Sunday, November 1, 2026

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် နိုင်ဝင်ဘာ ၁

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာအပြီးတိုင် လုံးဝပပျောက်သွားစေရေး ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။









ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၆ ထပ်အဆောက်အအုံ ၁ လုံးအား ယနေ့အထိ ၆၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၆ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၄ လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၅၅ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အလေးထားနှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။ 

(၁ဝဝ)

No comments:

Post a Comment