နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၂၆ ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များသည် လှူဒါန်းရန်အတွက် ခင်းကျင်းပြင်ဆင်ထားသည့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရာဇဓာနီသာမဏေကျော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇောဘာသထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတဦးညိုစောနှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်ကြီးထံ လည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာဒိစ္စဝံသထံလည်းကောင်း ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များသည် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဝင်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညနှင့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ပျဉ်းမနားမြို့၊ အုန်းတောကျောင်းတိုက် ဆရာတော်အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတိဿတို့ထံမှ ကထိန်အမေးအဖြေများကို နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ဓမ္မသမိဒ္ဓိကျောင်းဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ယင်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် ၄၈ ပင်၊ တန်ဖိုးငွေကျပ် ၁၀၄၆ သိန်းကျော်နှင့် လှူဒါန်းငွေကျပ်သိန်းပေါင်း ၁၆၇၁ သိန်းကျော်ဖြစ်သဖြင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၇၁၇ သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments:
Post a Comment