Friday, November 20, 2026

အဝေရာရာမရန်ကင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသ မဟာထေရ်၏ သက်တော်(၈၀)ပြည့်မွေးနေ့ (ပတ္တမြားရတု)အထိမ်းအမှတ်ကုသိုလ်တော်ပွဲ အခမ်းအနားကျင်းပ

 

မန္တလေး နိုဝင်ဘာ ၁၉

ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက(တွဲဖက်ရွှေကျင်သာသနာပိုင်)၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထ ဝါစက ပဏ္ဍိတ အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တဩဒါတ သိရီဘိဝံသမဟာထေရ်၏ သက်တော်(၈၀)ပြည့်မွေးနေ့ (ပတ္တမြားရတု) အထိမ်းအမှတ် ကုသိုလ်တော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အဝေရာရာမရန်ကင်းကျောင်းတိုက်ရှိ မဟာအတုလဂုဏ်ရည် မန်းရွှေလီကျောင်းတော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊တပည့် သာဝက၊ ဒါယကာ၊ ဒါယိကာမများ၊ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ ဝတ်အသင်းများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ ဧည့်ပရိသတ်အပေါင်းက သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဝိဇ္ဇာလင်္ကာရ ဆရာတော် ဘဒ္ဒန္တကောသလ္လတို့ထံမှ ဩဝါဒကထာနှင့် အဝေရာရာမရန်ကင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဩဒါတသိရီဘိဝံသထံမှ သာရဏီယ ဩဝါဒကထာများကို နာယူကြည်ညိုကြသည်။

ယင်းနောက် အဝေရာရာမရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသ မဟာထေရ်၏ သက်တော်(၈၀) ပြည့်မွေးနေ့ (ပတ္တမြားရတု) အထိမ်းအမှတ် ကုသိုလ်တော်ပွဲနှင့် ကျောင်းတိုက် သာသနာပြု(၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ကုသိုလ်ပွဲနှင့် စပ်လျဉ်း၍ သာသနာပြုဥပတ္ထမ္ဘကအဖွဲ့၏ လျှောက်ထားလွှာကို အဝေရာရာမ ကျောင်းတိုက် နာယက စာချသာသနဓဇဓမ္မာ စရိယ၊ ဘီ-အေအရှင်သက္ကာ စာရက လျှောက်ထားသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၍ ပတ္တမြားရတု ကျင်းပပူဇော်ရေးအဖွဲ့မှ တာဝန်ရှိသူထံ နဝကမ္မ အလှူတော်ငွေများကို လှူဒါန်းကြသည်။

ဆက်လက်၍ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ အနုမောဒနာ ဩဝါဒကထာကို နာယူကြည်ညိုကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment