Monday, November 9, 2026

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ငါးမျိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့

 


ရန်ကုန် နိုဝင်ဘာ ၈

နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုနေသည့် ရေထွက်ကုန် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ငါးမျိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မွေးမြူရေးကဏ္ဍတွင် ငါးမွေးမြူရေးလုပ်ငန်းမှ ၂ ဒသမ ၀၃၂ သန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းမှ ၄၈ ဒသမ ၀၀၃ သန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ၁ ဒသမ ၆၈၉ သန်း၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၄၂၄ သန်းနှင့် ရေမှော်မွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၀၄၅ သန်းဖြင့် စုစုပေါင်း ကုန်တန်ချိန် ၁၂၂၆၇ ဒသမ ၃၆၈ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

“တနင်္သာရီတိုင်းဒေသကြီးမှာ ၈၉ ရာခိုင်နှုန်းကျော်ဟာ ရေလုပ်ငန်းလုပ်ကိုင်တာကြောင့် ကုန်ကြမ်းတင်ပို့မှုကနေ ကုန်ချောထုတ်လုပ်နိုင်ရင် နိုင်ငံခြားငွေပိုပြီး ရရှိစေမှာပါ။ ပြီးတော့ ငါး၊ ပုစွန်အရှင်ကို လေကြောင်းနဲ့ တင်ပို့နိုင်ရင်လည်း နိုင်ငံခြားငွေတိုးမြှင့်ရရှိစေမှာပါ။ ဝမ်းသာစရာက နိုင်ငံတော်သမ္မတကြီးက မြိတ်လေဆိပ်ကို တိုးချဲ့တည်ဆောက်ဖို့ လမ်းညွှန်ခဲ့တဲ့အတွက် တည်ဆောက်နေတာကြောင့် ပြည်ပကို ငါး၊ ပုစွန်အရှင် တင်ပို့နိုင်ပြီဆိုရင် သိသိသာသာ နိုင်ငံခြားငွေ တိုးမြှင့်ရရှိလာမှာပါ။ ရေလုပ်သားနဲ့လုပ်ငန်းရှင်တွေလည်း ဝင်ငွေကောင်းလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးကို အထူးပဲကျေးဇူးတင်နေကြပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးကပြောသည်။

ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့် မြိတ်ကျွန်းစုနှင့် တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းဝေးကမ်းနီးတို့တွင် ရေထွက်ကုန်များကို ဖမ်းဆီးကြသည့်အပြင် ငါး/ ပုစွန်နှင့် ဈေးကွက်ရ ပြည်ပပို့ကုန် ရေထွက်ပစ္စည်းများကိုလည်း နှစ်စဉ်မွေးမြူထုတ်လုပ်လျက်ရှိကာ ပြည်ပပို့ကုန်ပုစွန်ကို ယခုနှစ်တွင် တိုးမြှင့်မွေးမြူလျက်ရှိသည်။

နှစ်စဉ် ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိနေသည့် မြိတ်ကျွန်းစုသည် ရေချို ရေငန် သဘာဝသယံဇာတများစွာ ပေါများသည့်ဒေသဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံခြားငွေရရှိမှုကို အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံသည် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း တစ်သောင်း ကျော်ရရှိခဲ့ပြီး မြစ်ချောင်းအင်းအိုင်နှင့် ငါးဖမ်းကွက်များစွာရှိသည့် မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေးနှင့် ဖမ်းဆီးရေးကဏ္ဍတို့တွင် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိရန် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲဆောင်ရွက်မှုနှင့်အတူ တိုက်ရိုက်တင်ပို့နိုင်မည့် ပို့ဆောင်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်လာခြင်းသည် ရေထွက်ကုန်တင်ပို့မှု ဈေးကွက်သစ်ပွင့်လန်းမှုကို အထောက်အပံ့ဖြစ်စေလျက်ရှိ၍ နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိလာမည့် လင်းရောင်ခြည်များသန်းလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ − ကနူး

No comments:

Post a Comment