ်းပြည်နယ်အသင်းက တတိယရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အသင်းများအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ရွှေတံဆိပ်နှစ်ခုစီဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် တစ်ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တံခွန်စိုက်ဒိုင်းဆုများနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လှေလှော်ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အမျိုးသားအသင်း ကိုးသင်း၊ အမျိုးသမီးအသင်း ခုနစ်သင်း စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၄၆ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment